(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၂၄
ဗိုလ်ချုပ်သန်းရွှေ သမက်ဖြစ်သူကို ပုဒ်မ ၄ ခုနဲ့အမှုဖွင့်
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ၁၉၉၃ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ မြန်မာနိုင်ငံကို စစ်တပ်အင်အားကို အသုံးပြုပြီး အာဏာရှင်တယောက်အနေနဲ့ အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်သန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို ဗိုလ်ချုပ်သန်းရွှေက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာထူး ခန့်အပ်ခဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရပြီး ရက်အနည်းငယ် အကြာမှာတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က သာမက အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ အီလက်ထရွန်းနစ် အက်ဥပဒေ စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
ဒေါက်တာ နေစိုးမောင်ဟာ စစ်ဘက်ဆရာဝန်၊ ဆေးဘက်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ် အငြိမ်းစား ယူခဲ့သူဖြစ်ပြီး စစ်အာဏာမသိမ်းမီ NLD လက်ထက်ကတည်းက NLD ကို ထောက်ခံတဲ့ ရေးသားမှုတွေ လူမှုကွန်ရက်ဖြစ်တဲ့ Facebook မှာ ရေးသားနေခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတချို့မှာ ပါဝင်ဆန္ဒပြခဲ့တဲ့ ဓာတ်ပုံကို သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဖော်ပြခဲ့သလို နောက်ပိုင်းမှာလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရေးသားမှုတွေ၊ မကြာသေးခင်က ကွယ်လွန်သွားတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် အတွက် ဝမ်းနည်းကြောင်းနဲ့ ချီးမွမ်း ဂုဏ်ပြုတဲ့ ရေးသားမှုတွေ လူမှုကွန်ရက်မှာ ဖော်ပြပြီးနောက် စစ်ကောင်စီက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
၄င်းရဲ့ သားဖြစ်သူ ဖိုးလပြည့်ဟာ နအဖ စစ်အစိုးရရဲ့ ခေါင်းဆောင် ဆယ်စုနှစ် နှစ်ခုနီးပါး စစ်တပ်အာဏာ၊ နိုင်ငံ့အာဏာကို ခြွင်းချက်မရှိ ချုပ်ကိုင် အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်သန်းရွှေရဲ့ အလေးပေးခံရဆုံး မြေးဖြစ်ပြီး နအဖ စစ်အာဏာရှင် လက်ထက်မှာ အာဏာပြတာ၊ ခရိုနီနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီး အသိုင်းအဝိုင်းတွေအကြား လုပ်ချင်တာ လုပ်ခွင့်ရခဲ့တဲ့သူ တဦး ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် စစ်တပ်က ဗိုလ်ချုပ်တွေကို ဘယ်သူတွေကို အရပ်ဘက် ပြောင်း၊ ဘယ်သူတွေက တပ်ဘက်မှာ ချန်ရစ်ခဲ့မယ် ဆိုတဲ့အမိန့်တွေကို အဓိကအားဖြင့် ဗိုလ်ချုပ်သန်းရွှေက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို အပြောင်းအလဲကာလမှာ စစ်တပ်ထဲမှာ တိုက်ရည်ခိုက်ရည်အားဖြင့် သော်လည်းကောင်း၊ ရာထူးအနေအထားအားဖြင့် သာမန်လို အနေအထားရှိတဲ့ ဗိုလ်ချုပ်ကြီး အဆင့်ရှိတဲ့ မင်းအောင်လှိုင်ကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ခန့်အပ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ အပြီး တက်လာတဲ့ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးပါတီ အစိုးရဖွဲ့ချိန်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီကာလတုန်းက ဗိုလ်ချုပ်သန်းရွှေရဲ့ ရွေးချယ်မှုကို အများစုက အံ့အားသင့်ခဲ့ကြသလို တပ်ထဲက ဗိုလ်ချုပ်ကြီးတချို့က မကျေမနပ်ဖြစ်ခဲ့ကြတဲ့ သတင်းတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကာလမတိုင်ခင် သြဂုတ်လ စစ်ဗိုလ်ချုပ်ကြီးတွေ အများအပြားကို စစ်ဘက်တာဝန်က အနားပေးပြီး ကြံ့ခိုင်ရေးပါတီဘက် ပြောင်းရွှေ့ချိန် မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လျာထားခံရသူက ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ဖြစ်ပြီး ၂၀၁၁ ခုနှစ် မတ်လ အစိုးရဖွဲ့ချိန်မှာ မျှော်လင့်မထားဘဲ မင်းအောင်လှိုင်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်တဲ့အပေါ် သူရမြင့်အောင်က မကျေလည်ခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။
ဒီလို အခင်းအကျင်းတွေ ရွေးချယ်တာဝန်ပေးမှုတွေက ဗိုလ်ချုပ်သန်းရွှေက ဆုံးဖြတ်ရွေးချယ်ခဲ့တာ ဖြစ်ပြီး အခုအခါမှာ သူ ရွေးချယ်တာဝန်ပေးခဲ့တဲ့ မင်းအောင်လှိုင်က ၄င်းရဲ့ သမက်ဖြစ်သူကို ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ကာ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်တဲ့ အခြေအနေမျိုး ဖြစ်လာခဲ့တာပါ။ တနည်းအားဖြင့်ပြောရင် ယခင် စစ်အာဏာရှင်ဟောင်း သန်းရွှေ အနေနဲ့ မင်းအောင်လှိုင်အပေါ်မှာ သြဇာမရှိတော့တဲ့ လက္ခဏာကို ထင်ထင်ရှားရှား တွေ့ရတာ ဖြစ်သလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နဲ့ အဲဒီနောက်ပိုင်း ဖြစ်ပျက်မှုတွေအပေါ် အချို့သော စစ်အာဏာရှင် အသိုင်းအဝိုင်းကိုယ်၌က ထောက်ခံခြင်းမရှိတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ လက်ရှိ စစ်အာဏာရှင် မင်းအောင်လှိုင် အနေနဲ့ တပ်ကို ချုပ်ကိုင်ထားနိုင်သေးတဲ့ အချက်ကြောင့်သာ နှုတ်ဆိတ်နေကြပေမယ့် မကျေနပ်မှု၊ သဘောမတူမှုတွေ စစ်ဗိုလ်ချုပ် အသိုင်းအဝိုင်းမှာ ရှိနေတဲ့ သဘောလည်း ဖြစ်ပါတယ်။
ဒီလို နောက်ပေါက် အာဏာရှင်က အရင်အာဏာရှင် အသိုင်းအဝိုင်းက သူတွေကို သံသယနဲ့ စောင့်ကြည့်ပြီး အမြင်မတူ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်ကြတဲ့အခါ အားပြိုင်မှု၊ အာဏာလုမှုတွေ ရှိကြတာ သဘာဝဖြစ်ပြီး ဗိုလ်ချုပ်သန်းရွှေ ကိုယ်တိုင် ၄င်းရဲ့ အရှေ့က အာဏာရှင် ဦးနေဝင်းရဲ့ မိသားစု၊ မြေးဖြစ်သူတွေကို ဖမ်းဆီး တရားစွဲထောင်ချခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပြီးဖြစ်ပါတယ်။
စစ်တပ်ကို ချုပ်ကိုင်ထားပြီး အာဏာတည်ဆောက်ကြတဲ့ အစဥ်အလာက ခေတ်သစ်မြန်မာ့နိုင်ငံရေးမှာ တကျော့ပြီးတကျော့ ဖြစ်ပွားလာတဲ့ သဘောလည်း တွေ့ရပါတယ်။ ၁၉၆၂ ခုနှစ် မတိုင်ခင် ၁၉၅၈ ခုနှစ် အိမ်စောင့် အစိုးရအဖြစ်နဲ့ အာဏာသိမ်းမှုကို တဖက်လှည့်နဲ့ ရှောင်လွှဲခဲ့တဲ့ ဖြစ်ရပ်ကာလကတည်းက စစ်တပ်ရဲ့ ထိပ်ဆုံးအာဏာရှိသူ နေဝင်းက သူ့နဲ့ အမြင်မတူ၊ အကျိုးစီးပွားမတူသူ၊ ရည်မှန်းချက် မတူတဲ့ စစ်ဗိုလ်ချုပ်တွေကို တသုတ်ပြီးတသုတ် စစ်တပ်တာဝန်တွေကနေ ဖယ်ရှားခဲ့ပါတယ်။ အဲဒီအစဥ်အလာလိုပဲ ၁၉၈၈ နောက်ပိုင်း စစ်တပ်မှာ လက်ရှိထိန်းချုပ် အမိန့်ပေးနိုင်သူက နှစ်ကာလအနည်းငယ်အတွင်း အာဏာရှင်ဟောင်း နေဝင်းကို အရေးမစိုက်တော့ဘဲ နေဝင်းရဲ့ ဘဝနောက်ဆုံးနေ့ရက်တွေမှာ အကျယ်ချုပ်နဲ့ နေထိုင်ဇာတ်သိမ်းခဲ့ရတာဖြစ်ပါတယ်။
အခု ဖြစ်ရပ်ကိုကြည့်ရင်လည်း မင်းအောင်လှိုင် အနေနဲ့ ဆန့်ကျင်ပြောဆိုမှုတွေ လုပ်လာရင် စစ်ဗိုလ်ချုပ် အသိုင်းအဝိုင်း၊ အာဏာရှင် အသိုင်းအဝိုင်းကပင် ဖြစ်စေ သူ့ကို ဒီနေရာ ဒီရာထူးရအောင် ရွေးချယ်ပေးအပ်ခဲ့သူ အာဏာရှင်သန်းရွှေကိုပင် အရေးမစိုက်တော့ဘဲ အရေးယူ အပြစ်ပေးမယ့် သတင်းစကားကို အများသိအောင် ပေးတဲ့ သဘောလည်း ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar