ylliX - Online Advertising Network
အရှေ့တောင်အာရှနိုင်ငံများ ရုပ်ကြွင်းလောင်စာအပေါ် ပိုမိုမှီခိုလာရမည့် အန္တရာယ်ရှိ - Dawei Watch

အရှေ့တောင်အာရှနိုင်ငံများ ရုပ်ကြွင်းလောင်စာအပေါ် ပိုမိုမှီခိုလာရမည့် အန္တရာယ်ရှိ – Dawei Watch


များပြားလာသော လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းရန် ရုန်းကန်နေသည့် အရှေ့တောင်အာရှဒေသသည် ရုပ်ကြွင်းလောင်စာများအပေါ် ပိုမိုမှီခိုလာရမည့် အန္တရာယ်ရှိနေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနအဖွဲ့အစည်းတစ်ခုက သတိပေးထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့်နှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၌ လျှပ်စစ်စွမ်းအင်လိုအပ်ချက် ၃.၆ ရာခိုင်နှုန်း ပိုတိုးလာခဲ့ကြောင်း သည်။ ရုပ်ကြွင်းလောင်စာများကို အသုံးပြု၍ အဆိုပါ စွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းခဲ့ကြောင်း ယူကေနိုင်ငံအခြေစိုက် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် Ember အဖွဲ့က ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ရုပ်ကြွင်းလောင်စာ ဆိုသည်မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မဟုတ်သည့် သဘာဝဝန်းကျင်နှင့် ရေမြေထိခိုက်ပျက်စီးစေပြီးမှ ထုတ်ယူရသော စွမ်းအင်ဖြစ်သည်။ ယင်းတို့တွင် ကျောက်မီးသွေး၊ ကျောက်မီးသွေးထုတ်ကုန်၊ သဘာဝဓာတ်ငွေ့၊ ရေနံ စသည့် စွမ်းအင်များ ပါဝင်သည်။

ရုပ်ကြွင်းလောင်စာအသုံးပြုခြင်း ကြောင့် ရေထု လေထုညစ်ညမ်းခြင်းနှင့် သဘာဝဝန်းကျင်ဖောက်ပြန်ခြင်းတို့ကို ဖြစ်စေနိုင်သည်။

အာဆီယံနိုင်ငံများ၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်တွင် ၂၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၂၆ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့သည်။ ယင်း၏ အဓိကအကြောင်းအရင်းမှာ မိုးခေါင်မှုနှင့် အခြားရာသီဥတုဖောက်ပြန်မှုများ၏ အကျိုးဆက်အနေဖြင့် ဒေသတွင်း ရေအားလျှပ်စစ်ထုတ်လုပ်မှု လျော့ကျလာခြင်းကြောင့်ဖြစ်ကြောင်း အဆိုပါသုတေသနအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဆီယံဒေသအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လုပ်မှုသည် ပြီးခဲ့သည့်နှစ်တွင် ၆.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ တန်ချိန် ၄၄ သန်း ထုတ်လွှတ်ခဲ့သည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဗီယက်နမ်၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများမှ တစ်ဆင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လှုပ်မှုအများဆုံးနိုင်ငံများ ဖြစ်သည်။ စင်္ကာပူနှင့် ထိုင်းနိုင်ငံ၌ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှုသည် သဘာဝဓာတ်ငွေ့သုံးစွဲမှုကြောင့် အဓိကဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာ၏ ဖော်ပြချက်အရ သိရသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ပြောင်းလဲအသုံးပြုရန် အာဆီယံနိုင်ငံများ၏ ကြိုးပမ်းချက်သည် လက်ရှိအနေအထားအတိုင်း ဆက်လက်နှေးကွေးနေပါက ယင်း၏ အကျိုးကျေးဇူးများကို လက်လွှတ်ဆုံးရှုံးနေရလိမ့်မည်ဖြစ်ကြောင်း၊ နေအားနှင့် လေအားလျှပ်စစ်တို့သည် လက်ရှိအချိန်တွင် ရုပ်ကြွင်းလောင်စာများထက် ကုန်ကျစရိတ်ပိုမိုသက်သာနေပြီဖြစ်ကြောင်းကို အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ပြောင်းလဲအသုံးပြုဖို့ ကြိုးပမ်းရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လက်ရှိအနေအထားအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် ဒီဒေသဟာ ရုပ်ကြွင်းလောင်စာတွေအပေါ် ပိုမိုမှီခိုလာရလိမ့်မယ်။ သန့်ရှင်းတဲ့ စွမ်းအင်နည်းပညာတွေကြောင့် ရလာမယ့် အခွင့်အလမ်းတွေကို လက်လွှတ်ဆုံးရှုံးရလိမ့်မယ်။ ရာသီဥတုဖောက်ပြန်မှုကို တားဆီးကာကွယ်ဖို့ ရည်ရွယ်ချမှတ်ထားတဲ့ ပန်းတိုင်တွေကို မပြည့်မီနိုင် ဖြစ်နေလိမ့်မယ်”ဟု ယင်းအစီရင်ခံစာက သတိပေးထားသည်။

အရှေ့တောင်အာရှဒေသတွင် လျှပ်စစ်စွမ်းအင် လိုအပ်ချက်ပမာဏသည် နှစ်စဉ် ၄ ရာခိုင်နှုန်း ပုံမှန်တိုးလျက်ရှိသည်ဟု နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ လျှပ်စစ်စွမ်းအင်လိုအပ်ချက်တွေက မြန်မြန်ဆန်ဆန် ကြီးထွားလာနေတယ်။ ဒီလိုအပ်ချက်ကို သန့်ရှင်းတဲ့ စွမ်းအင်နဲ့ အစားထိုးနိုင်ရေးက အရေးကြီးဆုံးအချိန်ကို ရောက်နေတယ်” ဟု Ember သုတေသနအဖွဲ့ကလည်း သတိပေးထားသည်။

ရေအားလျှပ်စစ်ထုတ်လုပ်ရေးနည်းလမ်းမှာ မိုးခေါင်ရေရှားမှုနှင့် အခြားရာသီဥတုဖောက်ပြန်မှုပုံသဏ္ဍန်များကြောင့် စိတ်ချမရနိုင်သည့် အန္တရာယ်ရှိနေကြောင်း ၊ ယင်းကြောင့် ဆိုလာလျှပ်စစ်စွမ်းအင်နှင့် လေအားလျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေးတို့မှာ ရေရှည်အတွက် အလားအလာအရှိဆုံးနည်းလမ်းနှစ်ခု ဖြစ်ကြောင်း အဆိုပါ သုတေသနအစီရင်ခံစာတွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ၂၀၃၅ ခုနှစ် ရာသီဥတုဖောက်ပြန်မှုတားဆီးကာကွယ်ရေးပန်းတိုင်ကို ပြည့်မီရန် လက်ရှိမြှုပ်နှံလုပ်ကိုင်နေသည်ထက် ငါးဆပိုတိုး၍ ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း နိုင််ငံတကာစွမ်းအင်အေဂျင်စီ(IEA)က ယနေ့ အင်္ဂါနေ့တွင် သတိပေးချက်ထုတ်ပြန်လိုက်သည်။ ယင်းနှင့်အတူ Ember သုတေသနအဖွဲ့၏ အစီရင်ခံစာကိုပါ ပူးတွဲဖော်ပြခဲ့ခြင်း ဖြစ်သည်။

အာဆီယံဒေသတွင် ကာဗွန်ထုတ်လုပ်မှုနှုန်းသည် ၂၀၅၀ ပြည့်နှစ် မတိုင်မီတွင် ၃၅ ရာခိုင်နှုန်း ပိုတိုးလာနိုင်ကြောင်း ပါရီအခြေစိုက် နိုင်ငံတကာအစိုးရပေါင်းစုံအဖွဲ့အစည်းတစ်ခု၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Ref: Al Jazeera



Source link

Leave a Reply

Your email address will not be published. Required fields are marked *