( စိတ်မချမ်းမြေ့ဖွယ် ဖော်ပြချက်တချို့ ပါဝင်သည်)
မြန်မာပြည်တောင်ပိုင်း ကမ်းရိုးတန်းဒေသ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်တွင် ကော်သူးလေတပ်ဖွဲ့ (KTLA) က အရပ်သား ၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အရပ်သား ၃ ဦးစီ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး ဖြစ်ရပ်တစ်ခုမှာ ယခုလဆန်းတွင် ထားဝယ်မြို့အရှေ့ဘက် တွင် ဖြစ်ပွားခဲ့သည်။ နောက်ထပ် သတ်ဖြတ်မှုမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာမှ အရပ်သား ၃ ဦး အသတ်ခံရမှု ဖြစ်သည်။
ထိုအကြောင်းကို ဒေသခံများ၊ အသတ်ခံရသူအချို့၏ မိသားစုဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့များကို စုံစမ်းမေးမြန်း စာတမ်းပြုစုကာ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DMSC) ထားဝယ်ခရိုင်က အောက်တိုဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ သတ်ဖြတ်မှု ၂ ခုလုံးအတွက် KTLA က တာဝန်ခံရမည်ဟု DMSC ထားဝယ်ခရိုင်က ဆိုသည်။
သတ်ဖြတ်မှုများ
ယခုနှစ် အောက်တိုဘာ ၂ တွင် ထားဝယ်မြို့၌ နေထိုင်သည့် သက်လတ်ပိုင်းအရွယ် ဦးဆန်နီ၊ ဦးသန်းကြွယ် နှင့် ဦးမြင့်လွင်တို့ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာတွင် ခဲနှင့် သံထည်ပစ္စည်းများ လာဝယ်စဉ် KTLA တပ်ဖွဲ့ဝင်များ ကား ၂ စီးဖြင့် ရောက်လာကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု (DMSC) ထားဝယ်ခရိုင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဖမ်းဆီးသွားသူများသည် KTLA ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃) မှ KTLA တပ်ဖွဲ့ဝင်များဖြစ်ကြသည် ဟု အဆိုပါသပိတ်ကော်မတီက ဒေသခံများကို ကိုးကား၍ ပြောသည်။
ထို့နောက် ၆ ရက်အကြာ (အောက်တိုဘာ ၈) တွင် ထို ၃ ဦး၏ ရုပ်အလောင်းကို တပ်ရင်း (၃) စစ်ဆေးရေးဂိတ်အနီး ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့များက ပြန်တွေ့ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
မှောက်လျက်အနေအထားဖြင့် တွေ့ရပြီး တစ်ဦးကိုမူ လက်ပြန်ကြိုးတုပ်ထားကြောင်း၊ ပုပ်ပွနေသော ခန္ဓာကိုယ်တွင် ကျည်ဆန်ပေါက်များ၊ ဓားဖြင့် လှီးဖြတ်ခံထားရသည့်ဒဏ်ရာများ တွေ့ရကြောင်း DMSC ထားဝယ်ခရိုင် အဖွဲ့ဝင်က ဆိုသည်။
စစ်တပ်သတင်းပေးဟု စွပ်စွဲသတ်ဖြတ်ခံရခြင်းဖြစ်ပြီး ထိုကိစ္စအတွက် KTLA ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃) တွင် တာဝန်ရှိပြီး တာဝန်ခံရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
နောက်ထပ် သတ်ဖြတ်မှုတစ်ခုမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ထားဝယ်ခရိုင်၊ ရေဖြူမြိုနယ်၊ ကလိန် အောင်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာမှ အရပ်သား ၃ ဦး အသတ်ခံရမှုဖြစ်ပြီး သက်သေအဖြစ် ရုပ်သံဖိုင်များ ရရှိထားသည်။
ရွှေကျင်လုပ်ငန်း လုပ်ကိုင်နေကြသော ၅၂ နှစ်အရွယ် ဦးကျော်အေး၊ သူ၏ သားဖြစ်သူ ၂၂ နှစ် အရွယ် ကိုကျော်ဇောလင်း၊ ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက် ၃၈ နှစ်အရွယ် ကိုလှမြင့်တို့ ကျောက်လုံးကြီးရွာမှ ရွှေကျင်မည့်နေရာသို့ သွားရောက်စဉ် KTLA ၏ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၂)၊ တပ်ခွဲ (၅) ၏ ဖမ်းဆီးခြင်းခံလိုက်ရသည်။
ပဲခူးတိုင်းဇာတိဖြစ်သော ထို ၃ ဦးသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ထားဝယ်ခရိုင် ကျောက်လုံးကြီးရွာသို့ ရောက်လာကာ ချောင်းများတွင် တပိုင်တနိုင်ရွှေကျင်နေသူများ ဖြစ်ကြသည်။
၎င်းတို့ကို စစ်ကောင်စီသတင်းပေး ဒလန်များဟု စွပ်စွဲကာ သတ်ပစ်လိုက်ခြင်းဖြစ်ကြောင်း အထက်ပါ သပိတ်ကော်မတီထားဝယ်ခရိုင်အဖွဲ့ဝင်က Myanmar Now ကို ပြောသည်။
ရွှေကျင်သည့် လုပ်သား ၃ ဦးအနက် ကိုလှမြင့် သတ်ဖြတ်ခံနေရသည့် မှတ်တမ်းရုပ်သံဖိုင်များကိုလည်း ထိုကော်မတီက ပေးပို့ပေးသဖြင့် Myanmar Now က ကြည့်ခွင့်ရလိုက်သည်။
အဆိုပါ ရုပ်သံဖိုင်တစ်ခုအစတွင် “အစ်ကိုတို့က ကျွန်တော်တို့ကို အထင်လွဲနေတာ။ ကျွန်တော်တို့က ရိုးရိုးသားသားပါ” ဆိုသည့် ပြောဆိုနေသံကြားရသည်။
ရုပ်သံဖိုင်ထဲတွင် ကိုလှမြင့်ကို ပုဆိုးဝတ်ဖြင့်တွေ့ရပြီး တောင်စောင်းတစ်ခုပေါ် ဆွဲတင်သွားကာ သစ်ပင် တစ်ပင်အောက်တွင် သတ်ဖြတ်ခဲ့သည်ကို တွေ့မြင်ရသည်။
ပြောက်ကျားဘောင်းဘီဝတ်အမျိုးသားတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးက ဦးဆောင် သတ်ဖြတ်ကြ ခြင်းဖြစ်ပြီး ကိုလှမြင့်၏ ခန္ဓာကိုယ် ရှေ့ဘက်နှင့် နောက်ဘက်ကို ဓားမြှောင်ဖြင့် အချက်ပေါင်းများစွာ ထိုးကြသည်၊ ဓားမြှောင်ကိုင် အမျိုးသား ၂ ဦးက ကိုလှမြင့်၏ လည်ပင်းကို လှီးဖြတ် ခုတ်ထစ်နေသည် ကိုလည်း တွေ့ရသည်။
ပြောက်ကျားဘောင်းဘီ ဝတ်ထားသည့် အမျိုးသားသည် သတ်ဖြတ်မှုလုပ်နေစဉ် KTLA တပ်မတော်ဟု ပြောဆိုမှုရှိသလို ကင်မရာဘက်သို့လှည့်၍ “မိုက်လား ၊ ကြိုက်လား” ဟု မေးမြန်းသည်ကိုလည်း တွေ့ရ သည်။
ထိုအမျိုးသားကို တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဖမ်းဆီးထားသည်ဟု DMSC ထားဝယ်ခရိုင်အဖွဲ့ဝင်က ဆိုသည်။
၎င်း၏ ဖုန်းအတွင်းမှ သတ်ဖြတ်မှုကျူးလွန်သည့် မှတ်တမ်းရုပ်သံဖိုင်ရသဖြင့် ရွှေကျင်သူ ၃ ဦး အသတ်ခံရမှုကို သိရှိရခြင်းဖြစ်ကြောင်း ၊ အလောင်းများကိုမူ ပြန်မတွေ့ရကြောင်း သိရသည်။
KTLA တပ်ဖွဲ့ဝင်များက တနင်္သာရီတိုင်းတွင် ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်မှု ၁၀ ကြိမ်ထက်မနည်းရှိသော် လည်း ယခုထုတ်ပြန်သည့် အရပ်သား ၆ ဦး အသတ်ခံရမှုသာ သက်သေနှင့်တကွ သိရခြင်းဖြစ်သည်ဟု DMSC ထားဝယ်ခရိုင်အဖွဲ့က ဆိုသည်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့နယ်တွင် အာဏာသိမ်းမှုဆန့်ကျင် သည့် လူငယ်များက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကော်မတီဝင် ၉ ဦးဖြင့် DMSC ကို စတင်ဖွဲ့စည်းခဲ့သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သပိတ်များကို လက်ရှိအချိန်အထိ ပြုလုပ်နေဆဲဖြစ်ပြီး လုပ်ငန်း ကော်မတီ ၅ ခုဖြင့် ဆက်လက်လှုပ်ရှားနေသည်။ ယခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်နေ့ကလည်း တနင်္သာရီတိုင်း အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်သော ဗထူးတပ်မတော် (BHA) ဖမ်းဆီးထားသည့် ထားဝယ်နည်းပညာတက္ကသိုလ်မှ Non -CDM ကျောင်းအုပ်ကြီးနှင့် ဌာနမှူး ၂ ဦးကို ပြန်လွှတ်ပေးရန် DMSC က ကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့သည်။
ထားဝယ်ခရိုင်အတွင်း အရပ်သားများကို သတ်ဖြတ်သည့် ကိစ္စနှင့်ပတ်သက်၍ အကြောင်းအရင်းသိနိုင်ရန် KTLA ဆာကဆောတပ်မဟာ Facebook စာမျက်နှာ တာဝန်ရှိသူ နှင့် ပြန်ကြားရေးတာဝန်ရှိသူတို့ကို Myanmar Now က အောက်တိုဘာ ၁၇ ရက်ကတည်းက စာပို့မေးမြန်းထားသော်လည်း သတင်းရေးသားချိန်အထိ ပြန်ဖြေဆိုခြင်း မရှိသေးပေ။
တနင်္သာရီတိုင်းတွင် အခြေစိုက်သော KTLA ၏ ဆာကပေါ (ကြယ်အလင်းရောင်) တပ်ရင်း ပြန်ကြားရေး တာဝန်ရှိသူ ရဲဘော်ကိုချမ်းနှင့် အဆက်အသွယ် ရသော်လည်း ၎င်းက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆန်ထားသည်။
“ကျွန်တော့်တို့ တာဝန်ယူ လှုပ်ရှားမှုနယ်မြေ မဟုတ်လို့ မှတ်ချက်ပေးစရာမရှိပါဘူး” ဟု ၎င်းက Myanmar Now ကို ပြောသည်။
KTLA ဗဟို ခေါင်းဆောင် ဗိုလ်ချုပ်စောနယ်ဒါးမြကို WhatsApp မှ တဆင့် စာပို့မေးမြန်းသော်လည်း ပြန်ဖြေခြင်းမရှိပေ။
KNU ၏ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်အရ ထိုဒေသများသည် KNU တပ်မဟာ (၄) ဘိတ်-ထားဝယ် ခရိုင်တွင် ပါဝင်နေသည်။
KNU တပ်မဟာ (၄) အတွင်းရေးမှူး ပဒိုစောအယ်နားက KTLA သည် အရပ်သားများကို ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်လေ့ရှိပြီး KNU တပ်ဖွဲ့ဝင်များကိုလည်း ချုံခိုတိုက်ခိုက်လေ့ရှိ ကြောင်းဆိုသည်။
တနင်္သာရီတိုင်းရှိ KTLA ဆာကဆောတပ်မဟာ၏ လက်ရှိ ခေါင်းဆောင်ဖြစ်သူမှာ ဗိုလ်အယ်ခွီး (ခေါ်) ကော်လာဖိုး ဖြစ်သည်။
ဗိုလ်အယ်ခွီးသည် ယခင်က KNU မြိတ် – ထားဝယ်ခရိုင်မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဓားပြမှုကျူးလွန်ထား သဖြင့် KNU က အလိုရှိနေသူလည်းဖြစ်ကြောင်း ပဒိုစောအယ်နားက ပြောသည်။
“လူထုကို ဆန့်ကျင်ပြီး ဓားပြတိုက်တဲ့အတွက်ကြောင့် သူ့ကို KNU က လိုက်ဖမ်းတယ်၊ လိုက်ပစ်တယ်။ အဲဒီအချိန်မှာ သူက စစ်တပ်ဆီကို ၂၀၀၅ ခုနှစ်မှာ အလင်းဝင်သွားတယ်။ အလင်းဝင်ပြီး ပြန်ထွက်လာတဲ့ အချိန်မှာ KNU က ဆက်ပြီး လိုက်ဖမ်းတဲ့အတွက်ကြောင့် သူက ထိုင်းနိုင်ငံဘက်ကို ဝင်သွားတယ်။ စစ်တပ် အာဏာသိမ်းမှုဖြစ်တော့ သူက နယ်စပ်ကို ပြန်ရောက်လာပြီး KTLA ခေါင်းဆောင်တစ်ယောက် ဖြစ်လာတယ်” ဟု ၎င်းက ဆိုသည်။
ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DMSC) ထားဝယ်ခရိုင် အဖွဲ့ဝင်ကမူ တနင်္သာရီတိုင်းအတွင်း KTLA ခေါင်းဆောင်များက အောက်ခြေတပ်ဖွဲ့ဝင်တို့၏ ဖမ်းဆီးသတ်ဖြတ်နေမှုများကို လျစ်လျူရှု မထားသင့်ဟု မှတ်ချက်ပြုသည်။
“တာဝန်ရှိသူတွေ မသိတာမဟုတ်ဘူး၊ သိသိကြီးနဲ့ ထား ထားတယ်ပေါ့။ ကျွန်တော်တို့က သူတို့ပါ အလိုတူ အလိုပါလုပ်နေသလားဆိုတာမျိုး တွေးမိတယ်။ သူတို့က ဘာမှအရေးယူဆောင်ရွက်တာမျိုးမရှိတော့ အောက်ခြေတပ်ဖွဲ့ဝင်တွေက ဖြစ်ချင်တိုင်းဖြစ်နေတာ။ ဒီတိုင်းသာ ဆက်ထားမယ်ဆိုရင် ပိုဆိုးလာမယ့် အနေအထားရှိတယ်” ဟု ၎င်းက ပြောသည်။
ဒေသအခြေစိုက် အခြားသော တော်လှန်ရေးတပ်များနှင့် ပွတ်တိုက်မှု ဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီဘက်တော်လှန်ရေးအင်အားစုတွေကလည်း ပြည်သူတွေထိလာမှာကို ဘယ်လိုမှ လက်ပိုက်ကြည့်မနေ နိုင်ဘူးပေါ့။ အဲဒီတော့ အချင်းချင်းကြားမှာလည်း ပြဿနာတွေရှိလာနိုင်တယ်။ သူတို့တာဝန်ရှိတဲ့သူတွေ လည်း သူတို့ အောက်ခြေတပ်ဖွဲ့ဝင်တွေ ကျူးလွန်နေတာကို သိရက်နဲ့ မျက်လုံးမှိတ်ပြီး လက်ပိုက်ကြည့် မနေဖို့ ပြောချင်တယ်”
KNU တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေး တပ်မတော် (KNDO) ဟူ၍ လက်နက်ကိုင်အဖွဲ့ နှစ်ခုရှိသည်။
KNDO တွင် စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြက ၂၀၂၂ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် KTLA ကို တည်ထောင်ခဲ့သည်။
၂၀၂၁ မေလအတွင်း ဗိုလ်မှူးချုပ်နယ်ဒါးမြ လက်အောက်ရှိ KNDO တပ်ဖွဲ့ဝင်များသည် မြဝတီခရိုင်၊ ဝေါ်လေမြို့၊ ကနဲလေးရွာနှင့် မော်ခီးကျေးရွာကို ဆက်သွယ်မည့် အူးဟူချောင်းတံတား တည်ဆောက်ရေး လုပ်ငန်းခွင်မှ အရပ်သား ၂၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ သတင်းပေးများဖြစ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် သတ်ဖြတ်ခဲ့သည်။
အဆိုပါသတ်ဖြတ်မှုနှင့် ပတ်သက်၍ ထိုစဉ်က ဗိုလ်မှူးချုပ်အဖြစ် KNDO တွင် တာဝန်ထမ်းနေသော စောနယ်ဒါးမြ နှင့် ၎င်း၏ လက်အောက်မှ ဗိုလ်ကြီးစောဘာဝါးကို KNU ၏ စစ်ဘက်စည်းမျည်းစည်းကမ်း များ ချိုးဖောက်သည်ဟုဆိုကာ KNU က ၂၀၂၂ ဇန်နဝါရီလတွင် တာဝန်မှ အပြီးတိုင်ရပ်စဲခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်ကို မကျေနပ်သည့် စောနယ်ဒါးမြသည် ၎င်းကို ထောက်ခံသူများအား စုစည်းကာ KNU မှ ခွဲထွက်ပြီး KTLA ကို ယင်းနှစ်တွင် တည်ထောင်လိုက်သည်။
၎င်း ဦးဆောင်ဖွဲ့စည်းသည့် ကော်သူးလေအာမီကို အသိအမှတ်မပြုကြောင်း KNU နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့က နောက်တစ်နေ့ ဇူလိုင် ၂၀ တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြ သည်။
စတင်တည်ထောင်စဉ်က KTLA တွင် ဗိုလ်မှူးစောစလုံး ဦးဆောင်သည့် KNDO အထူးကွန်မန်ဒိုတပ်ရင်း (၁) အပါအဝင် ဗိုလ်မှူးစောဝင်းမြင့် ဦးဆောင်သည့် Venom စစ်ကြောင်း၊ KNDO မှ ဗိုလ်ကြီးစောအယ်ဆေးဝါး ဦးဆောင်သည့် တပ်ရင်း၊ တနင်္သာရီတိုင်းအခြေစိုက် ကော်လာဖိုး ဦးဆောင်သည့် တပ်ဖွဲ့တို့ ပါဝင်သည်။
နောက်ပိုင်းတွင် ဗိုလ်မှူးစောဝင်းမြင့် ဦးဆောင်သည့် Venom စစ်ကြောင်းနှင့် စောအယ်ဆေးဝါး ဦးဆောင် သည့် Lion စစ်ကြောင်းတို့သည့် KTLA မှ ခွဲထွက်လာပြီး KNU တပ်မဟာ ၆ နှင့် ပူးပေါင်းကာ စစ်ကောင်စီ တပ်ကို တိုက်နေသည်။
တနင်္သာရီတိုင်းတွင် ကျန်ရှိသည့် ကော်လာဖိုး (ခ) ဗိုလ်အယ်ခွီး ဦးဆောင်သည့် တပ်သည် အင်အား ၁၀၀ ဝန်းကျင်ရှိနိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ခန့်မှန်းကြသည်။
KTLA သည် KNU တပ်မဟာ (၆) နယ်မြေ ကရင်ပြည်နယ်၊ မြဝတီ-ဝေါလေဘက်နှင့် တပ်မဟာ (၄) နယ်မြေ ဘက်တွင် အများဆုံး လှုပ်ရှားသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်က ဘုတ်ပြင်းမြို့နယ်အတွင်း အရပ်သား ၈ ဦး သတ်ဖြတ်ခံရမှုမှာ KTLA ၏ လက်ချက်ဖြစ်သည်ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။ KTLA တပ်ရင်း ၃ တပ်ခွဲ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး စောဆာကညော့ကမူ ၎င်းတို့ ထိုအမှုကျူး လွန်ထားခြင်း လုံးဝမရှိကြောင်း ငြင်းဆိုထားသည်။
ယခုနှစ် ဇူလိုင်လအတွင်းကလည်း တပ်မဟာ (၄) နယ်မြေရှိ သစ်တောမှူးဟောင်း စောကဘော ဆိုသူကို သတင်းပေးသံသယဖြင့် ဖမ်းဆီးထိန်းသိမ်းထားစဉ် KNLA တပ်ဖွဲ့ဝင် နှစ်ဦးက စစ်ဆေးမေးမြန်း သတ်ဖြတ်ကြောင်း ကရင်သတင်းဌာန KIC တွင် ဖော်ပြထားသည်။
KTLA သည် KNU တပ်မဟာ ၄ နယ်မြေအတွင်း KNU နှင့် တိုက်ပွဲဖြစ်ပွားနေသည်။ကရင်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ထက်မနည်းရှိနေရာ KNU မှ ခွဲထွက်ပြီး ဖွဲ့ထားကြခြင်းဖြစ်သည်။