ylliX - Online Advertising Network
ရှမ်းမြောက် လက်နက်ကိုင် အဖွဲ့တွေကို စစ်ကောင်စီနဲ့ တရုတ်နိုင်ငံက တပြိုင်နက်တည်း ဖိအားပေး၊ လားရှိုးမြို့ တရက်အတွင်း ၄ ကြိမ် ဗုံးကြဲ

ရှမ်းမြောက် လက်နက်ကိုင် အဖွဲ့တွေကို စစ်ကောင်စီနဲ့ တရုတ်နိုင်ငံက တပြိုင်နက်တည်း ဖိအားပေး၊ လားရှိုးမြို့ တရက်အတွင်း ၄ ကြိမ် ဗုံးကြဲ


(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၄⁨⁨⁨⁨⁨⁨

ရှမ်းမြောက် လက်နက်ကိုင် အဖွဲ့တွေကို စစ်ကောင်စီနဲ့ တရုတ်နိုင်ငံက တပြိုင်နက်တည်း ဖိအားပေး၊ လားရှိုးမြို့ တရက်အတွင်း ၄ ကြိမ် ဗုံးကြဲ

MNDAA ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ က ဦးဆောင်ပြီး ဗမာနဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင် တပ်ရင်းတွေ ပူးပေါင်းပါဝင်တဲ့ တပ်တွေ ဇူလိုင်လကုန် သြဂုတ်လဆန်းမှာ လားရှိုးမြို့ ကို သိမ်းယူခဲ့ပြီးနောက် တလကျော်အကြာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု တဖြည်းဖြည်း အကြိမ်ရေစိပ်လာခဲ့ပြီးနောက် အခုရက်ပိုင်းမှာ ယခင်သီတင်းပတ်တွေထက် ပိုမိုများပြားတဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ရှမ်းမြောက်ဒေသနဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက ကချင်ပြည်နယ် ဒေသအချို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေချိန်မှာပဲ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း နယ်စပ်တလျှောက် ကုန်သွယ်ရေး ဂိတ်တွေမှာ ကုန်ပစ္စည်းတချို့ကို မြန်မာနိုင်ငံဘက် တင်သွင်းမှု ကန့်သတ်တဲ့ အမိန့်တွေထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံက ၄င်းနိုင်ငံဘက်ကနေ မြန်မာဘက်ကို တင်သွင်းမယ့် လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ လောင်စာဆီ၊ ရိက္ခာ တို့ကို တင်သွင်းခွင့်မပြုပဲ ကန့်သတ်လိုက်ပါတယ်။ အခုလို တရုတ်နိုင်ငံက လုပ်ဆောင်တာဟာ တရုတ်နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ မြန်မာပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကို လက်ရှိရောက်နေတဲ့ အနေအထားမှာ ရပ်တန့်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တယ် ဆိုတာ အားလုံးသိရှိပြီးတဲ့ ကိစ္စတရပ်လည်း ဖြစ်ပါတယ်။ သြဂုတ်လကုန်ဝန်းကျင်က မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်နဲ့  ဝ လက်နက်ကိုင် တပ်က တာဝန်ရှိသူတွေ တရုတ်နိုင်ငံထဲမှာ တွေ့ဆုံတဲ့ အစည်းအဝေးမှတ်တမ်း ပေါက်ကြားလာရာမှာ အထက်ပါ နောက်ကွယ်က အကြောင်းအရာတွေ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ စစ်ရေး နိုင်ငံရေးအာဏာချိန်ခွင်လျှာ၊ နယ်မြေထိန်းချုပ်မှု စတာတွေမှာ မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေကို မလိုလားဘဲ နေပြည်တော်လို့ ခေါ်ဆိုတဲ့ လက်ရှိ အာဏာသိမ်း စစ်တပ်ရဲ့ အနေအထား သိသာထင်ရှားစွာ လျော့ကျသွားတာမျိုးကို မလိုလားသလို စစ်ရေး အင်အားကောင်းလာတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေတိုးချဲ့ သိမ်းယူမှုကိုလည်း အားပေးထောက်ခံခြင်း မရှိတာကို အစည်းအဝေး မှတ်တမ်းမှာ ထင်ရှားစွာတွေ့နိုင်တာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံက နယ်စပ်ကုန်သွယ်ရေးဂိတ်တွေမှာ ၄င်းတို့ဘက်က ပို့ကုန် အမျိုးအစားအချို့ ကို ကန့်သတ်ခြင်းဟာ မန္တလေးမြို့ က တရုတ်ကောင်စစ်ဝန်ရုံးကို ပေါက်ကွဲစေတဲ့ အရာနဲ့ ပစ်ခတ်ခဲ့တဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး သတင်းဌာနအချို့က ဖေါ်ပြခဲ့ကြသော်လည်း ပိုပြီးဖြစ်နိုင်ခြေရှိတဲ့ အချက်က မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အပစ်ရပ်ဖို့ ဖိအားပေးတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်သွားဖို့ တရုတ်နိုင်ငံရဲ့ ဖိအားက ဘယ်လောက် အတိုင်းအတာထိ ထိရောက်မှုရှိသလဲဆိုတာ အခုနေ အကဲဖြတ်ဖို့ စောသေးတဲ့ အနေအထားလို့ ဆိုကောင်းဆိုနိုင်ပါတယ်။ 

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးလို ကုန်သွယ်မှု ဗဟိုချက်နဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းအကြား ဆက်သွယ်ထားတဲ့ မဟာဗျူဟာလမ်း၊ ပြည်ထောင်စုလမ်းမကြီး အစရှိတဲ့ ကားလမ်းတွေ ရှိပေမယ်လို့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ စစ်ကောင်စီဘက်က ဖြတ်တောက်ပိတ်ဆို့မှုတွေကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသတွေက တရုတ်နိုင်ငံဘက်က လူသုံးကုန်ပစ္စည်း၊ ရိက္ခာ၊ လောင်စာဆီ တို့ကို အားကိုးနေရတာ ဖြစ်ပြီး ခုရက်ပိုင်းအတွင်း တရုတ်နယ်စပ်က ကုန်ပစ္စည်းကန့်သတ်မှု လုပ်ဆောင်လိုက်တဲ့နောက်မှာ မြစ်ကြီးနားမြို့မှာ ကုန်စည်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာပါတယ်။ 

စစ်ပွဲတွေ ဖြစ်ပွားလာတဲ့အခါ လက်နက်ကိုင် ရန်သူနဲ့ချည်း တိုက်ခိုက်ကြတာမဟုတ်ဘဲ တဖက်လက်နက်ကိုင် အင်အားစု အမှီအခိုပြုတဲ့ လူထုကိုပါ အဆိုပါလက်နက်ကိုင် အဖွဲ့ကို ထောက်ခံအားပေးမှုလျော့ကျအောင် ဖိအားပေးကြတာလည်း ဖြစ်ပါတယ်။ 

အလားတူ ရှမ်းမြောက်ဒေသက TNLA, MNDAA ထိန်းချုပ်နယ်မြေတွေမှာလည်း ကုန်ပစ္စည်း ပြတ်လပ်မှုဒဏ်ကို ခံစားကြရမယ့် အနေအထား ဖြစ်ပြီး ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာ စောင့်ကြည့်ကြရမယ့်သဘော ဖြစ်ပါတယ်။ 

တဖက်မှာ စစ်ကောင်စီကတော့ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မြို့တွေကို လေကြောင်းတိုက်ခိုက်မှု ပိုပြီးလုပ်ဆောင်လာပြီး သတင်းအချက်အလက် စုဆောင်းထားတဲ့ စစ်ရေးပစ်မှတ် လိုမျိုးသာမကတော့ပဲ အခြေခံ အဆောက်အဦဖြစ်တဲ့ အုပ်ချုပ်ရေး၊ စီးပွားရေးဆိုင်ရာ အဆောက်အဦတွေကိုပါ ပစ်မှတ်ထား ဖျက်ဆီးနေတဲ့ အနေအထားတွေ တွေ့လာရပါတယ်။ ယမန်နေ့က ပစ်မှတ်တွေထဲ လားရှိုးမြို့က အရက်ချက် စက်ရုံတရုံလည်း ပါဝင်နေတာတွေ့ရပါတယ်။ 

လားရှိုးမြို့ ကို MNDAA သိမ်းယူပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ အချို့သော မြို့နေ လူထုအနေနဲ့ မိမိတို့နေအိမ်တွေဆီ ပြန်လာနေထိုင်ခဲ့ကြပြီး ကိုးကန့်လက်နက်ကိုင် အဖွဲ့ကလည်း ကျန်းမာရေး နဲ့ အခြား လူထုဝန်ဆောင်မှု လုပ်ငန်းတွေကို တက်ကြွစွာ လုပ်ဆောင်နေခဲ့တာ တွေ့ရပါတယ်။ ဒီလို အနေအထားကန လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုအကြိမ်ရေ များပြားလာတဲ့နောက် မြို့လူထုအဖို့ ထပ်မံတိမ်းရှောင်ဖို့ ဖိအားတွေ ဖြစ်ပေါ်လာစေပြန်ပါတယ်။ 

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု နဲ့ တရုတ်နိုင်ငံရဲ့ ကုန်စည်ပိတ်ဆို့မှုတွေက ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေအဖို့ လက်လျှော့အရှုံးပေးစရာ ဖိအားလို့ မဆိုနိုင်ပေမယ့် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်နေမှာ အသေအချာပင် ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပီဒီအက်ဖ်တပ်ဖွဲ့တွေနဲ့ ဒေသအလိုက် စုဖွဲ့ထားတဲ့ လိုကယ်ပီဒီအက်ဖ်တွေနဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအတွက်ကတော့ စစ်ကောင်စီကို ပြည်မဒေသကနေ ဖယ်ရှားနိုင်ရေး၊ သို့မဟုတ်ရင်လည်း ရေတိုကာလအတွင်းမှာ စစ်ကောင်စီခြေကုပ်စစ်စခန်းတွေကို  ဝန်းရံ ပိတ်ဆို့မှုတွေ တိုးမြှင့်လုပ်ဆောင်နိုင်ရေးဟာ အရေးတကြီးရည်မှန်းချက် ဖြစ်လာနိုင်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *