(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၄
စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ အဆမတန် ဈေးမြင့်တက်မှုဒဏ်နဲ့ ပြည်သူလူထု
ပြည်တွင်းမှာ နေထိုင်နေကြတဲ့ လူအများစုရဲ့ ခံစားနေရတဲ့ ဒုက္ခတွေ အခက်အခဲတွေလို့ဆိုရင် စစ်ဘေးရန်က အသက်အန္တရာယ် ထိခိုက်နိုင်ခြေက ပထမဆုံးဖြစ်ပါလိမ့်မယ်။ ဒုတိယ အနေနဲ့ ဖမ်းဆီး နှိပ်စက်ခံရမယ့် အန္တရာယ်၊ အဲဒီနောက်မှာတော့ ပိုင်ဆိုင်တဲ့ နေအိမ်၊ ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးမယ့် အန္တရာယ် ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အသက်ရှင်သန်နေထိုင်ရေး နေ့စဥ် ရုန်းကန် ကျော်ဖြတ်နေကြရတဲ့ အခြေအနေက အန္တရာယ်လို့ မခေါ်ဆိုနိုင်ပေမယ့် ခက်ခဲလွန်းတဲ့ အနေအထား အခုလို စစ်မက်ဖြစ်ပွားတဲ့ အခြေအနေအောက်မှာ ပုံမှန် စားသောက် အသက်ရှင်သန်ရေးက တနေ့ထက် တနေ့ ပိုမိုခက်ခဲလာနေတာ ဖြစ်ပါတယ်။
ပိတ်ဆို့ခံထားရတဲ့ ဒေသမဟုတ်တဲ့ ရန်ကုန်မြို့လိုမှာ ဖြစ်နေတဲ့ ကုန်ဈေးနှုန်းတွေကို ကြည့်မယ်ဆိုရင် ဟင်းသီးဟင်းရွက် ဈေးနှုန်းတွေကို ကြည့်ရင် ကန်စွန်းရွက်တစည်း ၇၀၀ ကျပ် ဖြစ်နေတဲ့ အနေအထား ဆန်တပြည် အနိမ့်ဆုံး ကျပ် ၆၀၀၀ လောက်ဖြစ်ပြီး၊ စားသုံးဆီ တလီတာ ကျပ် ၇၀၀၀/ ၈၀၀၀ ကနေ ၁ သောင်းကျော်ထိ ဖြစ်နေတဲ့ အခြေအနေအောက်မှာ အသက်ရှင်သန်နေထိုင်ဖို့ ပိုမိုခက်ခဲလာနေတာ ဖြစ်ပါတယ်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုသိမ်၊ ပဲခူး အစရှိတဲ့ လက်နက်ကိုင် ပဋိပက္ခတိုက်ရိုက် ဖြစ်ပွားခြင်း မရှိတဲ့ဒေသတွေမှာ နေထိုင်နေကြသူတွေက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်၊ ကရင်နီပြည်နဲ့ စစ်ကိုင်းတိုင်းထဲက အချို့သောဒေသမှာ နေထိုင်နေကြသူတွေထက်စာရင် တော်သေးတယ်လို့ ဆိုနိုင်သည့်တိုင် အထက်မှာ ဖော်ပြထားတဲ့ စျေးနှုန်းတွေ နဲ့ စားသောက် ရှင်သန်နေကြရတာ ဖြစ်ပါတယ်။
ပိုပြီး ဆိုးရွားတဲ့ အနေအထားမှာ ရှင်သန်နေထိုင်နေကြရတဲ့ သူတွေအနေနဲ့တော့ အထက်ဖော်ပြပါ မြို့ကြီးတွေကထက် ၂ ဆ ကနေ ၅ ဆ လောက်အထိ မြင့်မားတဲ့ ကုန်ဈေးနှုန်းတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားလိုမြို့မှာတောင် ဟင်းသီးဟင်းရွက်၊ ဆန်၊ လောင်စာဆီ စတဲ့စျေးနှုန်းတွေက မကြားဖူးတဲ့ ဈေးနှုန်းတွေ ဖြစ်နေသလို ပြည်နယ်တခုလုံးကို ကန့်သတ်ထားတဲ့ ရခိုင်ပြည်နယ်လိုမျိုးဆို ပိုပြီးကြီးမားတဲ့ ကုန်စျေးနှုန်းတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
စားသောက်ကုန်၊ လူသုံးကုန် နဲ့ လောင်စာဆီလို နေ့စဥ် အခြေခံကုန်ပစ္စည်းတွေ ဘာကြောင့် စျေးတက်ရသလဲ လို့မေးရင် နံပါတ် ၁ အနေနဲ့ ကျပ်ငွေတန်ဖိုးကျဆင်းတာကြောင့်၊ ဒုတိယ အချက်က ကုန်ပစ္စည်းသယ်ဆောင်ရာ လမ်းကြောင်းတလျှောက် လုံခြုံရေး ခေါင်းစဥ်အောက်က ဖွင့်လှစ်စစ်ဆေးနေတဲ့ ဂိတ်တွေ၊ ကုန်သွယ်ခွန်ကောက်ယူတဲ့ဂိတ်တွေမှာ ပေးဆောင်ကြရတဲ့ အခွန်ငွေကြောင့်လည်း ဖြစ်ပါတယ်။ တတိယ အချက်က စစ်မက်မဖြစ်ပွားခင်က သုံးစွဲနေကျ ကားလမ်းတွေ အနက်အချို့ကားလမ်းတွေ တလျှောက် လက်နက်ကိုင် တပ်ဖွဲ့တွေ နေရာယူ စိုးမိုးထားပြီး အသုံးချခွင့် မပေးတော့တာကြောင့် ပိုမိုဝေးလံတဲ့ ၊ အခြေအနေ ဆိုးရွားတဲ့ ကားလမ်းတွေကို သုံးပြီး ကုန်သယ်ယူကြရတာ ကြောင့်လည်း ကုန်စျေးနှုန်းတွေ မြင့်တက်စေတာ ဖြစ်ပါတယ်။
နောက်တချက်က လက်နက်ကိုင်တပ်ဖွဲ့တွေကို ဝင်ငွေမရအောင်၊ ရိက္ခာမရအောင် အချင်းချင်း ပိတ်ဆို့တာတွေ လုပ်ဆောင်ကြတာကြောင့် ကုန်ပစ္စည်းတွေ ဈေးမြင့်တက်ကုန်တဲ့ သဘောလည်း ဖြစ်ပါတယ်။ ခုနောက်ဆုံး ဘူးလေးရာ ဖရုံဆင့်လိုက်တဲ့ ပိတ်ဆို့မှုကတော့ တရုတ်နိုင်ငံက ၄င်းနဲ့ ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေမှာ တရုတ်နိုင်ငံဘက်က ဆန်၊ စားသောက်ကုန်နဲ့ လျှပ်စစ်ပစ္စည်းနဲ့ လောင်စာတွေကို မြန်မာနိုင်ငံဘက် တင်ပို့ရောင်းချခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံရေး၊ သံတမန်ရေးအရ ဖိအားပေးမှုတွေ မအောင်မြင်ဖြစ်နေတဲ့နောက် တရုတ်နိုင်ငံက လက်နက်ကိုင်အဖွဲ့တွေကို ရိက္ခာ၊ လူသုံးကုန်၊ လောင်စာဆီတွေ ပိတ်ပင်လိုက်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့သလိုပဲ အမျိုးမျိုးသော ပိတ်ဆို့မှုတွေ အခွန်အကောက်တွေက ကုန်ပစ္စည်းတွေ ဈေးမြင့်တက်စေပြီး တဖက်မှာတော့ အများစုသော ပြည်သူလူထုအဖို့ ကုန်ထုတ်လုပ်မှု ကျဆင်းနေသလို ဝင်ငွေရလမ်းလည်း နည်းပါးလာနေတဲ့ အခြေအနေမျိုးကြောင့် ရှင်သန်နေထိုင်ဖို့ ပိုမိုခက်ခဲလာနေတာ ဖြစ်ပါတယ်။
ဒီလို စစ်ဘေး၊ ပိတ်ဆို့မှုတွေ ကုန်စျေးနှုန်းကြီးမြင့်မှုတွေ အပေါ်မှာ ထပ်ဆင့်လိုက်တဲ့ ဘေးဒုက္ခကတော့ မကြာသေးခင်က မြန်မာနိုင်ငံ အရှေ့ဘက်ပိုင်းနဲ့ အလယ်ပိုင်း၊ အရှေ့တောင်ပိုင်းတွေမှာ ရေကြီးမှုဖြစ်ပါတယ်။ လူဦးရေ ၅၀၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ အပြင် စိုက်ပျိုးသီးနှံ၊ ကျွဲနွား၊ နေအိမ်နဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ထပ်မံထိခိုက်တဲ့ သက်ရောက်မှုတွေ ထပ်မံ ဖြစ်ပေါ်စေပြန်ပါတယ်။
လူ့စွမ်းအားအရင်းအမြစ် ရှုထောင့်ကကြည့်ရင် ပြည်တွင်းစစ် စတင်ဖြစ်ပွားလာကတည်းက လက်နက်ကိုင်တပ်ဖွဲ့တွေထဲ ဝင်ရောက်သွားတဲ့ လူငယ် လူရွယ်တွေ၊ ပြည်ပမှာ ရရာအလုပ်လုပ်ကိုင်ဖို့ ထွက်ခွာသွားကြသူတွေ၊ အခုနှစ်ဆန်းမှာ အသက်သွင်းတဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ထပ်မံထွက်ခွာသွားကြတဲ့ အခြေအနေတွေက ပြည်တွင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေကို ကြီးကြီးမားမား ထိခိုက်စေပြန်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေး အနေအထားက ပြည်တွင်းစစ် ဖြစ်နေတဲ့ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး အနေအထားဖြစ်တယ်လို့ သတ်မှတ်မလား၊ သို့မဟုတ် အဲဒီအနေအထားကို တဖြည်းဖြည်း သက်ဆင်းနေတဲ့ အနေအထားလို့ သတ်မှတ်မလားတော့ ပညာရှင်တွေသာ အကဲဖြတ်နိုင်ပါလိမ့်မယ်။
ခေတ်ပျက်နေတဲ့ ကာလတိုင်း ဒေသတိုင်းမှာ ရှိနေကျဖြစ်တဲ့ ခေတ်ပျက်သူဌေးလို့ ခေါ်မယ့် ကမောက်ကမနဲ့ ဥပဒေစည်းမျဥ်းတွေ ဘာမှ အားကိုးလို့မရတဲ့ အနေအထားအောက်မှာ အခွင့်အလမ်း ရသမျှနဲ့ ငွေဖြစ်အောင် လုပ်ဆောင်တဲ့ သူတချို့လည်း ဒီလိုကာလမှာ ရှိကောင်းရှိနေမှာ ဖြစ်ပါတယ်။
အဲဒီလိုလက်တဆုပ်စာမျှသော အနည်းငယ်မျှသော သူတွေကလွဲရင် မြန်မာနိုင်ငံက ပြည်သူလူထု အများစုက ကုန်ဈေးနှုန်း၊ ငွေဖောင်းပွမှု နဲ့ ပျက်စီးဆုံးရှုံးမှုတွေအကြား အသက်ရှင်သန်နေထိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ အနေအထားလို့ဆိုရမှာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar