ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးနီးပါးကို ညီနောင်သုံးဖွဲ့ ဦးဆောင်သိမ်းပိုက်နိုင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်သည့် ယမန်နေ့ (အောက်တိုဘာ ၂၇ ) တွင် စစ်ကောင်စီလေတပ်က ကိုးကန့်နှင့် တအာင်းတပ် အခြေစိုက်ရာ နယ်မြေများကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံတစ်ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာ ရခဲ့သည်။
ပစ်မှတ်ထားခံရသည့် မြို့များမှာ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်သည့် လောက်ကိုင်နှင့် သိန္နီမြို့၊ တအာင်းတပ် (TNLA) ထိန်းချုပ်သည့် မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့နှင့် နောင်ချိုမြို့တို့ဖြစ်သည်။
အောက်တိုဘာ ၂၇ သို့ ကူးပြောင်းသည့် ညသန်းခေါင် ၁၂ နာရီ ၂၀ မိနစ်ခန့် တွင် လေယာဉ်တစ်စီးက လောက်ကိုင်မြို့ကို သုံးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် လောက်ကိုင်မြို့ပေါ်ရှိ Henry Hotel နှင့် အဆောက်အဦတချို့ ပျက်စီးခဲ့သည်၊ ဗုံးကျသည့်နေရာနီး ရှိနေသည့် မြို့ခံ အမျိုးသား ၅ ဦး ဒဏ်ရာရသည်ဟု ကိုးကန့်တပ် အာဘော်များ ရေးသားသည့် The Kokakng Page က ထုတ်ပြန်ထားသည်။
ထိုနေ့ညတွင်ပင် MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့ပေါ်ရှိ ကချင်ခရစ်ယာန် ဘုရားရှိခိုးကျောင်းတစ်ခု ပျက်စီးခဲ့သည်ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ညဘက်ဆိုတော့ အသံကျယ်တယ်၊ စုစုပေါင်း သုံးကြိမ်လောက်ကြားလိုက်တယ်။ ဘုရားကျောင်းကတော့ တော်တော် ထိသွားတယ်၊ အခြားအိမ်တချို့လည်း ပျက်စီးတယ်။ လူကတော့ ထိတယ် မကြားဘူး” ဟု သူက ဆိုသည်။
သိန္နီမြို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေသခံ ထိခိုက်သေဆုံးသူ မရှိခဲ့ကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။
သိန္နီမြို့ကို လေတပ်က မကြာခဏ ဗုံးကြဲတိုက်ခိုက်လေ့ရှိရာ ဇူလိုင် ၁၈ ရက်ကလည်း ဗုံးကြဲခဲ့စဉ် ဒေသခံ ၁၀ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရကာ မြို့မဈေး မီးလောင်ပျက်စီးသည်။
မကြာသေးခင် အောက်တိုဘာ ၂၅ ရက်နေ့ကလည်း လားရှိုးမြို့ကို တစ်ရက်အတွင်း ၅ ကြိမ် ဗုံးကြဲသလို
သိန္နီမြို့ကိုလည်း ဗုံးကြဲခဲ့ကာ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့သည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ခဲ့ရာ လားရှိုးမြို့ကို ဩဂုတ်လကုန်မှ စ၍ လေတပ်က အကြိမ် ၃၀ နီးပါး ဗုံးကြဲခဲ့သဖြင့် ဒေသခံ ၁၂ ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူ ၅၀ ကျော်အထိ ရှိနေပြီ ဖြစ်သည်။
TNLA ထိန်းချုပ်မြို့များ
ယမန်နေ့ ည ၇ နာရီခန့်တွင် TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့ကို လေယာဉ်တစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ နေအိမ်အဆောက်အဦတချို့ ပျက်စီးခဲ့သလို အမျိုးသားတစ်ဦး သေဆုံး၍ အမျိုးသမီး တစ်ဦး ဒဏ်ရာရခဲ့သည်။
အလားတူ နမ့်ခမ်းမြို့ကိုလည်း ထိုနေ့ နံနက် ၇ နာရီခွဲမှ ၈ နာရီခန့်အထိ ဗုံး သုံးကြိမ်ကြဲချ တိုက်ခိုက်ခဲ့ပြီး ဒေသခံ ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း မြို့ခံများထံက သိရသည်။
အရပ်သားထိခိုက်မှုသတင်း ထွက်မလာသေးကြောင်း နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကျတဲ့နေရာက အစွန်ဘက်ဖြစ်နေတယ်၊ မြေပြင်ပေါ်ပဲဖြစ်နေတော့ ထိခိုက်ပျက်စီးတာ နည်းတယ်ပေါ့။ ပြီးတော့ ဗုံးလည်း အရမ်းမများဘူး၊ ဆိုတော့ ထိခိုက်တာ ဘာညာတော့ သိပ်ပြီးမှ မကြားရဘူး”ဟု အဆိုပါ နမ့်ခမ်းမြို့ခံ အမျိုးသားက ဆိုသည်။
“သူတို့က အရင် ညဘက် ….ကြဲနေကျဆိုတော့ ညက ကြဲမလားဆိုပြီး စိုးရိမ်သေးတယ်”
AA စစ်ဆင်ရေးနယ်မြေ
၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့တွင် ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေ ကို လေတပ်တိုက်ခိုက်မှု အနည်းငယ် ရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်တို့နှင့်ထိစပ်နယ်မြေများရှိပြီး တရုတ်ဖိအားပေးမှု အနည်းငယ်လျော့သော AA နယ်မြေများကို ယင်းမတိုင်မီက လေကြောင်းမှ ဆက်တိုက်ဗုံးကြဲ၍ အရပ်သားဆယ်ချီ သေဆုံးထားသည်။
အောက်တိုဘာ ၂၆ ရက်နေ့ ည ၉ နာရီခန့်က စစ်တွေမြို့နယ်၊ ညိုရောင်ချောင်း(ညိုရောင်)ရွာတွင် တည်ဆောက်ထားသော သဘာဝဘေးအန္တရာယ်ခိုလှုံရေး Cyclone Shelter ကို ဗုံးကြဲခဲ့၍ ထိုအဆောက်အဦ ပျက်စီးခဲ့ကြောင်း ဒေသတွင်း အွန်လိုင်းသတင်းများတွင် ဖော်ပြထားကြသည်။ ထိုနေရာသည် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ထိစပ်လျက်ရှိသည်။
“၁၀၂၇” စစ်ဆင်ရေးသည် ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာ ၁၃ ရက်မှ စတင်ခြင်းဖြစ်ပြီး လက်ရှိတွင် AA က ရခိုင် ၁၀ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားသည်။
လက်ရှိတွင် မောင်တောမြို့နယ်တစ်ခုလုံးရရေး နီးစပ်နေသလို အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုလည်း ထိုးစစ်ဆင်နေသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့ပေါင်းများစွာနှင့် စစ်စခန်းပေါင်း ရာနှင့်ချီဆုံးရှုံးခဲ့သည့် စစ်ကောင်စီတပ် က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့်ဆွေးနွေးပွဲအတွင်း ၎င်းတို့ လက်လွှတ်ရသည့် မြို့များကို ဗုံးကြဲတိုက်ခိုက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။
အလားတူ စစ်ခေါင်းဆောင်က စက်တင်ဘာလဆန်း ရှမ်းပြည်နယ်တောင်ပိုင်းခရီးစဉ်အတွင်း “တပ်မတော် အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ပြီး လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်” ဟု ခြိမ်းခြောက်ပြောဆိုထားသည်။
ညဏ်လင်းသစ် အမည်ရှိ သုတေသနအဖွဲ့အစည်း၏ အချက်အလက်များအရ ၁၀၂၇ စစ်ဆင်ရေး စတင် သည့် ၂၀၂၃ အောက်တိုဘာလမှ ယနေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀၀ ကျော်ရှိခဲ့ပြီး လူပေါင်း ၂၆၀ ကျော်သေဆုံးကာ ၃၀၀ နီးပါး ဒဏ်ရာရခဲ့သည်ဟု သိရသည်။
၂၀၂၃ အောက်တိုဘာ ၂၇ မှ စတင်သည့် “ ၁၀၂၇ စစ်ဆင်ရေး” သည် ဇန်နဝါရီနောက်ပိုင်း တရုတ်၏ ကြားဝင်မှုဖြင့် ရပ်တန့်သွားရာမှ ဇွန် ၂၅ ရက်တွင် ဒုတိယပိုင်းအဖြစ် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ခြင်းဖြစ်သည်။
အဆိုပါစစ်ဆင်ရေးတစ်ခုလုံးအတွင်း TNLA က မြို့ပေါင်း ၁၂ မြို့ ရရှိထားသလို ကိုးကန့်တပ်က ၁၀ မြို့၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ၂ မြို့ ရရှိထားသည်။
ရှမ်းမြောက်တွင် စစ်ကောင်စီလက်အောက်၌ မြန်မာ-တရုတ်နယ်စပ် မူဆယ်နှင့် UWSA နယ်မြေများနှင့် ထိစပ်နေသော မိုင်းရယ်၊ တန့်ယန်းတို့ သာ ကျန်တော့သည်၊ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စခန်းကို မိုင်းရယ်မြို့တွင် အရေးပေါ် ဖွင့်လှစ် အခြေစိုက်ထားရသည်။
“၁၀၂၇” စစ်ဆင်ရေးကြောင့် ရှမ်းမြောက်တွင်သာမက ဒေသအများအပြားတွင် တိုက်ပွဲအရှိန်အဟုန် ပျံ့နှံ့ သွားခဲ့ရာ မန္တလေးတိုင်းအတွင်းထိပါ တိုက်ပွဲများကူးစက်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က စဉ့်ကူး၊ သပိတ်ကျင်း၊ စစ်ကိုင်းတိုင်းအတွင်းမှ ပင်လည်ဘူးမြို့တို့ကိုပါ သိမ်းယူနိုင်ခဲ့သည်။
တရုတ်နိုင်ငံက မြောက်ပိုင်း၃ ဖွဲ့ စစ်ပွဲရပ်ရန် နယ်စပ်ဂိတ်များပိတ်ကာ ဖိအားပေးနေသော်လည်း TNLA ,AA တို့က အပစ် မရပ်သေးပေ။ တရုတ်ကို အခြားတပ်များထက် ပိုမို လိုက်လျောနေရဟန်ရှိသည့် MNDAA သည် စစ်ကောင်စီတပ်နှင့် မူဆယ်မြို့အနီး ရံဖန်ရံခါ ထိတွေ့တိုက်ပွဲတချို့ရှိခဲ့သည်။