(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၂၄
စစ်ကောင်စီတပ်တွေ ရှမ်းမြောက်မှာ ခံစစ်ကနေ ထိုးစစ်ပြန်ဆင်လာ၊ ဘုတလင်မြို့နယ်ထဲက ရက်စက်စွာ သတ်ဖြတ်မှု
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကတွက်ရင် တနှစ်နီးပါး ကြာချိန်အတွင်း မြို့ပေါင်း တဒါဇင်ထက်မနည်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီ အနေနဲ့ ခုသီတင်းပတ်တွေမှာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာ တွေ့ရတဲ့အကြောင်း သတင်းဖော်ပြချက် အချို့မှာ စတင်တွေ့လာရတာ ဖြစ်ပါတယ်။
ရှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြထားတဲ့ သတင်းတပုဒ်မှာ နောင်ချို၊ ကွမ်လုံ၊ သိန္နီ၊ လားရှိုး စတဲ့မြို့တွေကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုများပြားလာသလို မြေပြင်ကလည်းထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ TNLA လက်နက်ကိုင် တွေ သိမ်းယူထားတဲ့ နောင်ချိုမြို့ ကို ဦးတည်တဲ့ စစ်ကြောင်းတွေ ပြင်ဦးလွင်မြို့ကနေ နောင်ချိုမြို့ဆီသွားတဲ့ လမ်းက ကျေးရွာတချို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းလည်း ဖော်ပြထားတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ပြင်ဦးလွင်ကနေ နောင်ချိုဘက်သွားတဲ့ ကားလမ်းမှာ နံပါတ်အနီနဲ့ အငှားကားတွေကို နောင်ချို၊ ကျောက်မဲဘက် အတက်ခွင့်မပြုတော့ကြောင်း ပြင်ဦးလွင်ဘက် အဆင်းကားတွေကိုတော့ ကန့်သတ်မှုမရှိတဲ့အကြောင်း ဖော်ပြချက်တွေအရ အဆိုပါ ကားလမ်းတလျှောက်မှာ အဲဒီလမ်းကြောင်းပေါ်မှာ ရှိတဲ့ အုမ္မသီးကျေးရွာတို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း သတင်းတွေ ဖော်ပြထားကြပါတယ်။
လနဲ့ချီ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် TNLA က သီပေါမြို့ သိမ်းယူပြီးချိန်မှာ နောင်ချိုမြို့နားက လနဲ့ချီ တိုက်ပွဲဖြစ်နေတဲ့ တောင်ခမ်းက စစ်စခန်း၊ တပ်ရင်းတွေကို TNLA အနေနဲ့ အင်အားဖြည့်လာနိုင်ခြေရှိသလို စစ်ကောင်စီဘက်ကလည်း အဲဒီဒေသမှာ ခုခံဖို့ အင်အားဖြည့်နေတဲ့ အနေအထားလည်း တွေ့ရပါတယ်။
လားရှိုးမြို့ကိုလည်း ပြန်လည်သိမ်းယူဖို့ ရည်ရွယ်တဲ့ ထိုးစစ်အတွက် လားရှိုးမြို့အရှေ့ဘက် မိုင်းရယ်မြို့ဘက်မှာ တပ်တွေပြင်ဆင်နေတယ် ဆိုတဲ့ သတင်းတွေလည်း မကြာခင်ရက်ပိုင်းတွေက ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အခုလို မြေပြင်က ထိုးစစ်ဆင်တဲ့ လက္ခဏာတချို့ စတင်တွေ့လာရချိန်မှာပဲ စစ်ကောင်စီ အနေနဲ့ ရှမ်းမြောက်က လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးလုပ်ဆောင်လာတာလည်း တွေ့နေရတာပါ။
နောင်ချို၊ ကွမ်လုံ၊ လောက်ကိုင်၊ လားရှိုး၊ သီပေါ တို့ကို အခုရက်ပိုင်း လေကြောင်းက ဗုံးကြဲမှုတွေ ပိုစိပ်လာသလို ယခင်က ဗုံးမကြဲခဲ့တဲ့ မြို့တွေကိုပါ ပစ်မှတ်ထားလာခြင်းက MNDAA နဲ့ TNLA တို့ကို တရုတ်နိုင်ငံက ဖိအားပေးလာတာနဲ့ ချိန်ကိုက်ပြီး ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာတဲ့ သဘောလားလို့ မှန်းဆရပါတယ်။
တရုတ်နိုင်ငံက ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်တို့မှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ တည့်တည့်လင်းလင်း ပြောဆိုပြီး အချို့သိမ်းယူထားတဲ့မြို့တွေ ပြန်စွန့်လွှတ်ဖို့ သဘောအထိ ဖိအားပေးနေတဲ့ အနေအထားမှာ စစ်ကောင်စီ အနေနဲ့ တရုတ်နိုင်ငံရဲ့ အားပေးထောက်ခံမှုကို အားပြုပြီး ရှမ်းမြောက်ကို ပြန်လည် ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာတဲ့ သဘောလို့ ကောက်ချက်ချရင် မှားမယ် မထင်ပါဘူး။
ဘုတလင်မြို့နယ်က ကျေးရွာအချို့မှာ စစ်ကောင်စီ စစ်ကြောင်းထိုးစဥ် ဖမ်းဆီးခံခဲ့ရတဲ့ အရပ်သားတွေ ရက်စက်စွာ သတ်ဖြတ်ခံရတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပေါ်ထွက်လာပြီး ဆိုရှယ်မီဒီယာ သုံးစွဲသူတွေအကြား ဖြန့်ဝေတာ ဝေဖန်ပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာနေတာတွေ့ရပါတယ်။
ယခင်လက PDF တပ်ဖွဲ့တွေက စစ်ကောင်စီ စစ်ကြောင်းတခုကို ကြားဖြတ်တိုက်ခိုက်ပြီး စစ်သုံ့ပန်းတွေ ဖမ်းဆီးနိုင်ခဲ့တဲ့ အဖြစ်အပျက်က စစ်ကိုင်းတိုင်းထဲ ပထမဆုံးသော စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြားကို ဖမ်းဆီးနိုင်ခဲ့တဲ့ ဖြစ်စဥ်တခုအဖြစ် သတင်းတွေမှာ ရေးသားဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်အတွက် စစ်ကောင်စီဘက်က လက်စားချေတဲ့ သဘောနဲ့ ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို ထိုးစစ်ဆင်နေတာလို့ ကောက်ချက်ချရပြီး ခုလလယ်ပိုင်းမှာ တပ်မ ၃၃ အောက်က အင်အား ၁၀၀ ဝန်းကျင် ရှိတဲ့ စစ်ကြောင်းက ကျေးရွာတွေကို ဝင်ချိန်မှာ စီပါကျေးရွာက ကျေးရွာခံ ၄ ဦးနဲ့ အခြား အမည်မသိသေးသူ ၂ ဦး၊ စုစုပေါင်း ၆ ဦးကို စစ်ကောင်စီတပ်တွေက ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်းတွေ ဖေ့စ်ဘွတ်ပေါ်မှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ သေဆုံးသူတွေအနက် အသက် ၇၀ အရွယ်ရှိသူ အမျိုးသား တဦးလည်း ပါဝင်တာတွေ့ ရပါတယ်။
အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရက်စက်စွာ သတ်ဖြတ်တဲ့ အဖြစ်အပျက်တွေက အခုမှ ဖြစ်ပွားတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စတဲ့ဒေသတွေမှာ ခေါင်းဖြတ်သတ်တာ၊ မီးရှို့သတ်ဖြတ်တာ၊ ကိုယ်လက်အင်္ဂါတွေ ပိုင်းဖြတ်ထားတာမျိုးတွေကို စစ်ကောင်စီရဲ့ တပ်ရင်းတချို့က ပြုမူလုပ်ဆောင်လေ့ရှိတာလည်း ဖြစ်ပါတယ်။
ယမန်နှစ်တွေတုန်းက မြင်းခြံမြို့နယ်မှာ PDF လက်နက်ကိုင် တပ်ဖွဲ့ဝင် ဗိုလ်ဆင်ရိုင်း ဆိုသူကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး ခေါင်းဖြတ်ယူဆောင်သွားတဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ အဆိုပါ ဖြစ်ရပ်က လက်နက်ကိုင် တပ်ဖွဲ့ဝင်ကို သတ်ဖြတ်တာ ဖြစ်ပြီး အခု ဘုတလင် မြို့နယ် စီပါကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကတော့ လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်တဲ့ အသက် ၆၀/၇၀ အရွယ်ရှိတဲ့ အရပ်သားတွေကို ရက်စက်စွာ သတ်ဖြတ်တာ ဖြစ်လို့ လူအများက အံ့အားသင့် နာကြည်းစရာအဖြစ် ရှုမြင်နေကြတာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar