(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၂၄
ရုရှားရေတပ်က စစ်ရေယာဥ်တွေ ပါဝင်တဲ့ စစ်ကောင်စီရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှု၊ ရေးမြို့နယ် တောင်ပိုင်းကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီတပ် ကြိုးစား
ခုရက်ပိုင်းအတွင်း ရုရှားနိုင်ငံ ပစိဖိတ်ပင်လယ်ပြင်တပ်က စစ်ရေယာဥ် ၄ စီး ရေကြောင်းလုံခြုံရေး ဆောင်ရွက်ဖို့နဲ့ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ဆိုတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး မြန်မာစစ်ကောင်စီ ရေတပ်က တနင်္သာရီတိုင်း မြိတ်မြို့ အနောက်ဘက် ပင်လယ်ပြင်မှာ ရေတပ်စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်မယ့်အကြောင်း ထုတ်ပြန်ကြေညာထားတာလည်း တွေ့ရပါတယ်။
ရုရှား ရေတပ်က စစ်ရေယာဥ် ၄ စီးအနက် ၃ စီးက Corvette အမျိုးအစားလို့ခေါ်ဆိုတဲ့ ကမ်းရိုးတန်းတလျှောက် လုံခြုံရေး ကင်းလှည့်ရာမှာ သုံးလေ့ရှိတဲ့ ဒုံးကျည်တပ်ဆင်ထားတဲ့ တိုက်ခိုက်ရေး စစ်ရေယာဥ်တွေ ဖြစ်ပြီး ကျန်တစီးကတော့ ထောက်ပံ့ရေး စစ်ရေယာဥ် ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ သတင်းတွေ အရသိရှိရပါတယ်။
မြန်မာစစ်တပ်ဟာ စစ်ရေးဆိုင်ရာ လက်နက်ပစ္စည်းတွေ ဝယ်ယူမှု၊ ကျွမ်းကျင် လေ့ကျင့်သင်ယူမှုတွေ အပိုင်းမှာ ရုရှားနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှု များပြားပြီး ၂၀၂၁ ခုနှစ် စစ်အာဏာ မသိမ်းမီကာလတွေမှာ ကတည်းက စစ်အရာရှိတွေကို ရုရှားနိုင်ငံမှာ ပညာသင်ယူစတာ၊ တိုက်လေယာဥ်၊ စစ်ရဟတ်ယာဥ် နဲ့ အခြားသော ခဲယမ်းလက်နက်ပစ္စည်းတွေအတွက် ရုရှားကို အားကိုးအားထားကာ ဝယ်ယူနေခဲ့တာ ဖြစ်ပြီး အခုလို ရုရှားရေတပ်က စစ်ရေယာဥ်တွေ မြန်မာနိုင်ငံဆီ အလည်အပတ်လာရောက်တာလည်း ပထမဆုံးအကြိမ်မဟုတ်ဘဲ ဒုတိယအကြိမ်မြောက် ဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီ ရေတပ်က အက်ဒမန် ပင်လယ်မှာ လက်နက်ကျည် အစစ်တွေအသုံးပြုပြီး ပြုလုပ်မယ့် ရေတပ် ရဲ့ လေ့ကျင့်ရေးတွေက လက်ရှိဖြစ်ပွာနေတဲ့ ပြည်တွင်းစစ်ပွဲကို ဘယ်လို အထောက်အကူဖြစ်စေမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မရှိပေမယ့် စစ်ကောင်စီ အနေနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံ တနိုင်ငံဖြစ်တဲ့ ရုရှားနဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေး ထူထောင်ထိန်းသိမ်းထားလိုတဲ့ အချက်က ထင်ရှားတဲ့ အချက်ဖြစ်ပါတယ်။
မကြာသေးခင် လပိုင်းအတွင်း ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့အနီးက ငပလီမှာ အခြေစိုက်ထားတဲ့ ရေတပ်စခန်းတခုကို AA လက်နက်ကိုင် အဖွဲ့က တိုက်ခိုက်သိမ်းယူတာကို ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီအချက်က စစ်ကောင်စီရဲ့ ရေတပ်အဖို့ သိက္ခာကျဆင်းစရာ အဖြစ်အပျက်တခုလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
စစ်ကောင်စီရဲ့ မြေပြင်ကြည်းတပ်တွေ အနေနဲ့ ရှမ်းမြောက်၊ ရခိုင်၊ ကချင် နဲ့ မန္တလေးတိုင်း၊ ကရင်နီပြည် နဲ့ ကရင်ပြည်နယ် တို့မှာ တပ်စခန်း၊ နယ်မြေ၊ မြို့တွေ တခုပြီးတခု လက်လွှတ်ဆုံးရှုံးနေရချိန်မှာ စစ်အင်အားကို အဓိကအားကိုးပြီး နိုင်ငံရဲ့ အာဏာကို သိမ်းယူထားတဲ့ စစ်ကောင်စီတပ် အဖို့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် နိုင်ငံတကာမှာ ဝေဖန်ခံနေရတဲ့ ရုရှားနိင်ငံကို အားကိုးပြီး စစ်ရေးအင်အား တည်ဆောက်ဖို့ လုပ်ဆောင်နေတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။
လတ်တလော ရှမ်းမြောက်ဒေသက တိုက်ပွဲတွေ၊ နယ်မြေသိမ်းယူမှုတွေ နဲ့ ဆက်နွယ်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်း စစ်ရေးချိန်ခွင်လျှာကို ထိန်းညှိဖို့ ကြိုးစားနေတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံက မြန်မာစစ်ကောင်စီနဲ့ ရုရှားတို့ရဲ့ ဆက်ဆံရေးကို အနီးကပ်စောင့်ကြည့် အကဲဖြတ်နေလိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ တရုတ်နိုင်ငံဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ ရုရှားရဲ့ လုပ်ဆောင်မှုကို လူသိရှင်ကြား ထောက်ခံခြင်း မရှိသော်လည်း ကမ္ဘာ့အင်အားကြီးနိုင်ငံ အမေရိကန်နဲ့ နေတိုးအဖွဲ့ရဲ့ အင်အားချိန်ခွင်လျှာကိုလည်း တုံ့ပြန်ဖို့အတွက် ရုရှားကို လက်နက်ခဲယမ်း စစ်ရေးနည်းပညာပစ္စည်းတွေ ရောင်းချတာ ကူညီတာမျိုးတွေ လုပ်ဆောင်လျက်ရှိတယ်လို့ အများက ယူဆထားကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ပြဿနာမှာတော့ ရုရှားနိုင်ငံအနေနဲ့ လက်ရှိအချိန်ထိ လက်နက်ရောင်းချတာ၊ စစ်ရေး ကျွမ်းကျင်မှုဆိုင်ရာ အကူအညီပေးတာမျိုးအပြင် အခြားသော ရည်မှန်းချက်၊ အကျိုးစီးပွား ကြီးကြီးမားမား မတွေ့ရတာကြောင့် စစ်ကောင်စီ-ရုရှားဆက်ဆံရေးအပေါ် တရုတ်နိုင်ငံအနေနဲ့ ဆန့်ကျင်တာ၊ သတိပေးတာမျိုးတွေ မမြင်တွေ့ရသေးဘူးလို့ ဆိုနိုင်ပါတယ်။
ဒီနေ့အဖို့ နောက်ထပ် သတင်းအကြောင်းအရာ တခုကတော့ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ် ထိစပ်ရာဒေသက ကားလမ်းကြောင်းတလျှောက် စစ်ကောင်စီတပ်တွေနဲ့ မွန်ကာကွယ်ရေးတပ်၊ တနင်္သာရီတိုင်းက ပြည်သူ့ကာကွယ်ရေး တပ်၊ KNLA ၊ ABSDF နဲ့ YPDF တို့က စစ်ကောင်စီတပ်စခန်းတခုကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းထဲက ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်း၊ ရေဖြူ၊ ပုလော စတဲ့ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေး တပ်တွေ အသီးသီးဖွဲ့စည်းပေါ်ထွက်လာခဲ့ပြီး ယခင်က KNU/KNLA ရဲ့ တပ်မဟာ ၄ ဒေသအနေနဲ့သာ လက်နက်ကိုင် လှုပ်ရှားမှုရှိခဲ့တဲ့ ဒေသတွေမှာ PDF တပ်ရင်း တပ်ဖွဲ့တွေ အများအပြားပေါ်ထွက်ကာ လှုပ်ရှားလာခဲ့ကြပါတယ်။
အာဏသိမ်း စစ်တပ်အနေနဲ့ တနင်္သာရီဒေသမှာ လက်နက်ကိုင် တိုက်ပွဲတွေ အခုလောက် ကျယ်ပြန့်စွာဖြစ်ပွားလာမယ်လို့ မမျှော်လင့်ခဲ့ပေမယ့် စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကြာကာလမှာ တနင်္သာရီတိုင်းကိုလည်း နယ်မြေနဲ့ စစ်စခန်းတွေ ထပ်မဆုံးရှုံးရအောင် ခက်ခက်ခဲခဲ ခုခံတိုက်ခိုက်နေရတဲ့ အနေအထားမျိုး ရောက်နေတယ်လို့ ဆိုနိုင်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar