ylliX - Online Advertising Network
တစ်ပတ်အတွင်း မြန်မာ့ရေးရာ - Dawei Watch

တစ်ပတ်အတွင်း မြန်မာ့ရေးရာ – Dawei Watch


မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာ ၂၀ ရက်မှ ၂၆ ရက်အထိ

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၁၃၀၀ကျော်သေဆုံး

ပုံစာ – KIA ဌာနချုပ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း ၂၀၂၃ခုနှစ် အောက်တိုဘာလ ၉ရက်မှာ ဗုံးကြဲတိုက်ခိုက်ခံရလို့ ကလေး ၁၁ဦး အပါအဝင် စစ်ဘေးရှောင်၂၉ ဦး သေဆုံးခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၁၃၀၀ ကျော် သေဆုံးတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျုက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းချိန်ကနေ အခုအောက်တိုဘာ ၂၀ရက်အထိ သုံးနှစ်ကျော်အတွင်း လူ ၁၀ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၅ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုသတ်ဖြတ်မှုရဲ့ ၉၂ရာခိုင်နှုန်းကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး အပါအဝင် စစ်ကောင်စီသစ္စာခံတပ်တွေက ကျူးလွန်တာဖြစ်ပြီး အရပ်သား ၁၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီ မဟုတ်တဲ့ တခြားလက်နက်ကိုင်တပ်တွေက သတ်ဖြတ်မှု ငါးခုထက်မနည်းရှိပြီး အရပ်သားတစ်ရာနီးပါး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုရဲ့ ထက်ဝက်ကျော်ဟာ စစ်ကိုင်းတိုင်းထဲမှာ ဖြစ်ပွားခဲ့တာပါ။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ပြီးခဲ့တဲ့ သုံးလအတွင်း တိုက်ပွဲဖြစ်ပွားတာနဲ့ အရပ်သားပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကြောင့် အရပ်သားတစ်ထောင်ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

……………………………………..

ဘုတလင် လူသတ်ပွဲ

ပုံစာ – ဘုတလင်မြို့နယ်မှာ အောက်တိုဘာလ တတိယပတ်က နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ပါစီရွာသားတွေကို သတ်ဖြတ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ခြံစည်းရိုးတွေမှာချိတ်ခဲ့သလို အရပ်သားပြည်သူ ဆယ်ချီကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလအတွင်း စစ်ကောင်စီတပ် အင်အားတစ်ရာကျော်နဲ့ စစ်ကြောင်းထိုးနေပြီး အရပ်သားပြည်သူ ၂၅ဦးကို သတ်ဖြတ်ခဲ့တဲ့ အပြင် အရပ်သား ၅၀ လောက်ဟာလည်း ဓားစာခံအဖြစ် စစ်ကြောင်းနဲ့အတူဖမ်းဆီးခေါ်ဆောင်ခံရတယ်လို့ ဒေသတွင်းလှုပ်ရှားနေတဲ့ ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ရပ်ကွက်၊ ကျေးရွာ ၁၇ခုကို ဝင်ရောင်စီးနင်းသတ်ဖြတ်ခဲ့ပြီး သတ်ဖြတ်ခံရရာမှာ ကလေးငယ်သုံးဦး၊ အမျိုးသမီးသုံးဦး၊ သက်ကြီးရွယ်အိုတစ်ဦးပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာလကုန်က ပါစီရွာအနီးတိုက်ခိုက်ခံရပြီး ဆုံးရှုံးမှုများခဲ့တာကြောင့် အခုလို ဝင်ရောက် စီးနင်းသတ်ဖြတ်တာတွေလုပ်နေတာလို့ NUG က ဆိုပါတယ်။

အောက်တိုဘာလ ၁၇ရက်က ဖြစ်ပွားတဲ့ ပါစီရွာဖြစ်စဉ်မှာတော့ အသက် ၇၀နဲ့ ၆၀ အရွယ်တွေအပါအဝင် အမျိုးသား ခြောက်ဦး သတ်ဖြတ်ခံရပါတယ်။  ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက်ပြီး နေအိမ်ခြံစည်းရိုးမှာ ချိတ်ထားခဲ့ပါတယ်။ ဒါ့အပြင် ကျေးရွာတွေကို မီးရှို့တာ၊ လေကြောင်းတိုက်ခိုက်တာလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုကျူးလွန်မှုတွေကို နိုင်ငံတကာက အရေးယူပေးဖို့ NUG က တောင်းဆိုထားပါတယ်။

စစ်ကောင်စီကတော့ ပါစီရွာ လူသတ်မှုဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းချက်ထုတ်ထားပါတယ်။

……………………………………..

မန္တလေးက တရုတ်ကောင်စစ်ဝင်ချုပ်ရုံး တိုက်ခိုက်ခံရ

ပုံစာ – ရန်ကုန်မြို့မှာရှိတဲ့ တရုတ်နိုင်ငံသံရုံး (ပုံဟောင်း)

မန္တလေးမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝင်ချုပ်ရုံး အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းက ဗုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တရုတ်သံတမန်ရေးရာအဆောက်အအုံ တိုက်ခိုက်ခံရတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

လမ်းမခြမ်းဘက်မှာရှိတဲ့ ရုံးအဆောင်တစ်ခုမှာ ပေါက်ကွဲခဲ့ပြီး ရုံးဆောင်တချို့ထက်ဝက်ပျက်စီးပေမယ့် လူထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။ အခုတိုက်ခိုက်မှုကို အလွန်တုန်လှုပ်မိပြီး ပြင်းထန်စွာရှုတ်ချတယ်လို့ပြောဆိုသလို ဒီတိုက်ခိုက်မှုကို မြန်မာဘက်က သေချာစုံစမ်းစစ်ဆေးပြီး ပြင်းပြင်းထန်ထန်အရေးယူဖို့ တိုက်တွန်းထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တရုတ်သံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေ၊ တရုတ်အဖွဲ့အစည်းတွေ၊ တရုတ်စီမံကိန်းနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေးပျက်ပြားစေမယ့် ဒီတိုက်ခိုက်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ကန့်ကွတ် ရှုတ်ချထားပြီး လူမျိုးရေးအမုန်းတရားပဋိပက္ခဖြစ်လာမှာကိုလည်း အထူးစိုးရိမ်တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်အုပ်စုရဲ့ တရုတ် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေဟာ ပဋိပက္ခဖြစ်စေတဲ့ လက်သည်တရားခံလို့လည်း ထောက်ပြထားပါတယ်။

စစ်ကောင်စီကတော့ တိုက်ခိုက်သူတွေကို ဖမ်းမိဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ပါတယ်။

……………………………………..

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်ပိတ်

ပုံစာ – မူဆယ်နယ်စပ်ဂိတ် (ပုံဟောင်း)

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်နိုင်ငံဘက်က ကုန်သွယ်ခွင့်ပိတ်လိုက်ပါတယ်။

တိုက်ပွဲတွေကြောင့် နှစ်နိုင်ငံနယ်စပ်က နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်နေတာ၊ နယ်စပ်တစ်လျှောက်က တိုင်းရင်းသား လက်နက်ကိုင်တွေကို တိုက်ပွဲရပ်ဖို့ ဖိအားပေးတဲ့အနေနဲ့ တရုတ်နိုင်ငံက ပိတ်ထားတာတွေ ရှိနေပါတယ်။ အခုတော့ ကုန်သွယ်ရေးတွေ ဆက်လုပ်နေတဲ့ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ ရှမ်းမြောက်က မူဆယ်နဲ့ ရှမ်းအရှေ့က မိုင်းလား နယ်စပ်ဂိတ်တွေကိုပါ အောက်တိုဘာလ ၂၂ ရက်မှာ တရုတ်ဘက် ပိတ်လိုက်တာပါ။ ဒါကြောင့် မိုင် ၁၃၀၀ ကျော်ရှိတဲ့ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်က ဂိတ်တွေအားလုံးကနေ ကုန်ပစ္စည်းတွေ တင်သွင်းခွင့် မရတော့တဲ့ အခြေအနေပါ။

လူသုံး အိမ်သုံး ကုန်ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ ဆေးဝါးတွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေ တရုတ်နိုင်ငံကနေ တင်သွင်းလို့ မရတော့ပါဘူး။ ဒါ့ကြောင့် တရုတ်ပစ္စည်းတွေကို မှီခိုနေရတဲ့ မြန်မာနိုင်ငံမှာ အကျပ်အတည်း ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ တရုတ်ပစ္စည်းတွေ အားထားနေရတဲ့ ရှမ်းမြောက်နဲ့ ကချင်က ဒေသတွေမှာဆိုရင် ကုန်ပစ္စည်းရှားပါးပြီး စျေးတက်တာတွေ ဖြစ်လာပါတယ်။

တရုတ်ဘက် ဘာကြောင့်အခုလို ပိတ်တယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

တရုတ်ဘက်က အခုလို ပိတ်ပင်နေချိန်မှာ စစ်ကောင်စီကလည်း တရားမဝင်တင်သွင်းတဲ့ သွင်းကုန် တွေကြောင့် အခွန်ငွေတွေ နစ်နာတယ်ဆိုပြီး ထိုင်းထုတ်ကုန်တွေကို စစ်ဆေးရေးဂိတ်တွေ၊ ပွဲရုံတွေ၊ ဆိုင်တွေကို ဝင်ရောက်ဖမ်းဆီးတာ တွေလည်း လုပ်ဆောင်နေပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းတွေ ပြတ်လပ်တာ၊ စျေးတက်တာတွေလည်း ရှိနေပါတယ်။

……………………………………..

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမှာ တိုက်ပွဲပြင်းထန်

ပုံစာ – အမ်းမြို့နယ် မဲတောင်ဗျူဟာကုန်းကို AA က အောက်တိုဘာလ ၇ရက်မှာ သိမ်းယူခဲ့ပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်တဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

အခုသီတင်းပတ်အတွင်း နပခ အနီးတပ်ရင်းတွေကို အာရက္ခတပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်လို့ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး နပခရဲ့ လက်ရုံးတပ်သုံးခုကို AA က သိမ်းယူထားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ဒေသတွင်းနဲ့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ AA ဘက်ကတော့ အောက်တိုဘာလ ၂၆ ရက် မွန်းလွဲပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

​ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာတော့ အမ်းအတွက် အရေးပါတဲ့ ဗျူဟာနှစ်ခုကိုလည်း AA က သိမ်းယူထားပါသေးတယ်။

ဒါ့အပြင် ရခိုင်တောင်ပိုင်းက ဂွမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောမြို့နယ်၊ သံတွဲမြို့နယ် ကျိန္တလီ မြို့တွေမှာလည်း အခုသီတင်းပတ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်း တွေနဲ့ တိုက်ခိုက်နေသလို AA ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေကိုလည်း လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ဆက်တိုက်ရှိနေပါတယ်။

……………………………………..

သတင်းထောက်နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ KIA ကို CPJ နဲ့ IMJA တောင်းဆို

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဖမ်းဆီးထားတဲ့ သတင်းထောက်နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) နဲ့ မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) တို့က တောင်းဆိုလိုက်ပါတယ်။

Reds News Agency က သတင်းထောက် ကိုတာလင်းမောင်နဲ့ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ကို စက်တင်ဘာလ လကုန်ပိုင်းမှာ KIA က ဖမ်းဆီးထားတာပါ။

ပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတိုင်းဟာ သတင်းထောက်တွေကို ကာကွယ်ပေးရမယ်၊ ပစ်မှတ်ထားတာ မလုပ်ရဘူးလို့ CPJ က အောက်တိုဘာလ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။ IMJA ကလည်း အခုလို ဖမ်းဆီးထားတာကို ကန့်ကွက်ထားပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

KIA ဘက်တော့ စစ်ဆေးမေးမြန်းတာတွေ လုပ်နေဆဲဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

……………………………………..

အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ကို စစ်ကောင်စီဖမ်း

အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး အင်တာနက်လူမှုကွန်ရက်ကနေ လှုံ့ဆော်တယ် ဝါဒဖြန့်တယ်ဆိုပြီး အောက်တိုဘာလ ၂၃ရက်မှာ ဖမ်းဆီးခဲ့တာပါ။ ဒါပေမဲ့ ဘယ်လိုအကြောင်းအရာတွေ ရေးသားခဲ့တယ်ဆိုတာကို တိတိကျကျ ဖော်ပြတာမျိုးမရှိပါဘူး။ ဒေါက်တာနေစိုးမောင်ဟာ ဒုဗိုလ်မှူးကြီးဟောင်းဖြစ်သလို ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) ရဲ့ ပါမောက္ခချုပ်ဟောင်လည်းဖြစ်ပါတယ်။

ဒေါက်တာနေစိုးမောင်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုကို ဝမ်းနည်းကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့သလို စစ်ကောင်စီကို ဝေဖန်မှုတာတွေကြောင့်လည်း သူ့ကို ဖမ်းဆီးဖို့ လှုံ့ဆော်မှုတွေလည်း ရှိခဲ့ပါတယ်။

……………………………………..

The post တစ်ပတ်အတွင်း မြန်မာ့ရေးရာ appeared first on Dawei Watch.



Source link

Leave a Reply

Your email address will not be published. Required fields are marked *