လှကျော်ဇော – ကိုလိုနီစနစ်ရဲ့အမွေဆိုးများ ( ၄ )
(မိုးမခ) အောက်တိုဘာ ၂၅ ၊ ၂၀၂၄
တိန့်ရှောင်ပင်ရဲ့ တံခါးဖွင့်နဲ့ ပြုပြင်ပြောင်းလဲရေးပေါ်လစီ
ဥက္ကဋ္ ဌမော်ဟာ တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်မှုကို အပြတ်အသတ်ရပြီးနောက်မှာ တရုတ်ကွန်မြူနစ်များ တသက်ပတ်လုံး လိုက်နာရမယ့် ဆောင်ပုဒ်တခု တင်လိုက်ပါတယ်။
‘ပြည်သူ့အကျိုးဆောင်ကြ’ တဲ့။ ဒါဟာ သူတို့ရဲ့ ပေတံပါ။
ဒါကို အခြေခံပြီး ၁၉၇၆ မော် ကွယ်လွန်ပြီးနောက် အာဏာရလာတဲ့ တိန့်ရှောင်ပင်ကလည်း ၂၀ ရာစုအဝင် အရင်းရှင်စနစ်ရဲ့ အပြောင်းအလဲများကို စနစ်တကျ လေ့လာပြီး တရုတ်ပြည်အတွက် ရှေ့လျှောက်ရမယ့် လမ်းကို ချမှတ်လိုက်ပါတယ်။
ကိုလိုနီလက်ဟောင်း အရင်းရှင်နိုင်ငံများဟာ မိမိလက်အောက်ခံ ကိုလိုနီနိုင်ငံများကို မလွှဲမရှောင်သာ နိုင်ငံရေးအရ လွတ်လပ်ရေးပေးလိုက်ရ ပေမယ့် စီးပွားရေးအရ သူတို့အပေါ် မှီခိုနေရအောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါကြောင့် ကိုလိုနီဘဝက လွတ်မြောက်လာတဲ့ နိုင်ငံအများအပြားဟာ မိမိတို့နိုင်ငံရဲ့စီးပွားရေးကိုလွတ်လွတ်လပ်လပ် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါတွေနဲ့ပတ်သက်လို့ အသေးစိတ်များကို ကိုလိုနီစနစ်ရဲ့အမွေဆိုးများ (၁) နဲ့ (၂) မှာ အတော်များများ ရေးပြီးပါပြီ။
တရုတ်က ဒါတွေကို ဘယ်လို ကျော်ဖြတ်ခဲ့သလဲ… ကြည့်ရအောင်ပါ။
ပထမဆုံးက ပြည်တွင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ စတင်ခဲ့ပါတယ်။
တရုတ်ပြည်ဟာ လယ်ယာစိုက်ပျိုးရေးကို အဓိကထားတဲ့နိုင်ငံ ဖြစ်လို့ပထမဆုံး လယ်ယာကဏ္ဍကိုစကိုင်ပါတယ်။
လယ်သမားများကို ကန်ထရိုက်စနစ်နဲ့အတူ လွတ်လပ်စွာ စိုက်ပျိုးခွင့်၊ ရောင်းဝယ်ခွင့်တွေ ပေးလိုက်ပါတယ်။
ကျေးလက်ဆင်းနေရတဲ့ လူငယ်အများအပြားကို မြို့တွေပေါ် ပြန်ခေါ်လိုက်ပြီး တက္ကသိုလ်၀င်ခွင့်တွေ ဖြေခွင့်ပေး၊ ကျောင်းတွေ ပြန်ဖွင့်ပေး။ ကျောင်းမတက်နိုင်သူများကို အသေးစားလုပ်ငန်းလေးတွေ လုပ်ခွင့်ပြုနဲ့ ။
ယဉ်ကျေးမှုတော်လှန်ရေးအတွင်းက နည်းအမျိုးမျိုးနဲ့ ဘေးရောက်နေကြတဲ့ ပညာတတ်တွေအားလုံးကိုလည်း ပြန်နေရာပေးပြီး တိုင်းပြည် တည်ထောင်ရေးလုပ်ငန်းတွေမှာ နေရာတွေ ပြန်ပေးခဲ့ပါတယ်။
ဒီလိုနည်းနဲ့ လူတွေရဲ့တက်ကြွမှုနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို တွန်းအားပေးလိုက်ပါတယ်။
ဒါ့အပြင် တိန့်က အဲဒီကာလမှာ စက်မှုအရင်းရှင်နိုင်ငံကြီးများရဲ့ လုပ်ဆောင်ချက်သစ်များကို မြင်တွေ့လာပါတယ်။ ဒါကတော့ စက်မှုလုပ်ငန်းများ အမျိုးအစား ၂ မျိုးကွဲလာတာ။ တမျိုးက လုပ်အားအများသုံးရတဲ့ စက်မှုလုပ်ငန်းနဲ့ နောက်တမျိုးက အဆင့်မြင့်နည်းပညာတွေ သုံးရတဲ့ (လုပ်အား သိပ်မလိုတဲ့) စက်မှုလုပ်ငန်း။ ဒီတော့ အရင်းရှင်ကြီးများက လုပ်အားခ ဈေးချိုတဲ့ နိုင်ငံတွေဆီကို သူတို့ရဲ့ လုပ်အားများများသုံးရတဲ့ လုပ်ငန်းများကို လွှဲပေးခဲ့ပါတယ်။ ဒီနည်းနဲ့ အာရှကျား ၄ ကောင်တို့ ဆိုတာတွေ ပေါ်လာတာပါ။ အတတ်ပညာမြင့်တဲ့ လုပ်ငန်းတွေတော့ ဘယ်သူ့ကိုမှမပေးဘဲ စျေးကြီးကြီးနဲ့ ရောင်းစားနေတာပါ။ ဒီလိုနဲ့ အဲဒီအရင်းရှင်နိုင်ငံကြီးတွေမှာ အကျိုးအမြတ်တွေ အများကြီးရနေတာပါ။
ဒါတွေကို မြင်တဲ့ တိန့် က တံခါးဖွင့်ပေါ်လစီ ချမှတ်ပြီး အရင်းရှင်နိုင်ငံများရဲ့ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ခဲ့တာပါ။ (မော်နဲ့ ချူအင်လိုင်းတို့ ကလည်း အစောပိုင်းကတည်းက တံခါးဖွင့်ဖို့ကြိုးစားခဲ့ပါသေးတယ်။ ၁၉၇၀ ပြည့်နှစ်များမှာ အမေရိကန်၊ ဂျပန်၊ ဥရောပနိုင်ငံများနဲ့ ဆက်ဆံရေးတွေ စခဲ့ဖူးပါတယ်။ အရင်းရှင်နိုင်ငံများကိုက ပိတ်ဆို့မှုတွေလုပ်ခဲ့တာပါ။)
တိန့်က တရုတ်ပြည်မှာ အထူးစီးပွားရေးဇုန် အများအပြား ဖွင့်လိုက်ပါတယ်။ ဒီလိုနဲ့ လုပ်အားအများအပြားသုံးရတဲ့ စက်ရုံအများအပြား (အထည်စက်ရုံ။ အစားအသောက်၊ အသေးစားစက်မှုလုပ်ငန်း။ အပိုပစ္စည်းများ စသဖြင့်)ကို စက်မှုနိုင်ငံကြီးများက လာဖွင့်တော့တာပါပဲ။ တရုတ်ပြည်အတွက်လည်း အလုပ်အကိုင် အများအပြားကို ဖန်တီးပေးလိုက်နိုင်ပါတယ်။ တရုတ်ပြည်ဟာ မကြာခင်မှာပဲ ကမ္ဘာ့ကုန်ထုတ်လုပ်မှုစက်ရုံကြီးလို့ အခေါ်ခံလာရပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံဟာ အလွန်ပါးနပ်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကိုက အမျိုးသားစီးပွားရေးကိုပီပီပြင်ပြင် တည်ဆောက်ဖို့ဖြစ်လို့ ရင်းနှီးမြှုပ်နှံမှုများ လက်ခံရာမှာ စနစ်တကျ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေများပြုစုပြီး ရင်းနှီးမြှုပ်နှံမှုတိုင်း အသေအချာ ဆွေးနွေးညှိနှိုင်း အပေးအယူတွေ လုပ်တာပါ။ ဒီလိုနည်းနဲ့ တချို့နည်းပညာတွေ ရရှိအောင် လုပ်နိုင်ခဲ့ပါတယ်။
ဒါမျိုးက တကယ့်တိုင်းပြည်အကျိုးကို ဦးထိပ်ထားတဲ့ အစိုးရမျိုးကသာ လုပ်ဆောင်နိုင်တာပါ။
တိန့်ရှောင်ပင်ကတော့ ဒီလို ပြောပါတယ်။
‘တံခါးဖွင့်နဲ့ ပြုပြင်ပြာင်းလဲရေးပေါ်လစီဟာ ထုတ်လုပ်မှုစွမ်းအားစုတွေကို လွတ်မြောက်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်တယ်” တဲ့။
တကယ်လည်း ဟုတ်ပါတယ်။ ဒီပေါ်လစီကို အနှစ် ၄၀ ကျော် ကျင့်သုံးလာပြီးနောက် တရုတ်ပြည်ဟာ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာပါတော့တယ်။ (တခြားကိန်းဂဏန်းများကို ကိုလိုနီစနစ်ရဲ့ အမွေဆိုးများ (၃) မှာ ကြည့်ပါ။)
တရုတ်ပြည်အတွက်တော့ သူ့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာတွေ့လိုက်တာပါပဲ။
ဒီလမ်းကြောင်းကို တခြား မဖွံ့ဖြိုးမတိုးတက်သေးတဲ့ နိုင်ငံများကရော လိုက်လုပ်လို့ရမလား။
ဘာအခက်အခဲတွေ ရှိနိုင်မလဲ…
နောက်တပတ်မှာ ဆက်ပါ့မယ်။
လှကျော်ဇော
၂၂-၁၀-၂၀၂၄
👉လှကျော်ဇော – ကိုလိုနီစနစ်ရဲ့အမွေဆိုးများ
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar