နိုင်ငံတကာသာဂိ (မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၄
နိုဝင်ဘာ ၅ မှာ အမေရိကန်သမ္မတနဲ့ အထွေထွေ ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ တကမ္ဘာလုံး စိတ်ဝင်စားကြရတာက ၂၀၂၀ မှာ ရှုံးထားပြီးသား သမ္မတဟောင်းထရန့်က မကျေပွဲ နွှဲဖို့ အကြီးအကျယ် စိန်ခေါ်ပွဲမို့လို့ပါ။ အစက လက်ရှိသမ္မတ ဘိုင်ဒင်က ဒုတိယသက်တမ်း ဆက်ပြိုင်မယ် လုပ်ထားရာကနေ ထရန့်နဲ့ ထိပ်တိုက်မရင်ဆိုင်တော့ဘဲ သူ့ဒုသမ္မတ ကင်မလာဟဲရစ်ကို ဝင်ပြိုင်ဖို့ ထောက်ခံအဆိုသွင်းလိုက်တယ်။ သူ့အသက်က ၈၀ ဆိုတော့ အိုပြီလို့ ပြောတယ်။ ထရန့်က ၇၈ နှစ်ရှိပြီ သူကတော့ လျော့မှာ မဟုတ်ဘူး။ ၂၀၂၄ ရွေးကောက်ပွဲက မီဒီယာအများစု ပုံဖော်တာကတော့ ဒီမိုကရေစီနဲ့ လက်ယာအစွန်းရောက်တို့၏ အဆုံးအဖြတ်ခံယူပွဲလို့ ဆိုပါတယ်။ လက်ယာအစွန်းရောက်တွေကတော့ ထရန်ံနဲ့ သူ့ပါတီပါ။ သူတို့က အမေရိကန်ပြည်ကြီးက တစစီ ပျက်စီးဆုံးရှုံးနေလို့ သူတို့သာလျင် ကယ်တင်ရှင်ဆိုပြီး အနီုင်ယူဖို့ မဲဆွယ်စည်းရုံးနေကြတာ ဖြစ်လို့ပါပဲ။
မနက်က NPR လို လူထုအသံရေဒီယိုကနေ ဆွေးနွေးခန်းတခု နားထောင်လိုက်ရပါတယ်။ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲ ဆွေးနွေးကြတာပါ။
အကြိမ်ကြိမ် ပြန်ရေးနေရတဲ့ အဖြေကိုပဲ ဖြေရပါမယ်။ ရွေးကောက်ပွဲမှာ မဲပေးတဲ့သူတွေ နိုင်ကြမှာပဲ။ မဲမပေးဘဲ နေသူတွေက ဘယ်ဘက်ကနေနေ ရှုံးကြမှာပါ။ သည်တော့ ဗျူဟာတခုက တဘက်ကလူတွေ မဲမပေးအောင် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ကြတာ။ မင်းတို့ မဲပေးလဲ မထူးပါဘူးကွာ။ ထားလိုက်ပါ ဆိုတာမျိုး။ ကိုယ့်ဘက်ကျတော့ မင်းတို့ မဲပေးမှ ဖြစ်မယ်နော်။ ဒါက သိပ်အရေးပါတယ်ဆိုတဲ့ မက်ဆေ့ချ်ကို ပေးကြတာပါ။
အရေးကြီးတဲ့တချက်ကတော့ မဲပေးမယ့်သူတွေ၏ ပညာအရည်အချင်းကို သူတို့က ထောက်ပြပါတယ်။ အခြေခံပညာလောက်ပဲ တက်ထားသူတွေက ဗဟုသုတ နည်းတယ်။ ပတ်ဝန်းကျင် မကျယ်ပြန့်ဘူး။ အခြားတဖက်က အကြောင်းအရာတွေ မသိဘူး။ သူတို့ သိတာကိုပဲ အမှန်လို့ ထင်နေတယ်။ သည်တော့ နိုင်ငံရေးသမားတွေ၏ လှည့်စားမှု မျိုးစုံတွေကို အဟုတ်အမှတ်ထင်ပြီး အစွန်းရောက်သဘောထားတွေ ချွတ်မရအောင် စွဲကုန်ကြတယ် ဆိုပါတယ်။ ကောလိပ်လောက် တက်ဖူးရင် လူစုံ ဘ၀စုံ အဆင့်အတန်းစုံကို ကိုယ်တိုင် ကြုံတွေ့ မြင်ဖူးတာမို့ အကြားလောက်နဲ့ သိတာမဟုတ်၊ ကိုယ်တိုင် မြင်သိတာမို့ သူများပြောတိုင်း ယုံတာ၊ ကိုယ့်ကိုယ်ကိုယ်ပဲ အထင်ကြီး ဟုတ်လှပြီ ထင်တာ မဖြစ်တော့ဘူးလို့ ပြောကြပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်တဲ့ဆီမှာ တိုင်းပြည်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်တွေကြောင့် ပြည်ပျက်နေပြီ ဆိုတာမျိုးကို နားယောင်သူတွေက အမြင်ကျဉ်းသူတွေ ဖြစ်နေပါတယ်တဲ့။
နောက်ပြောတာ တခုကတော့ ရွေးကောက်ပွဲတွေမှာ မဲပေးတဲ့လူဦးရေ နည်းပါးတာ ဖြစ်ပါတယ်။ မဲပေးသူ လူဦးရေဟာ တကယ်မဲပေးခွင့် ရှိသူရဲ့ ၆၀% ကျော်ပဲ ရှိတယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၃ ခုနှစ်အထိ လူဦးရေ ၃၃၄ သန်းရှိပါတယ်။ ဒီထဲက ၂၅၈ သန်းခန့်က မဲပေးခွင့်ရှိသူများဖြစ်ပြီး၊ အဆိုပါသူများမှာ အမေရိကန်နိုင်ငံသားများဖြစ်ကြပြီး အသက် ၁၈ နှစ် နှင့်အထက်ဖြစ်ပါတယ်။ သို့သော် မဲပေးခွင့်ရှိသူအားလုံး မဲပေးရန် မှတ်ပုံတင်ထားကြခြင်းမရှိပါ။ ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပခဲ့သော အမေရိကန် သမ္မတရွေးကောက်ပွဲတွင် လက်ရှိ မဲပေးခွင့်ရှိသူ ၂၅၈ သန်းအနက် ၁၅၉ သန်းခန့်သာ မဲပေးခဲ့ကြပြီး၊ အဲဒီကာလက မဲပေးသည့် ပမာဏမှာ အချို့သောရွေးကောက်ပွဲများထဲမှာ ရှိနေသည့် မဲပေးနိုင်သူ စုစုပေါင်းရဲ့ ၆၆.၈% ဖြစ်ခဲ့ပါတယ်။ သမ္မတရွေးကောက်ပွဲကဲ့သို့သော ကြီးမားသောရွေးကောက်ပွဲများတွင် မဲပေးပမာဏများသည် မြင့်တက်လေ့ရှိပြီး၊ အလယ်တန်းနှစ် (midterm election) နှင့် တိုင်းရင်းနယ်မြေရွေးကောက်ပွဲများတွင် မဲပေးသည့် လူဦးရေများသည် နည်းပါးလေ့ရှိပါတယ်။
ဆိုတော့ အခု အဆုံးအဖြတ်ရွေးကောက်ပွဲမှာ တကယ် မဲပေးမယ့်သူက လူ ၁၀၀ မှာ လူ ၅၀ ကနေ ၆၀ ကပဲ တကယ် မဲထွက်ပေးမယ် ဆိုပါတယ်။ မဲမပေးတဲ့သူတွေ အများကြီးပဲ။ အဲသည်မဲပေးတဲ့သူတွေထဲမှာ ခုနင်ကလို အစွန်းရောက်သဘောထားနဲ့ မဲပေးမယ့်သူနဲ့ တကယ်စဉ်းစားချင့်ချိန်မဲပေးသူက တဝက်စီ မျှခြေ ဖြစ်နေပါတယ်။ ဟဲရစ်ကို မဲပေးမည့်သူ က ၄၉% ရှိပြီး ထရန့်ကို မဲပေးမယ့်သူက ၄၈% ဆိုတော့ – လူ ၁၀၀ မှာ လူ တဖက်ကို လူ ၃၀ နဲ့ ဗိုလ်လုကြတဲ့ ပွဲဖြစ်ပြီး အနည်းငယ်သော လူဦးရေ အသာနဲ့ တိုင်းပြည်တခုလုံး ကံကြမ္မာကို ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဆိုတာ ရွှေ့ပြောင်းနေထိုင်လာသူတွေ၏ တိုင်းပြည် ဖြစ်ပါတယ်။ ဘယ်သူကမှ သည်မြေမှာ ကျောက်ခေတ်ကတည်းက အခြေစိုက်နေထိုင် ကြီးပြင်းလာတာမျိုး မဟုတ်ပါဘူး။ အဲသည် ပြောင်းရွှေ့လာသူတွေအချင်းချင်း လူဖြူတွေက သူတို့အရင်ရောက်တာမို့ နောက်လာတဲ့ လူဖြူ မဟုတ်သူတွေကို ခွဲခြားဖိနှိပ် အုပ်ချုပ်ချင်တဲ့ နိုင်ငံရေးသဘောထားတွေ ခုထိ ဖြန့်ချိမဲဆွယ်နေတုန်းလို့ ဆိုရမှာပါ။ ဒါကို အသားအရောင်ရှိသူ လူမျိုးတွေကလည်း နားယောင်ကြပါတယ်။ ဒါကလည်း အပေါ်က ဆိုထားသလို အမြင်မကျယ်တော့ အစွန်းရောက်ဖို့ လွယ်ကြတာပေါ့။
မြန်မာပြည်နဲ့ ဥပမာပေးရရင် ဗမာတွေကော တိုင်းရင်းသားတွေအဖို့က ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မုံရွာ မော်လမြိုင်လို မြို့ကြီးတွေကို ပြောင်းရွှေ့အခြေစိုက် နေထိုင်ကြဖို့ လွယ်ကုပါတယ်။ အားလုံးက ရေကြည်ရာ မြက်နုရာ လာကြသူတွေဆိုတော့ အချင်းချင်း ကြည်ဖြူပါတယ်။ ပြသနာ ရှိသော်လည်း နည်းပါတယ်။ သို့သော် အချို့သော နယ်ခြား ဝေးလံခေါင်ဖျားဒေသ၊ တိုင်းရင်သားတခုတည်း ဘာသာစကားတခုတည်း ထွန်းကားတဲ့နေရာမျိုးကိုတော့ အခြားလူမျိုးတွေအတွက် ဥဒဟို ဝင်ရောက် အခြေချဖို့ မလွယ်ပါဘူး မဟုတ်ပါလား။ အဲသည်လို အစွဲကြီးတဲ့ဒေသတွေကို ဗမာတွေ ဝင်ထွက်ဖို့ဆိုတာ ပြည်ပတိုင်းပြည်တခုကို သွားရသလိုမျိုး လက်ဝင်တယ်ဆိုတာ သည်လိုဒေသရောက်ဖူးသူတွေ သိကြပါတယ်။ အခုလို နွေဦးတော်လှန်ရေးကာလမှာမို့ ဗမာနဲ့ တိုင်းရင်းသားတွေကြား ပွင့်လင်းမှုရှိနေသော်လည်း ပိုပြီး အဆင်ပြေဖို့ လုပ်စရာတွေ အများကြီးရှိတယ်ဆိုတာတော့ ဝန်ခံကြရမှာ ဖြစ်ပါတယ်။
သည်လိုပါပဲ အမေရိကားမှာလည်း လူတိုင်း ဥဒဟို ရွှေ့ပြောင်းအခြေစိုက် ပညာ၊ စီးပွားရှာတာ အဆင်ပြေလွယ်ကူသော ပြည်နယ်တွေ ရှိသော်လည်း တချို ပြည်နယ်တွေက ပြည်သူတွေကတော့ အဲသလို သဘောထားမကြီးသေးတဲ့ တဖက်ပိတ် တလမ်းသွားတွေ များတဲ့နေရာတွေ ရှိပါတယ်။ သူတို့တွေ၏ စဉ်းစားပုံက သူတို့နဲ့ တူတာကိုပဲ သဘောကျပြီး မတူတဲ့သူဆို လက်မခံချင်ကြတာ ရှိတယ်ဆိုတာ နားလည်နိုင်ကြမယ် ထင်ပါတယ်။
အခု အမေရိကန် ရွေးကောက်ပွဲမှာ လူ၁၀၀ ထဲက တဖက် ၃၀ နဲ့ မဲခွဲကြမှာ ဆိုတော့ ၃၃ ယောက် လောက် မဲအသာနဲ့ တိုင်းပြည်အာဏာကို အပ်ရမယ့် ပွဲလည်း ဖြစ်တယ်။ မဲမပေးဘဲ နေသူ လူ ၃၀ ကတော့ တိုင်းပြည် ဘာဖြစ်ဖြစ် ဂရုစိုက်မယ့်ပုံ မဟုတ်ဘူးလို့ ဆိုကြတာမို့ နှစ်ဘက်ပါတီက မဲမပေးချင်တဲ့ လူ ၃၀ ကို မရမက လိုက်လံစည်းရုံးနေကြတာ ဖြစ်ပါတယ်။ အခုလိုခေတ်ကြီးက ပုံပျက်နေတော့ ဒီမိုကရေစီတိုင်းပြည်တွေက ရွေးကောက်ပွဲတွေကနေ လူနည်းစု၏ မဆိုစလောက် မဲအသာနဲ့ လူများစုကြီးအပေါ် ခြယ်လှယ် အုပ်ချုပ်တဲ့စနစ်ကို သွားနေတယ်လို့ ဝေဖန်ထောက်ပြခြင်း ခံနေရတာဖြစ်ပါတယ်။
ဒါကြောင်မို့ ၁၀၀% ပြည့် မဲပေးခွင့် ရှိသူတိုင်း မဲပေးကြပါ။ သည်တော့ ရှုံးရင်လည်း ပြတ်ပြတ်သားသား အရှုံး၊ နိုင်ရင်လည်း အပြတ်အသတ်နိုင်ကြတာ ကောင်းပါတယ်။ အဲသလို မဟုတ်လို့ကတော့ အမေရိကန်၏ ဒီမိုကရေစီ၏ မဆုံးနိုင်သော အလွမ်းဇာတ်ကို ဆက်ကြည့်ရုံသာ ရှိပါတော့တယ် ခင်ဗျား။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar