ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ်ကို ယနေ့ (အောက်တို ဘာ ၂၂) နံနက် ၁၁ နာရီခွဲ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
KNU ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်နေသည့် ပုံမှန်အစည်းအဝေး တစ်ခု ကျင်းပနေချိန် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အစည်းအဝေးဖျက်သိမ်းကာ လူစုခွဲခဲ့ကြောင်း KNU တပ်မဟာ (၇) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
KNU ၏ ဌာနချုပ်လည်းဖြစ်သလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ဌာနချုပ် နယ်မြေ တိုက်ခိုက်ခံရမှုသည် အာဏာသိမ်းပြီး ၄ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် ဖြစ်ပြီး လူအထိအခိုက်မရှိကြောင်း KNU အဆင့်မြင့်အရာရှိတစ်ဦး ကလည်း အတည်ပြုသည်။
“ဒီနေ့ ၁၁ နာရီခွဲမှာ ဖြစ်တာပါ။ ဒီနေ့ ၄ လုံး လာပစ်တယ်။ ထိခိုက်ဒဏ်ရာရမှု ဘာမှမရှိဘူး။ ထမင်းရုံ နည်းနည်းပျက်သွားတယ်။ ထမင်းစားတဲ့နေရာပေါ့” ဟု KNU အဆင့်မြင့်အရာရှိက ဆိုသည်။
” အခုလာပစ်တာ ဗဟိုဌာနချုပ်မှာပါ။ ဒီလိုမျိုး အရင်က မရှိဖူးဘူး။ ဒါက ပထမဆုံးအကြိမ်ပဲ။ ကျွန်တော်တို့ကလည်း သူတို့နဲ့တိုက်နေတာဆိုတော့ ကျွန်တော်တို့လည်း ကိုယ့်ဟာကိုယ်တော့ ပြင်ဆင်ရမှာပေါ့။ သူတို့ (စစ်တပ်) လာတိုက်ရင်တော့ ကျွန်တော်တို့က ခုခံရမှာပေါ့”
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကရင်ပြည်နယ်၊ မြ၀တီမြို့တောက်ဘက်၊ လေးကေ့ကော်မြို့သစ်အနီးရှိ ဗျူဟာမြောက် အမြောက်ကုန်းစခန်းတစ်ခုကို KNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သလို နာမည်ကျော် အောင်ဇေယျစစ်ကြောင်းကို အထိနာအောင် ထိန်းချုပ်တိုက်ခိုက်နေလျက်ရှိသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် KNU ၏ လှုပ်ရှားနယ်မြေများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မဟာ (၇) နယ်မြေတွင် တိုက်ပွဲ အနည်းဆုံး ဖြစ်ပွားခဲ့သည်ဟု သိရသည်။
KNU သစ်တောဌာန တာဝန်ခံ ပဒိုမန်းဘထွန်းက စစ်ကောင်စီက တပ်မဟာ (၇) ကို ခြိမ်းခြောက်သည့်သဘောဟု မှတ်ချက်ပြုသည်။
“အခုကတော့ (တိုက်ခိုက်ခံရတာ) ပထမဆုံးပေါ့ ။ အခုကတော့ သဲကွဲသွားတာပေါ့ ရှင်းသွားတာပေါ့” ဟု ၎င်းက ဆိုသည်။
“ ခြိမ်းခြောက်တဲ့ပုံစံမျိုးပေါ့။ လာတိုက်တဲ့ပုံစံမျိုးမဟုတ်ဘူး။ အသိပေးလိုက်တာပေါ့။ အဲဒီပုံစံမျိုး”
၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော လက်နက်ကိုင်တော်လှန်ရေးတွင် ဗုံးတပ်ဒရုန်းဖြင့် တိုက်ခိုက်မှုကို တော်လှန်ရေးအဖွဲ့များက စတင်လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည်။
တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး စစ်သည်အင်အား လုံလောက်မှုမရှိသော စစ်ကောင်စီသည် မြေပြင်လူအင်အားပို့ခြင်းထက် ဒရုန်း၊ လက်နက် ကြီး၊ လေကြောင်းပစ်ကူများ အသုံးပြုနေသည်။ အလားတူ တော်လှန်ရေးတပ်ဖွဲ့သုံး ဒရုန်းများ၏ ရန်ကို ကာကွယ်နိုင်ရန်၊ ဖျက်ချနိုင်ရန် လုပ်ဆောင်နေသည်။
စက်တင်ဘာနှင့် အောက်တိုဘာအတွင်း စစ်ကောင်စီသည် KNU အုပ်ချုပ်ရေးနယ်မြေ တပ်မဟာ (၃) ဒေသတွင် ပါဝင်သော ပဲခူးတိုင်းအရှေ့ခြမ်း၊ တပ်မဟာ (၄) နယ်မြေ တနင်္သာရီတိုင်းတို့တွင် ဒရုန်းတိုက်ခိုက်မှုများ အကြိမ်ရေ ခပ်စိတ်စိတ်လုပ်လာသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော ဗိုလ်ကြီးကောင်းသူဝင်းက စစ်ကောင်စီတပ်သည် အထိုင်စခန်းများတွင် ဒရုန်းများထားကာ အနီးဝန်းကျင်နယ်မြေများကို တိုက်ခိုက်လေ့ရှိသည်ဟု ဆို သည်။
“ သူတို့ဆီမှာ အထိုင်စခန်းတွေရှိတဲ့နေရာ ဒရုန်းတွေလည်းရှိတယ်။ ဒရုန်းတွေရဲ့ဗုံးသီးတွေ လွယ်လွယ် ကူကူ ရောက်ရှိနိုင်တဲ့နေရာ ဒါမှမဟုတ် လုံလုံလောက်လောက်ရှိတဲ့နေရာတွေကနေ သူတို့အနေနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ နယ်မြေဒေသတွေ သူတို့နဲ့ ရင်ဆိုင်ထားရတဲ့ ရင်ဆိုင်ကုန်းနဲ့ စခန်းတွေ ရှိရင်လည်း ဒီလိုမျိုးနေရာတွေကို ဗုံးကြဲတာပေါ့” ဟု ဗိုလ်ကြီးကောင်းသူဝင်းက ပြောသည်။
“ အထူးသဖြင့် ဗျူဟာလိုနေရာမျိုးတွေရှိရင် အဲဒီလိုနေရာတွေကနေ ဒီ…ဒရုန်းနဲ့ ဗုံးသီးချတာတွေ ဖြစ်တယ်”
တပ်မဟာ (၇) နယ်မြေသည် စစ်ကောင်စီ အခြေစိုက်တပ်ရင်းတပ်ဖွဲ့ အများအပြား အခြေစိုက်ရာ ဘားအံမြို့ပေါ်နှင့်နီးကပ်သည်။
မကြာသေးခင် အောက်တိုဘာ ၁၀ ရက်နံနက်က တပ်မဟာ (၇) နယ်မြေတွင် ပါဝင်သော ဘားအံမြို့ အရှေ့တောင်ဘက် ဝင်းစိန်ကျေးရွာတွင် သန်းခေါင်စာရင်းကောက်သူများအတွက် လုံခြုံရေးယူပေး သည့် စစ်သားများ ပခုံးထမ်းဗုံးပစ်လောင်ချာ (RPG) ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး စစ်သား ၃ ဦး သေဆုံးခဲ့သည်။