မြောက်ပိုင်းမဟာမိတ် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ဦးဆောင်ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ကစတင်ခဲ့သည့် ‘၁၀၂၇ စစ်ဆင်ရေး’ တစ်နှစ်ပြည့်ခဲ့ပြီ။
ထိုစစ်ဆင်ရေး စတင်ချိန်တွင် ‘ကိုးကန့်မျိုးနွယ်စုချင်း လက်စားချေသည့်စစ်ပွဲ’ ဟု စစ်ကောင်စီက ပေါ့ပေါ့တန်တန်တွက်ဆခဲ့သော်လည်း စစ်ပွဲတစ်နှစ်တာအတွင်း ကြီးမားသည့်ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ စစ်တပ်သမိုင်းတလျှောက် အခက်ခဲဆုံးနေ့ရက်များပင် ဖြစ်ကောင်းဖြစ်နိုင်သည်။
မြန်မာစစ်တပ်သည် ၁၉၄၈၊ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံအရှေ့မြောက်ဘက် တရုတ်နယ်စပ်ရှိ လူမျိုးစုလက်နက်ကိုင်တပ်များ၏ ကြိမ်ဖန်များစွာသော ပုန်ကန်ခြားနားမှုများကို ရင်ဆိုင်ခဲ့ရသည်။
သို့သော်လည်း နှစ် ၈၀ နီးပါးအတွင်း တရုတ်နယ်စပ်မှစတင်သည့် မည်သည့်ပုန်ကန်မှုကမှ ‘၁၀၂၇ စစ်ဆင်ရေး’ ကဲ့သို့ ပြည်မမှ စစ်ဗိုလ်ချုပ်ကြီးများ အထိတ်တလန့် မဖြစ်စေခဲ့။
တစ်နှစ်သား ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်နှင့်လူမျိုးစုလက်နက်ကိုင်တပ်များ၏ အနိမ့်အမြင့် အတက်အကျများထဲမှ သိသာထင်ရှားသည့်အချက်များကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
၃၈ မြို့၊ လူ ၄ သန်း
ပြီးခဲ့သည့် ၃၆၅ ရက်တာအတွင်း စစ်တပ်အတွက်ကတော့ နေပြည်တော် စစ်ရုံးတွင် ချိတ်ဆွဲထားသည့် စစ်သုံးမြေပုံကို အကြိမ်ကြိမ် တည်းဖြတ်ပြင်ဆင်ရမည်။ မြောက်ပိုင်းမဟာမိတ်တို့၏ မြို့သိမ်းတိုက်ပွဲများက မြန်ဆန်လွန်းပြီး တစ်နှစ်အတွင်း ရှမ်းမြောက်၊ ရခိုင်၊ ချင်းနှင့် မန္တလေးမှ မြို့ပေါင်း ၃၈ မြို့အထိ စစ်ကောင်စီ လက်လွှတ်ခဲ့ရသည်။
ထိုဒေသများတွင် နေထိုင်သည့် လူဦးရေသည် ၄ သန်း၂ သိန်းကျော်အထိရှိခဲ့သည်။ မြင်သာအောင် နှိုင်းယှဉ်ပြရမည် ဆိုပါက ယင်းလူဦးရေပမာဏသည် ဘရူနိုင်းနိုင်ငံ၏လူဦးရေ၏ ၁၀ ဆ (သို့မဟုတ်) လာအိုနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ခန့်ရှိသည်။
“ကိုးကန့်မျိုးနွယ်စုချင်း လက်စားချေသည့်စစ်ပွဲ” ဟု စစ်တပ်က တံဆိပ်ကပ်ခဲ့သော်လည်း ကိုးကန့်တပ်၏မဟာမိတ်များဖြစ်ကြသည့် တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့အတွက်လည်း လွတ်မြောက်နယ်မြေအများအပြား ရခဲ့သည်။
စစ်ပွဲထဲမပါဟု ကြေညာထားသည့် ‘ဝ’ တပ်ဖွဲ့ UWSA သည်လည်း ထိုစစ်ဆင်ရေးမှ ရှမ်းမြောက်ရှိ ဟိုပန်၊ ပန်လုံနှင့် တန့်ယန်းမြို့တွင် တပ်စွဲခွင့်ရခဲ့သည်။ ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)သည်လည်း ရှမ်းရိုးမကို ကျော်လွန်ကာ မန္တလေးတိုင်းထဲ ခြေချနိုင်သည့် တပ်ဖွဲ့ဖြစ်လာပြီး စဉ့်ကူးနှင့်သပိတ်ကျင်းမြို့များကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
သင်္ကြန်အမြောက် စစ်တပ်
နှစ်စဉ် ကျပ်ဘီလီယံထောင်ချီ သုံးစွဲနေသည့် စစ်ရေးဘတ်ဂျက်များ၊ စစ်သည်အင်အား ငါးသိန်းအထိ ရှိသည်ဆိုသည့် ခန့်မှန်းပြောဆိုမှုများကြောင့် ကမ္ဘာ့ပေါ်တွင်အဆင့် ၃၀ နှင့် ၄၀ အတွင်းဝင်သည့် အင်အားကြီးစစ်တပ်အဖြစ် သုတေသနအဖွဲ့များက ခန့်မှန်းကြသည်။
ထိုထင်ကြေးများကို ‘၁၀၂၇ စစ်ဆင်ရေး’ က အလုံးစုံချေဖျက်ပစ်ခဲ့သည်။
သံချပ်ကာစစ်ကားများ၊ ဟောင်ဝစ်ဇာအမြောက်များနှင့် နှစ်စဉ်တပ်မတော်နေ့တွင် စစ်တပ်က ထုတ်ပြသည့် လက်နက်ဆန်းများသည် အသံကျယ်ပြီးအဆံမရှိသည့် သင်္ကြန်အမြောက်များလို ဖြစ်ခဲ့သည်။
မြောက်ပိုင်းစစ်ပွဲတွင် တော်လှန်ရေးတပ်များသည် သူ၏စစ်တပ်ထက် နည်းပညာနှင့်အင်အား သာလွန်ခဲ့ကြောင်း ၂၀၂၃ နိုဝင်ဘာ ၂၉ ရက် နေပြည်တော်အစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်က ဝန်ခံခဲ့ရသည်။
အမည်မဖော်လိုသည့် စစ်ရေးအကဲခတ်တစ်ဦးကတော့ ငယ်ရွယ်ပြီး တိုက်ရည်ခိုက်ရည်ကောင်းသည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် ငါးသောင်းခန့်ပါဝင်သည့်ထိုးစစ်ကို စစ်ကောင်စီ ရင်ဆိုင်ခဲ့ရသည်ဟု ဆိုသည်။
စစ်တပ်သည် တစ်နှစ်အတွင်း တပ်ရင်းတပ်ဖွဲ့ ၁၃၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်ဟုလည်း သူက ခန့်မှန်းသည်။ ဖွဲ့စည်းပုံကို အမှန်အတိုင်းထုတ်ပြောလေ့မရှိသည့် စစ်တပ်ကြောင့် စစ်သားမည်မျှ ဆုံးရှုံးသည်ကိုတော့ အတိအကျမသိရပါ။ သို့သော်လည်း စစ်တပ်၏ တပ်ရင်းတစ်ခုတွင် အင်အား ၁၅၀ ဝန်းကျင်ရှိသည်ဟု ခန့်မှန်းကြသည်။
စစ်တပ်အတွက် အရှက်ရဖွယ်ရာ ရှုံးနိမ့်မှုက လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) ကိုးကန့်တပ် MNDAA လက်ထဲ ရောက်ခဲ့ခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်က စစ်တပ်သမိုင်းတလျှောက် တိုင်းစစ်ဌာနချုပ်တစ်ခု ရန်သူ့လက်ထဲ ပထမဆုံးကျသွားခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နပခ) သည်လည်း ရခိုင်တပ် AA ၏ ပိတ်ဆို့ခြင်းကို ခံထားရပြီး ဒုတိယမြောက်ဆုံးရှုံးရနိုင်သည့် တိုင်းစစ်ဌာနချုပ်ဖြစ်ရန် တာဆူနေသည်။
ထိုးကျွေးခံစစ်ဗိုလ်ချုပ်များ
၂၀၂၄ ဇန်နဝါရီ ၅ ရက်နေ့က နောက်လိုက်တပ်သား ၂၁၀၀ နှင့်အတူ လောက်ကိုင်အခြေစိုက် စစ်တပ် သည် ကိုးကန့်တပ် MNDAA တပ်များထံ လက်နက်ချခဲ့သည်။ လက်နက်ချပွဲအတွက် နေပြည်တော်မှ မီးစိမ်းပြခဲ့သော်လည်း အရှက်ရဖွယ်ရာရှုံးနိမ့်မှုအတွက် စစ်ကောင်စီက လောက်ကိုင်စစ်မျက်နှာပြင်မှ ဗိုလ်ချုပ်များကို ထိုးချခဲ့သည်။
အနည်းဆုံး ဗိုလ်မှူးချုပ် ခြောက်ဦး၊ ဗိုလ်မှူးကြီးနှစ်ဦးသည် သံတိုင်နောက် ပို့ခံခဲ့ရသည်။ ၎င်းတို့ထဲမှ အချို့ကို စစ်ကောင်စီက သေဒဏ်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်စစ်ရုံးတွင် ရုံးထိုင်သည့် ကာကွယ်ရေးဒုဝန်ကြီးကိုလည်း မတ်လလယ်တွင် ရာထူးမှ ဖယ်ရှားပြီး ဖမ်းဆီးခဲ့သည်။ စစ်ကောင်စီ၏ ကာကွယ်ရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းသည် လောက်ကိုင်အခြေစိုက် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်ခဲ့ကြောင်း တရုတ်အစိုးရက ပြောသဖြင့် နေပြည်တော်တွင် ဖမ်းဆီးစစ်ဆေးခံနေရသည်ဟု Myanmar Now ၏ သတင်းရင်းမြစ်များက ဆိုသည်။
ထို့နောက် ဧပြီလတွင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်ကို စစ်တပ်က ထပ်မံဖမ်းဆီးခဲ့ပြန်သည်။ ကြံ့ခိုင်ရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်နှင့် စိုက်ပျိုးရေး/ဆည်မြောင်းဝန်ကြီးဟောင်းသည် လောက်ကိုင်အခြေစိုက် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်ကြောင်း သံသယဖြင့် ဖမ်းဆီးခံရသည်ဟု သတင်းအရင်းအမြစ်တို့က ဆိုသည်။
သို့သော်လည်း စစ်ကောင်စီက သူ့အား ဝန်ကြီးရာထူးရနေချိန် (၂၀၁၁ -၂၀၁၆) တွင် ရန်ကုန်မှ လယ်မြေဧက ၁၇၀၀ ကို အမည်ဖောက်ခဲ့သဖြင့် အဂတိလိုက်စားမှုသံသယဖြင့် ဖမ်းဆီးကြောင်း ကြေညာခဲ့သည်။
ကြံ့ခိုင်ရေးပါတီ၏ဇာတ်ရှုပ်များ
ကြံ့ခိုင်ရေးပါတီ၏အမတ်များဖြစ်ကြသည့် ဦးပယ်ဆောက်ချိန်၊ ဦးဝေဆန်း၊ ဦးမောင်မောင်နှင့် ဦးမြီရှောက်ချန်းတို့သည် ကျားဖြန့်ခေါ်အွန်လိုင်းလိမ်လည်မှုဒုစရိုက်လုပ်ငန်း၏ ဂိုဏ်းခေါင်းဆောင်များဟု တရုတ်အစိုးရက သတ်မှတ်ထားသည်။
ထိုအထဲမှ တရုတ်လက်ထဲမရောက်မီ အဆုံးစီရင်သွားသည့် ကြံ့ခိုင်ရေးပါတီ၏အမတ် ဦးမြီရှောက်ချန်း သည် တရုတ်နိုင်ငံသားဖြစ်ကြောင်း စစ်ကောင်စီက ဝန်ခံထားသည်။
စစ်ဗိုလ်ချုပ်များကိုယ်တိုင် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ‘အခန်း(၁၀) ပုဒ်မ ၄၀၇ နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း’ ဆိုသည့် ပြဋ္ဌာန်းချက် (ဂ)တွင် နိုင်ငံခြားတိုင်းပြည် တစ်ခုခုမှ လူပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေးအပါအဝင် အထောက်အပံ့ရယူပါက ပါတီဖျက်သိမ်းခံရမည် ဟု ပြဋ္ဌာန်းထားသည်။
၂၀၁၀ ရွေးကောက်ပွဲကျင်းပချိန်တွင် အသက်ဝင်နေပြီဖြစ်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (၂၀၁၀) ပုဒ်မ ၁၀(ဇ) တွင်လည်း နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြားသားအဖြစ် ခံယူထားသူကို ပါတီဝင်အဖြစ် လက်မခံရဟု ပါရှိသည်။ ထိုဥပဒေ၏ အခန်း (၃) ပုဒ်မ (၁၂) (က) (၆) ၏ ပြဋ္ဌာန်းချက် တွင် နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြားသားအဖြစ် ခံယူထားသူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်း မပြုဘဲ တမင်ထိမ်ချန်ထားပါက ပါတီဖျက်သိမ်းခံရမည်ဟု ပါရှိသည်။
တရုတ်နိုင်ငံသားတစ်ဦးကို ၂၀၁၀ မှ ၂၀၁၅ အထိ ရှမ်းပြည်နယ်လွှတ်တော်တွင် ငါးနှစ်ကြာအောင် နေရာပေးခဲ့သည့် ထိုဖြစ်ရပ်အတွက် စစ်ဗိုလ်လူထွက်များ၏ကြံ့ခိုင်ရေးပါတီသည် စစ်တပ် အာဏာရနေချိန်တွင် အရေးယူအပြစ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရနေသော်လည်း မဲပေးခဲ့ကြသူများအား တစ်ချိန်ချိန်တွင် ပြန်လည်ရှင်းပြရမည် ဖြစ်သည်။
စစ်ကောင်စီနှင့် တရုတ်ပေးသည့်အသက်ကယ်ဆေး
၁၀၂၇ စစ်ဆင်ရေး၏ အဓိကအလှည့်အပြောင်းက စစ်တပ် ပြိုကွဲနိုင်သည်ဆိုသည်ကို ပြနိုင်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် စစ်ရေးအကဲခတ်တစ်ဦးက ဆိုသည်။
“…စစ်တပ်ကပဲ နိုင်မှာပါဆိုတဲ့သူတွေကိုလည်း စစ်တပ်ဆိုတာ ပြိုကွဲနိုင်တယ်ဆိုတာမျိုး ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်အကြာမှာ ပြနိုင်တာပေါ့”ဟု ၎င်းကဆိုသည်။
ထိုအမြင်မျိုးကိုလက်ခံလာသူများထဲတွင် တရုတ်အစိုးရလည်း ပါဝင်လာသည်။
တရုတ်အစိုးရသည် သြဂုတ်လလယ်တွင် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကို နေပြည်တော်သို့လွှတ်ကာ စစ်ခေါင်းဆောင်နှင့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေတို့နှင့် တွေ့ဆုံစေခဲ့သည်။
စစ်ကောင်စီနှင့်တရုတ်အစိုးရအကြား မည်သို့သောအပေးအယူမျိုးပြုလုပ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း နေပြည်တော်ခရီးစဉ်အပြီးတွင် တရုတ်သည် စစ်ကောင်စီပြုတ်ကျမည်ကို လက်မခံကြောင်း သတင်းစကားထုတ်ပြောလာခဲ့သည်။
ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ကချင်တပ် KIA တို့ကို စစ်တပ်ကိုတိုက်ခိုက်မှုများ ဆက်မလုပ်ရန် တရုတ်အစိုးရက သတိပေးခဲ့ပြီး မြောက်ပိုင်းမဟာမိတ်တို့ထိန်းချုပ်ထားသည့် တရုတ်နယ်စပ်ဂိတ်ပေါက်များကို ပိတ်ပစ်လိုက်သည်။
ယင်းလုပ်ရပ်များက တရုတ်အစိုးရသည် အာဏာသိမ်းစစ်ကောင်စီ ပြိုလဲသွားမည်ကို မလိုလားကြောင်း ထင်ထင်ရှားရှားမြင်တွေ့လိုက်ရခြင်းဖြစ်သလို ၎င်းတို့အကျိုးစီးပွားအတွက် နိုင်ငံတစ်နိုင်ငံကို ၎င်းတို့ အလိုကျခြယ်လှယ်နိုင်ရေး အာဏာရှင်စနစ်ကို ပို၍နှစ်သက်သည့် သဘောရှိကြောင်း စစ်ရေးကျွမ်းကျင်သူ ဒေါက်တာ မီမီဝင်းဘတ်ကလည်း သုံးသပ်သည်။
ဒေါက်တာ မီမီဝင်းဘတ်သည် ဟာဝိုင်ယီပြည်နယ် အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာန၏ ပါမောက္ခတစ်ဦးဖြစ်သလို မေရိကန်တပ်မတော်၏ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးလည်းဖြစ်သည်။
ရခိုင်တို့လွတ်လပ်ရေးအိမ်မက်များ မက်ခွင့်ရလာခြင်း
ရခိုင်တပ် AA သည် နိုင်ငံအရှေ့မြောက်ဘက် ကိုးကန့်ဒေသတွင် အစပြုခဲ့သည့် ‘၁၀၂၇ စစ်ဆင်ရေး’ကို နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ထဲတွင် ပိုမိုကျယ်ပြန့်အောင် ချဲ့ထွင်နိုင်ခဲ့သည်။
တရုတ်နယ်စပ်တွင် အခြေစိုက်ကြသည့်တပ်ဖွဲ့များဖြစ်သည့် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA တို့သည် တရုတ်အစိုးရ၏ဖိအားကြောင့် သြဂုတ်လကုန်ပိုင်းမှစတင်ပြီး စစ်ကောင်စီကို ထိုးစစ်ဆင်ခြင်းကို လျှော့ချရပ်တန့်ခဲ့သည်။
သို့သော်လည်း ရခိုင်တပ် AA ကတော့ စစ်တပ်ကိုဆက်လက်ထိုးစစ်ဆင်နေသည်။ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တာအတွင်း AA သည် လူနှစ်သန်းနီးပါးနေထိုင်သည့် မြို့ပေါင်း ၁၁ မြို့အထိ စစ်ကောင်စီလက်ထဲမှ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့သည်။
ရခိုင်မျိုးနွယ်စုများအတွက်ကမူ မြို့သိမ်းတိုက်ပွဲများ၏ နောက်ကွယ်တွင် ပိုမိုကျယ်ပြန့်သည့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အောင်ပွဲများလည်း ရှိနေသည်။ ထိုအောင်ပွဲက အတိတ်သမိုင်းနှင့်လည်း ဆက်စပ်နေသည်။
နှစ်ပေါင်း ၃၅၀ နီးပါးသက်တမ်းရှိသည့် ရခိုင်ဘုရင့်နေပြည်တော် မြောက်ဦးကို ဗမာဘုရင် ဘိုးတော်ဘုရားက ၁၇၈၄ တွင် သိမ်းပိုက်ခဲ့သည်။ ထိုအချိန်မှစတင်ပြီး ရခိုင်ပြည်နယ်ကို ရခိုင်တို့ အုပ်ချုပ်မှု အဆုံးသတ်သွားခဲ့ပြီး ဗြိတိသျှနှင့် ပြည်မမှအုပ်ချုပ်သူများကသာ စီမံခန့်ခွဲတော့သည်။
AA က မြောက်ဦးမြို့ကို သိမ်းပိုက်ပြီးနောက် နန်းမြို့ဟောင်း၏အဝင်မုဒ်ဝတွင် AA အလံနှင့် ရခိုင့်အောင်လံတို့ကို စိုက်ထူထားသည်ဟု ဒေသခံတို့ကဆိုသည်။
ထိုမြင်ကွင်းက “နှစ်ပေါင်း ၂၄၀ အကြာတွင်မှ ပြန်လည်ရှုရှိုက်ခွင့်ရသည့် ရခိုင့်အငွေ့အသက်များ ဖြစ်ပြီး လွတ်လပ်မှု၏ ပြယုဂ်” ဟု ရခိုင်အခြေစိုက် သတင်းထောက်တစ်ဦးက ဆိုသည်။
AA က ၎င်းတို့၏နိုင်ငံရေး ရည်မှန်းချက်များမှာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကဲ့သို့ ကွန်ဖက်ဒရိတ် အဆင့်အတန်းထက် မနိမ့်သည့် နိုင်ငံရေးအဆင့်အတန်းကို လိုလားသည်ဟု တရားဝင် ထုတ်ပြောထားသည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ် အတွင်းက AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၏ ရခိုင်ဘာသာဖြင့်ပြောသည့် မိန့်ခွန်းများတွင် “ရခိုင်နိုင်ငံ”ဆိုသည့်စကားလုံးများကို ထည့်သွင်းပြော သည်။
ထို့နောက် “အာရက္ခနိုင်ငံတော်”ဆိုသည့် နိုင်ငံတော်သီချင်းများကိုလည်း ထုတ်လုပ်ထားရာ AA ၏ အမြင့်ဆုံးရည်မှန်းချက်ကိုက ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထက် ပိုမည်လားဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်လာသည်။
ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အခွင့်အာဏာရှိသော ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရသည့် အချုပ်အခြာအာဏာပိုင်ဆိုင်သော ဒေသတစ်ခုဖြစ်လာရန် လိုလားသည်ဟု ကျောင်းသားခေါင်းဆောင် ကိုဦးသန်းနိုင်က ဆိုသည်။
“အဲဒါတွေလုပ်ပိုင်ခွင့်ရရင် ကျွန်တော်တို့အနေနဲ့ ကွန်ဖက်ဒရေးရှင်းပင်သွားသွား ၊ဖက်ဒရယ်ပင်သွားသွား ဘာပဲဖြစ်ဖြစ်အဆင်ပြေပါတယ် “ဟု ၎င်းက ပြောသည်။
အသက် ၂၇ နှစ်အရွယ် မြောက်ဦးဒေသခံအမျိုးသမီးက ယခင်ကကဲ့သို့ မိမိလူမျိုးတို့အုပ်ချုပ်သည့် နိုင်ငံတစ်ခု ဖြစ်ရန်လိုလားသည်ဟုဆိုသည်။ လတ်တလောတွင် မြောက်ဦးမြို့ကို AA ထိန်းချုပ်နိုင်ပြီ ဖြစ်သော်လည်း တစ်ပြည်နယ်လုံးကို မရရှိသေးသဖြင့် ပြည့်ပြည့်စုံစုံ မပျော်ရွှင်သေးဟု ဆိုသည်။
အပါးနပ်ဆုံးတပ်ဖွဲ့(သို့မဟုတ်) UWSA ‘ဝ’ တပ်
၁၀၂၇ စစ်ဆင်ရေးအတွင်း သေနတ်တစ်ချက် မဖောက်ဘဲ နယ်မြေသစ်ချဲ့ထွင်နိုင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှာ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်မည်မဟုတ်ဟု ပြောဆိုထားသည့် “ဝ” တပ်ဖွဲ့သည် စစ်ဆင်ရေးအတွင်း ဟိုပန်၊ ပန်လုံနှင့် တန့်ယန်းမြို့များကို ရရှိခဲ့သည်။
ဟိုပန်နှင့် ပန်လုံတို့ကို ယခုနှစ်ဆန်းပိုင်း (ဇန်နဝါရီ ၅)တွင် ညီနောင်သုံးဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းယူ ကြစဉ် အင်အား ၇၀၀ ခန့် ရှိသည့် စစ်ကောင်စီတပ်သားတို့မှာ လက်နက်ချအညံ့ခံလိုက်သည်။ ထို့နောက် ကိုးကန့်တပ်က ဝတပ်ဖွဲ့ထံ ဇန်နဝါရီ ၁၀တွင် ပြန်လည်လွှဲပြောင်းပေးလိုက်သည်။
စစ်အာဏာရှင်တို့ ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဟိုပန်မြို့ကို ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ (၂) အဖြစ် သတ်မှတ်ရေးဆွဲခဲ့သော်လည်း အုပ်ချုပ်ရေးယန္တယားကို စစ်တပ်ကသာ ချုပ်ကိုင်ခဲ့ကြသည်။
ယမန်နှစ်ကုန်ပိုင်းတွင် ဖော်ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်အရေးနိမ့်သွားမှုနှင့်အတူ အထူးဒေသ (၂ )နယ်မြေကို ဝတပ်က တိုးချဲ့ချုပ်ကိုင်နိုင်ခဲ့ခြင်းဖြစ်သည်။