(မိုးမခ) အောက်တိုဘာ ၂၃ ၊ ၂၀၂၄
20/10/24
Diary in the darkness
ညကတညလုံး မိုးရွာ။ ရန်ကုန်မှာ ရေကြီး။ ရပ်ကွက်ထဲမှာလည်း မြောင်းတွေ ရေလျှံ။ ရပ်ကွက်ဈေးထဲမှာ ဆိုင်တွေ မဖွင့်။
လူမှုကွန်ရက်ပေါ်မှာ အိမ်ထဲရေဝင်တဲ့ပုံတွေတက်လာ။ မီးဖိုချောင် ရေဝင်နေလို့ ထမင်းမချက်နိုင်တဲ့အိမ်တွေ ဆိုင်မှာ ဝယ်စားကြ။ ဈေးကြီးပေမယ့် မတတ်နိုင်။ အချို့ ရေဘေးလွတ်တဲ့ အိမ်တွေ ၊ တိုက်ခန်းတွေ ပြောင်းနေကြရ။
မိုးကုတ်က စစ်ရှောင်တချို့ ရန်ကုန်ကို ပြောင်းလာကြ။ ရန်ကုန် ရောက်နေတဲ့ စစ်ရှောင် တချို့က မိုးကုတ်ကို ပြန်ကြ။ မိုးကုတ်မှာ ကုန်ဈေးနှုန်းတွေ အဆမတန်တက်နေ။ မူးယစ်ဆေးရောင်းသူ၊ သုံးစွဲသူတွေကို TNLA က မိုးကုတ်ထောင်မှာ ထိန်းသိမ်းထားတယ်။ အင်တာနက်တော့ ရတယ်။ SKY LINK ကို သုံးတယ်လို့ သိရ။
သန်းခေါင်စာရင်း တင်းတင်းကျပ်ကျပ်စစ်မေး ကောက်ခံနေတာကြောင့် နယ်ကမိသားစု တချို့ ရန်ကုန်ကို ခဏရှောင်နေကြရ။ အရွယ်ရောက်သူတွေကို အိမ်မှာ မတွေ့ရင် ချက်ချင်းဖုန်းခေါ်ခိုင်း။ စစ်ဘေး၊ ရေဘေး၊ သန်းခေါင်စာရင်းဘေး၊ စစ်မှုထမ်းဥပဒေဘေး၊ ဘေးမျိုးစုံရှောင်နေသူတွေ ရန်ကုန်မှာ ရောက်နေကြ။ အိမ်လခတွေလည်း ဈေးတက်။ ကုန်တိုက်တွေမှာလည်း ပစ္စည်းပြတ်လပ်မှု ကြုံရ။ ဒါဟာ မြဝတီမြို့က ဂိုဒေါင်တွေကို စစ်တပ်က တရာမဝင်ပစ္စည်းဥပဒေ အကြောင်းပြ သိမ်းလိုက်တာရဲ့ ဂယက်လို့ ကုန်သည်တွေက ပြောပါတယ်။
တရုတ်က တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးနေပေမယ့် တော်လှန်ရေးတပ်တွေကတော့ တမြို့ပြီးတမြို့ သိမ်းနေတုန်းပဲ။ သီပေါ၊ ပန်ဝါ၊ မြို့တွေသိမ်းလိုက်ပြီဆိုတဲ့သတင်းတွေနဲ့အတူ တော်လှန်ရေးတပ်တွေကို ပြည်သူတွေက ဝမ်းပန်းတသာ ကြိုဆိုနေပုံတွေ ပလူပျံနေ။ တနေ့က တော်လှန်ရေးတပ်သားတွေ သိမ်းခဲ့တဲ့ ဘုတလင်မြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်တွေက ရက်ရက်စက်စက် မီးရှို့ ၊ လူသတ်နေ။
သီတင်းကျွတ်ရက်အတွင်း မြို့ထဲက ဆွေမျိုးတွေအိမ်ကို ရောက်တယ်။ လူကြီးတွေကို ကန်တော့တယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စကားပြောဖြစ်တယ်။ သူတို့ တော်လှန်ရေးမီဒီယာတွေထဲမှာ TMmedia ကို အနှစ်သက်ဆုံးဖြစ်ကြောင်း ပြောလို့ အံ့ဩရတယ်။ အဲဒီမီယာက တင်ဆက်ပုံရှင်းလင်းပြီး တော်လှန်ရေးအပေါ်သုံးသပ်မှု ထက်မြက်တာကြောင့် နိုင်ငံရေး အထူးစိတ်ဝင်စားသူအများစုက လေးစားတဲ့ မီဒီယာပါ။ အခု နှစ်သက်တယ်ဆိုသူတွေက သင်္ဘောသားတွေ၊ အရာရှိတွေပါ။ သာမန်လူအများစုကတော့ ခေတ်သစ်မီဒီယာကို အများဆုံးနားထောင်ကြပါတယ်။ မယုံတဝက် ယုံတဝက်နဲ့ပေါ့။ ဘာပဲဖြစ်ဖြစ် စစ်ကောင်စီမီဒီယာထက်အများကြီး သာပါတယ်။ ပြည်သူတွေ ကြားချင်တဲ့ သတင်းမျိုးကို လက်ဦးအောင် လွှင့်ထုတ်နိုင်လို့ပါ။
တော်လှန်ရေးမီဒီယာတွေဟာ သတင်းတွေ မှန်ကန် တိကျ မြန်ဆန်ရုံသာမက ပြည်သူတွေကို ခွန်အားပေးခြင်း၊ လမ်းညွှန်မှုပေးခြင်း ဆိုတဲ့ တာဝန်တွေပါ ထမ်းဆောင်နေတာ တွေ့ရပါတယ်။ ဒါဟာ အခြေအနေနဲ့ အချိန်အခါက မွေးဖွားပေးလိုက်တာပါ။
မီဒီယာ ဆိုတာ ပရော်ဖက်ရှင်နယ် ဆန်ရမယ်၊ ဘက်မလိုက်ရဘူး ဆိုတဲ့ အယူအဆဟာ အခုလိုချိန်ခါမှာ ပြည်သူတွေ လိုအပ်ချက်နဲ့ မကိုက်ညီတာ တွေ့ရပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ မကိုက်ညီတဲ့ အယူအဆဟာ မှေးမှိန်လေ့ရှိတာ သဘာဝပါပဲ။ အယူအဆတွေ၊ ဝါဒတွေ၊ ခံယူချက်တွေ၊ ယုံကြည်ချက်တွေဆိုတာ အခြေအနေ အချိန်အခါနဲ့အညီ ပြောင်းလဲတတ်တဲ့သဘော ရှိဟန်တူပါတယ်။
အန်ကယ် တူမီး
20/10/24
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar