နေရာဒေသတစ်ခု၏ မိုးလေဝသအခြေအနေကို မေးလျှင် မိုးရွာနေသည်၊ လေတိုက်နေသည်၊ ပူသည်၊ အေးသည် စသည်ဖြင့် ပြောကြသည်။ ယင်း ‘မိုးလေဝသ’ဟူသောဝေါဟာရနှင့် နေရာအတော်များများ၌ တပူးပူး တတွဲတွဲ ရေးသား ပြောဆိုနေကြသော စကားလုံးတစ်ခုမှာ ‘ရာသီဥတု’ ဖြစ်သည်။ အချို့က မိုးလေဝသနှင့် ရာသီဥတုတို့ကို ရောထွေးကာ အဓိပ္ပာယ်တူဟု ထင်မှတ်မှားတတ်ကြသည်။
ရာသီဥတုဆိုသည်မှာ
နေရာဒေသတစ်ခု၏ မိုးရွာခြင်း၊ လေတိုက်ခြင်း၊ ပူခြင်း၊ အေးခြင်းတို့သည် ယင်းနေရာ ယင်းအရပ်၏ မိုးလေဝသအခြေအနေ ဖြစ်သည်။ ယင်းဒေသတွင် ကာလရှည်ကြာစွာ ဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများကို ခြုံငုံစုပေါင်း၍ အဆိုပါဒေသ၏ ရာသီဥတု မည်သို့ရှိသည်ဟု သတ်မှတ် ပြောဆိုကြသည်။ ဥပမာ အီကွေတာဝန်းကျင်အရပ်များတွင် တစ်နှစ်ပတ်လုံး ပူတတ်ကာ မိုးလည်း နေ့စဉ်လိုလို သို့မဟုတ် လအတန်ကြာ ရွာသွန်းနေသဖြင့် ယင်းဒေသ၏ နေ့စဉ် မိုးလေဝသအခြေအနေကို မေးလျှင် ပူသည်၊ မိုးရွာသည် စသည့် အဖြေများကိုသာ ကြားရမည်။ အဆိုပါ နေ့စဉ် ကြုံတွေ့ရသော မိုးလေဝသ အခြေအနေများကို ကာလကြာ စုပေါင်း၍ အီကွေတာဒေသတွင် ပူအိုက်စွတ်စိုသော ရာသီဥတု ရှိသည်ဟု ဆိုရသည်။ ဝင်ရိုးစွန်းအရပ်များတွင်မူ နေ့စဉ် အေးခဲသော မိုးလေဝသအခြေအနေများကိုသာ တစ်နှစ် ပတ်လုံး ကြုံတွေ့ခံစားကြရသဖြင့် ယင်းအရပ်များတွင် အေးသောရာသီဥတု ရှိသည်ဟု အသိအမှတ်ပြုကြသည်။
သုတေသနနှင့်နည်းစနစ်များ တစ်ဟုန်ထိုး တိုးတက်လာသော ယနေ့ခေတ်တွင် ရာသီဥတုကို အထက်ပါ အတိုင်း ”ဒေသတစ်ခု၌ ကာလ ရှည်ကြာစွာ ဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများ” ဟုသာ သတ်မှတ် ပြောဆိုခြင်းသည် ပြည့်စုံလုံလောက်ခြင်း မရှိတော့ဟု ပညာရှင် အများက ယူဆကြသည်။ ရာသီဥတုကို ဖြစ်ပေါ်စေရာတွင် ပါဝင်ခြယ်လှယ်သည့် ရေထု၊ လေထု၊ မြေထုတို့အပြင် သက်ရှိများကို တစုတစည်းတည်း သဘောထား၍ သတ်မှတ်လေ့လာသည့် ဘိုင်အိုစဖီးယားခေါ် ဇီဝထု စသည်တို့ကိုပါ ခေတ်သစ်သိပ္ပံက ယခင်ကထက် များစွာတိုးချဲ့လေ့လာနိုင်ပြီဖြစ်သည်။ ထို့ကြောင့် ”ရာသီဥတုဗေဒ”သည် ရာသီဥတုနှင့် အထက်ပါ သဘာဝအစိတ်အပိုင်းများ၏ ဆက်စပ် ပတ်သက်မှုကိုပါ ထည့်သွင်း တွက်ချက်လာနိုင်သည်။ ယခုအခါ ဒေသတစ်ခု၏ ရာသီဥတုအခြေအနေကို ဖော်ပြရာ၌ ယင်းဒေသ၏ ရေရှည် မိုးလေဝသ အခြေအနေများသာမက ယင်းအခြေအနေများနှင့် ပတ်သက်ယှက်နွယ်နေသော ရေထု၊ လေထု၊ မြေထု၊ ဇီဝထု စသည်တို့၏ အခြေအနေများပါ ထည့်သွင်း ဖော်ပြလာကြသည်။ ဥပမာ – ရာသီဥတုပြောင်းလဲခြင်းကြောင့် တိရစ္ဆာန်အချို့ နေရင်းဒေသကို စွန့်ခွာပြီး မိမိတို့နှင့် ကိုက်ညီသော ရာသီဥတု ရှိရာသို့ ပြောင်းရွှေ့နေထိုင်ခြင်း ဖြစ်သည်။
ပြောင်းလဲနေသောရာသီဥတု
ပညာရပ်၏ တိုးတက် ပြောင်းလဲခြင်းကို လိုလား ကြိုဆိုကြသော ရာသီဥတုဗေဒပညာရှင်တို့သည် ယင်းတို့ မလိုလားသော မကြိုဆိုလိုသော ပြောင်းလဲခြင်းတစ်ခုကို လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်မှစ၍ တွေ့ရှိခဲ့ကြသည်။ ယင်းမှာ ရာသီဥတုဗေဒ အခြေစိုက်ရာ ကမ္ဘာ့ရာသီဥတုစနစ်ကြီး တစ်ခုလုံး ပြောင်းလဲနေခြင်းပင် ဖြစ်သည်။
တစ်နေ့ချင်း၊ ရက်သတ္တတစ်ပတ်ချင်း သုံးသပ်ပါက ဒေသတစ်ခု၏ မိုးရွာ၊ နေပူ စသည့် မိုးလေဝသ အခြေအနေများ၏ ပြောင်းလဲနေမှုကို သိသာစွာ မမြင်နိုင်သော်လည်း ယင်းဖြစ်စဉ်တို့၏ ရေရှည်မှတ်တမ်းများ ဖြစ်ကြသော ရာသီဥတုအခြေအနေကို လေ့လာသောအခါ ကမ္ဘာ့ဒေသအားလုံး၏ ရာသီဥတုမှာ ပြောင်းလဲလာခဲ့ပြီ ဖြစ်ကြောင်း ခိုင်လုံစွာ သိလာကြသည်။ ဤနေရာ၌ ရာသီဥတုပြောင်းလဲခြင်း ဆိုသည်မှာ နွေရာသီမှ မိုးရာသီ၊ မိုးရာသီမှ ဆောင်းရာသီ စသည်ဖြင့် ရာသီတစ်မျိုးမှ နောက်တစ်မျိုးသို့ ကူးပြောင်း ရောက်ရှိခြင်းကို မဆိုလိုဘဲ ရာသီတစ်ခုအတွင်း၌ ပုံမှန်ဖြစ်နေကျ အခြေအနေများ ပုံမှန်မှ သွေဖည်လာခြင်းကို ဆိုလိုသည်။
အချို့နေရာများတွင် မိုးရွာသွန်းသည့် နေ့ရက်များတိုးလာနေပြီး အချို့ဒေသများတွင်မူ မိုးခေါင်သည့် ကာလ ရှည်လျားလာနေသည်။ ကမ္ဘာ၏ ‘ခေါင်ဖျား’ဟု ဆိုသော အာတိတ် ဒေသ၊ ကမ္ဘာ၏ ‘အောက်ခြေ’ ဖြစ်သော အန္တာတိကဒေသ၊ ဟိမဝန္တာတောင် ထိပ်များစသည်တို့၌ ရေခဲပြင်များ တတိတိ အရည်ပျော်လာနေသည်။ ပင်လယ်ရေပြင် တအိအိ မြင့်လာနေသည်။ သီးနှံအချို့၏ မှည့်ဝင်းချိန် ရိတ်သိမ်း ခူးဆွတ်ချိန်များ တရွေ့ရွေ့ ပြောင်းလာနေသည်။ အပူပိုင်းဒေသတွင်သာ ရှင်သန်နိုင်ခဲ့သည့် ရောဂါပိုးသယ် သတ္တဝါအချို့ သမပိုင်းသို့တိုင် တစ်စတစ်စ နယ်ချဲ့ရောက်ရှိ၍ ရောဂါဘယ ဖြစ်ပွားမှုနယ်ပယ်နှင့် အရေအတွက် တိုးပွား လာနေသည်။ ရာသီပြောင်းမှုကို မခံနိုင်၍ မျိုးသုဉ်းသွားသော သက်ရှိမျိုးစိတ် အရေအတွက် တဖြည်းဖြည်းများပြားလာနေသည်။ သန္တာကျောက်တန်းများ တဖြုတ်ဖြုတ် ပျက်စီးလာနေသည်။ ယင်းတို့မှာ ရာသီဥတု ပြောင်းလဲမှု၏ လက္ခဏာများ ဖြစ်ကြသည်။
ပြောင်းလဲခြင်းအကြောင်း
အကျိုးတရားတစ်ခု ပေါ်ပေါက်လာလျှင် ယင်းအကျိုးကို ပေါ်ပေါက်စေသော နောက်ခံအကြောင်းတရား ရှိမြဲဖြစ်သည့်အတိုင်း ရာသီဥတု ပြောင်းလဲလာရခြင်း၏ အကြောင်းရင်းကို လေ့လာသောအခါ ကမ္ဘာ့ကြီး ပူနွေးလာခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရှိကြသည်။ လူ့ခန္ဓာကိုယ် အပူချိန် ကြာရှည်တက်လာသောအခါ ခန္ဓာ၏ ဇီဝကမ္မစနစ်ကို ထိခိုက်ပြီး အစားအသောက် ပျက်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်းစသည်တို့ ဖြစ်လာသကဲ့သို့ လူတို့ မှီတင်းနေထိုင်ရာ ကမ္ဘာကြီးတွင်လည်း ပျမ်းမျှအပူချိန် တက်လာသဖြင့် အထက်ဖော်ပြပါ ရာသီဥတု ပြောင်းလဲမှု လက္ခဏာများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ကမ္ဘာကြီးပူနွေးလာခြင်း၏အကြောင်းရင်းကို ဆက်၍ လေ့လာလျှင် လူတို့က ရုပ်ကြွင်းလောင်စာများကို လောင်မြှိုက်ခြင်းဖြင့် ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို လေထုတွင်း သွတ်သွင်းကြခြင်းဟူသော ဖြစ်စဉ်ကို တွေ့ရမည်။
လူတို့သည် မိမိတို့၏ လက် ခြေစသော ကိုယ်အင်္ဂါလှုပ်ရှားမှုနှင့် ခွန်အားကို အသုံးချ၍ အသက်မွေးခဲ့ကြရာမှ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ ခန့်မှ စ၍ စက်ကိရိယာများကို တီထွင်အသုံးချခြင်းဖြင့် မိမိတို့၏လူနေမှုဘဝကို အရှိန်အဟုန်နှင့် မြှင့်တင်ခဲ့ကြသည်။ ယင်းစက်ကိရိယာများကို လည်ပတ် မောင်းနှင်ရန် လိုအပ်သည့် စွမ်းအင်အတွက် ရုပ်ကြွင်းလောင်စာများ ဖြစ်ကြသော ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တို့ကို အသုံးပြု လောင်မြိုက်ကြသည်။ ထိုသို့လောင်မြိုက်ရာမှ ဘေးထွက်ပစ္စည်းအဖြစ် ကာဘွန်ဒိုင်အောက်ဆိုက် ထွက်ပေါ်လာကာ လေထုတွင်း ရောက်ရှိသည်။
ကာဘွန်ဒိုင်အောက်ဆိုက်သည် မူလကပင် လေထုတွင်း ရှိနှင့်နေပြီးသော ဓာတ်ဖြစ်ကာ ကမ္ဘာကို အလောတော် အပူချိန်၌ နွေးထွေးစေခြင်းဖြင့် အကျိုးပြုနေသည်။ သို့သော် လူတို့၏ ပယောဂကြောင့် ယင်းဓာတ်များ လေထုတွင်း ထပ်ဝင်လာသောအခါ ရှိသင့်သည့် ပမာဏထက် ပိုလာသဖြင့် ကမ္ဘာ့အပူချိန် တက်လာရသည်။
မသိမှုအရင်းခံ
စက်များကို တစ်ချိန်ထက် တစ်ချိန် အလုံးအရင်းနှင့်တိုးမြှင့် အသုံးပြုခဲ့ကြသော လူတို့သည် မိမိတို့၏ ပယောဂကြောင့် ကမ္ဘာ့အပူချိန် တက်လာနေမှန်း၊ ရာသီဥတုပြောင်းနေမှန်း အချိန်အတော်နှောင်းမှ သိကြသည်။ အကယ်၍ စောစီးစွာ သိခဲ့ပါလျှင် ယခုကဲ့သို့ ကမ္ဘာ့အပူချိန် လျင်မြန်စွာတက်ပြီး ရာသီဥတုပါ ပြောင်းလဲခြင်း ဖြစ်မလာအောင် ဆင်ခြင်ထိန်းသိမ်းခဲ့ဖွယ် ရှိသည်။ သို့သော် ဖြစ်နေသည့် အကြောင်းရင်းနှင့် ဖြစ်လာမည့် အကျိုးဆက်တို့ကို ဆက်စပ်၍ သိနိုင်စွမ်းမရှိခဲ့သဖြင့် အပူချိန်တက်ကာ ရာသီပြောင်းလာ ခဲ့သည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲခြင်းသည် လူတို့၏ မသိမှုအကြောင်းမှ မြစ်ဖျားခံခဲ့သည်ဟု ကောက်ချက်ဆွဲယူနိုင်သည်။ မသိမှုဆိုရာတွင် တစ်ဦး တစ်ယောက် တစ်စုတစ်ဖွဲ့ တစ်ဒေသ တစ်နိုင်ငံတည်း၏ မသိမှုမျိုးမဟုတ်၊ လူသားတိုင်း၏ မသိမှုများ ဖြစ်ကြသည်။
တစ်ဖန် ရာသီဥတုပြောင်းလဲနေခြင်းဖြစ်စဉ်နှင့် ပတ်သက်၍ မသိမှု၏ ဇာစ်မြစ်ကို ခြေရာကောက်သောအခါ ကျယ်ဝန်းလှသော ကမ္ဘာသည် အနန္တ ဖြစ်သယောင် လူတို့က ထင်နေကြသောအချက်တွင် မြစ်ဖျားခံသည်။
ကမ္ဘာမြေပြင်ဧရိယာ စတုရန်းကီလိုမီတာ သန်း ၅၁၀ ကို လက်ရှိကမ္ဘာ့လူဦးရေ သန်း ၈၂၀ဝ နှင့် အချိုးချလျှင် လူတစ်ဦးအတွက် စတုရန်းမီတာ ၆၂၀ဝ၀ ခန့် ပျမ်းမျှနေရာရှိသည်။ ကျယ်ဝန်းလှသော ခြံကြီးတစ်ခု၏ အလယ်ရှိ အိမ်ကြီး ရခိုင်တွင် လူနှစ်ဦး သုံးဦးသာ ရှိသည့် မိသားစုသည် မိမိတို့ လူးလိုရာ လူး၊ လှိမ့်လိုရာလှိမ့်၊ အော်ချင်တိုင်း အော်၊ အညှော်ကြိုက်သလောက်လုပ်၊ အမှိုက်သရိုက် အညစ်အကြေး မည်မျှထွက်ထွက် မိမိအိမ်နှင့်ခြံ၏ သန့်ရှင်းမှုကို ချက်ချင်း မထိခိုက်နိုင်ဟု ထင်ကြသကဲ့သို့ လူတို့သည် မိမိတို့ စွန့်ထုတ်လိုက်သော အမှိုက်သရိုက် အညစ်အကြေးမျိုးစုံ အဆိပ်ငွေ့ စသည်တို့ကို ကျယ်ဝန်းလှသော ကမ္ဘာ၏ လေထု မြေထု ရေထုက သဘာဝအလျောက် သန့်စင် စုပ်ယူပျောက်ကွယ်သွားစေသည်ဟု ထင်မှတ်ကာ စွန့်ချင်တိုင်း စွန့်၊ ထုတ်ချင်တိုင်း ထုတ်ခဲ့ကြသည်။
တယုတယ ထွေးပိုက်ထားရမည့်ကမ္ဘာ
လူများ ထင်နေသကဲ့သို့ ကမ္ဘာသည် အပြောမကျယ်လှကြောင်း ပြသလိုက်သော ဖြစ်ရပ်တစ်ခု လွန်ခဲ့သော နှစ်ပေါင်း ၆၀ နီးပါးခန့်က ထွက်ပေါ်ခဲ့သည်။ ယင်းအချိန်က အမေရိကန်တို့သည် လကမ္ဘာလေ့လာရေးကို စူးစိုက် လုပ်ဆောင်နေခဲ့ရာ အပိုလို-၈ အာကာသယာဉ်ဖြင့် လကို လှည့်ပတ်လေ့လာရင်း ၁၉၆၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က အာကာသယာဉ်မှူး တစ်ဦး ရိုက်ယူပေးပို့လိုက်သော လ၏ မိုးကုပ်စက်ဝိုင်းပေါ်မှ ကမ္ဘာကြီး ထွက်ပြူလာသည့် ရှုခင်းမှာ ရင်သပ်ရှုမောဖွယ်ကောင်းသကဲ့သို့ အာကာသထဲတွင် အထီးကျန် လွင့်မျောနေသည့် ကမ္ဘာ၏ပုံရိပ်ကို လူတို့အား ကွက်ကွက်ကွင်းကွင်း ပြသလိုက်သည်။ ယင်းရှုခင်းကို မြင်ရသည့် အမေရိကန် မနုဿဗေဒပညာရှင် မာဂရက်မိ(ဒ်)က ”လကနေ ရိုက်ထားတဲ့ ကမ္ဘာရဲ့ပုံကို မြင်တော့မှ ဒီကမ္ဘာဟာ ဘယ်လောက်ငယ်သလဲ၊ ဘယ်လောက် အကူအညီမဲ့နေသလဲ ဆိုတာကို သိတော့တယ်၊ ကမ္ဘာဟာ ကျွန်မတို့ရဲ့ လက်မောင်းတွေကြားမှာ တယုတယနဲ့ ထွေးပိုက်ထားဖို့ ကောင်းတဲ့အရာပါ”ဟု ပြောခဲ့သည်။
ကမ္ဘာသည် မိမိတို့ ထင်ထားသလောက် မကြီးလှသဖြင့် လူတို့၏ လုပ်ဆောင်မှုများ၊ စွန့်ထုတ်လိုက်သည့် အမျိုးမျိုးသောအညစ်အကြေးများကြောင့် အလွယ်တကူ ညစ်ညမ်းလာနိုင်မှန်း စတင် ရိပ်မိလာကြသည်။
၁၉၇၈ ခုနှစ်တွင် ပြင်သစ်ကမ်းလွန် ဘရစ်တန်နီဒေသ ရေပြင်၌ ရေနံတင်သင်္ဘော အမိုကိုကာဒစ် နစ်မြုပ်ရာမှ ရေနံ အကြီးအကျယ် ယိုဖိတ်ခြင်းနှင့် ၁၉၈၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဘိုပါးလ်စက်ရုံ ဓာတ်ငွေ့စိမ့်ထွက်ခြင်းတို့ကလည်း ပတ်ဝန်းကျင်ညစ်ညမ်းမှုအန္တရာယ် ဆိုသည်မှာ စိုးရိမ်စရာ ဖြစ်ကြောင်း တပ်လှန့်ပေးသည်။ အဆိုပါ ဖြစ်ရပ်များမှာ အတိုင်းအတာအားဖြင့် မသေးငယ်လှသော်လည်း ပြင်သစ် ကမ်းလွန်ရေပြင်က ရေနံစိမ်းများ၊ အိန္ဒိယနိုင်ငံ ဘိုပါးလ်စက်ရုံ၏ အဆိပ်ငွေ့များသည် ကမ္ဘာ့ အခြားဒေသများသို့ ရောက်ရန် မဆိုထားဘိ၊ ဆိုင်ရာနေရာများတွင်ပင် အချိန်ကြာလာသောအခါ လူတို့၏ မြင်ကွင်းမှ ပျောက်ပျယ်သွားကြသည်။ ယင်းတို့၏ နောက်ဆက်တွဲ ဆိုးကျိုး ရောဂါဘယ ခံစားကြရသူအချို့ ရှိသော်လည်း ကမ္ဘာ့ပြည်သူများ၏ ရင်တွင် ကြာရှည်စွဲမြဲစွာ ရှိနေအောင် မများပြားလှချေ။ ထွက်ပေါ်ခဲ့သည့် ရေနံနှင့် အဆိပ်ဓာတ်ငွေ့များသည် အပြောကျယ်လှသောကမ္ဘာကြီး၏ လေ ရေ မြေထဲတွင် စိမ့်ဝင် ပျောက်ကွယ်ကာ သဘာဝဝန်းကျင်သည် ရှေးကအတိုင်း သန့်စင်မြဲ သန့်စင်နေခဲ့သည်ဟု အတွေးမှားခဲ့ကြပြန်သည်။
အိုဇုန်းအပေါက်
၁၉၈၅ ခုနှစ်တွင် အန္တာတိကဒေသ လေထု၌ အိုဇုန်းအပေါက်ကို တွေ့ရှိမှုသည် ကမ္ဘာ့ပတ်ဝန်းကျင် ရေးရာတွင် အများပြည်သူတို့ကို တစ်ဖန် နိုးကြားလာစေသည့်အချက် ဖြစ်သည်။ အိုဇုန်းလွှာ ပေါက်နေခြင်းက ကမ္ဘာ့ လေထုသည် လူတို့ ထင်ရာစိုင်းတိုင်း အပြောင်းအလဲ မရှိ ကြံ့ကြံ့ခံလိမ့်မည် မဟုတ်ကြောင်း ကွက်ကွက်ကွင်းကွင်းပြလိုက်သည်။ အိုဇုန်းလွှာသည် ကမ္ဘာ့တောင်ဘက်စွန်း အန္တာတိကတိုက်၏ အပေါ်ယံလေထုတွင် အဓိက ပေါက်သော်လည်း ထိုသို့ပေါက်မှုကြောင့် အာကာသထဲမှ အန္တရာယ် ခရမ်းလွန်ရောင်ခြည်များ ကမ္ဘာ့မျက်နှာပြင်တစ်ခုလုံးပေါ်သို့ ဖြန့်ကြက် ကျဆင်းလာ တော့မည်လားဟု အထိတ်တလန့်ဖြစ်ခဲ့ကြသည်။ သိပ္ပံပညာရှင်များနှင့် အစိုးရများ၊ အဖွဲ့အစည်းများက စက်မှုလုပ်ငန်းနှင့် အိမ်သုံးကိရိယာများမှ ထွက်သော အိုဇုန်းလွှာကို ပေါက်စေသည့် ဓာတုပစ္စည်းများကို ထိန်းချုပ်လိုက်နိုင်သဖြင့် အများစိုးရိမ်သည့်အဆင့်အထိ မရောက်ခဲ့ပေ။
သို့သော် ထိုအချိန်တွင်ပင် အိုဇုန်းလွှာပေါက်မှုနှင့် အခြား သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများထက် အဆပေါင်းများစွာဆိုးရွားသည့် ကမ္ဘာ့ရာသီဥတုဖြစ်စဉ်တစ်ခုလုံး ပြောင်းလဲနေသည်ကိုမူ အများက မရိပ်စားမိခဲ့ကြချေ။ စတင်ဖြစ်တည်စ ကိစ္စတို့၏သဘာဝအတိုင်း ရာသီဥတု ပြောင်းလဲမှုကို ကနဦးက မသိရှိသေး နားမလည်သေး သဘောမပေါက်သေးသည့်အပြင် ပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်းတို့သည် ဆက်စပ်မှု အနည်းငယ် ရှိသော်လည်း ကွဲပြားသော ဖြစ်စဉ်များမှန်း မသိခဲ့ကြချေ။
သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုသည်မှာ လေထု မြေထု ရေထုတွင်းသို့ ယင်းတို့၏ ရုပ်ပိုင်း ဓာတ်ပိုင်း ဆိုင်ရာ အပြောင်းအလဲများကို ဖြစ်စေသည့် ဓာတ်ပစ္စည်းများ ဝင်ရောက်ပေါင်းစည်းလာခြင်းဟု ဖွင့်ဆိုကြသည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုက လေ မြေ ရေတို့ထဲတွင် ရှင်သန်နေကြသည့် အပင်နှင့် သတ္တဝါတို့၏ နေထိုင်ရှင်သန်မှုကိုလည်း အနှောင့်အယှက် ဖြစ်စေ ထိခိုက်စေသည်။
ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်နေသည့် ရာသီဥတု ပြောင်းလဲခြင်းသည် ကာဘွန်ဒိုင်အောက်ဆိုက်စသည့် ဖန်လုံအိမ်ဓာတ်ငွေ့များ လေထုတွင်း ဝင်ရောက်၍ လေထု၏ဖွဲ့စည်းပုံကို ပြောင်းလဲစေကာ ကမ္ဘာ၏ ရုပ်ပိုင်းနှင့် သက်ရှိ ဇီဝပိုင်းဆိုင်ရာကို ထိခိုက်နေသဖြင့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲခြင်းတစ်မျိုး ဟု ဆိုနိုင်သည်။ သို့သော် အဆိပ်ငွေ့များကြောင့် လေထုညစ်ညမ်းခြင်း၊ ရေနံယိုဖိတ်မှု အညစ်အကြေးများစီးဝင်မှု စသည်တို့ကြောင့် ရေထုညစ်ညမ်း ခြင်းတို့မှာ ဖြစ်ပွားသည့် ဒေသတစ်ဝိုက်တွင်သာ ဆိုးကျိုးများကို ဖန်တီးပြီး ယင်းဆိုးကျိုးများမှာလည်း နှစ်အနည်းငယ်ကြာသောအခါ ပြေပျောက်သလောက် ဖြစ်သွားသည်။
လက်ဆင့်ကမ်းဆိုးမွေ
ရာသီဥတု ပြောင်းလဲခြင်းမှာမူ တစ်ကမ္ဘာလုံးကို ခြုံ၍ ဖြစ်ပေါ်နေပြီး ယင်း၏အကျိုးဆက်သည် ရာစုနှစ်နှင့်ချီ၍ ကြာမည် ဖြစ်၍ သာမန် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုထက် များစွာ ကျယ်ပြန့်ဆိုးရွားသည်။
လက်ရှိလူသားတို့က ယခုချက်ချင်း ရုပ်ကြွင်းလောင်စာအသုံး လုံးဝရပ်ဆိုင်းကာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်မှုကို ရပ်တန့်လိုက်ကြသည့် တိုင်အောင် လေထုတွင်း ရောက်နှင့်ပြီးဖြစ်သည့် ဓာတ်ငွေ့များ၏သတ္တိကြောင့် ရာသီဥတု ဆက်လက်ပြောင်းလဲနေဦးမည်။ ရုပ်ကြွင်းလောင်စာအသုံး လျှော့ကြလျှင်မူ လျှော့သည်နှင့်အမျှ ရာသီဥတုပြောင်းလဲမှု ပမာဏ လျော့မည်။ ရုပ်ကြွင်းလောင်စာအသုံး မလျှော့နိုင်ကြလျှင် ယနေ့ လူသားများနှင့် အနာဂတ်မျိုးဆက်တို့ခံကြရမည့် အကျိုးဆက်မှာ မတွေးဝံ့လောက်အောင် ဖြစ်သည်။
ကိစ္စရပ်တိုင်း၊ ဖြစ်စဉ်တိုင်းတွင် အဆိုပါကိစ္စ အဆိုပါဖြစ်စဉ်ကို ဦးစွာသိအောင်လုပ်ပြီး မှန်ကန်သော အကျင့်တရားနှင့် အားထုတ်လျှင် လိုသည့်ပန်းတိုင် ရောက်သကဲ့သို့ ရာသီဥတုပြောင်းလဲခြင်းတွင်လည်း လူသားတိုင်း မှန်ကန်သော အသိကို ရယူ အသုံးချ၍ အဆိုပါဖြစ်စဉ်၏ ဆိုးကျိုးများကို လျော့ပါးအောင် ကြိုးစားကြရန် အထူးလိုအပ်နေသည်။
ဤစာအုပ်များအပါအဝင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ စာအုပ်များသည် ယင်းဖြစ်စဉ်၏ဇာစ်မြစ်ကို ဖော်ထုတ်၊ သဘောတရားကို တင်ပြ၊ ဖြစ်ပေါ်နေသည်တို့ကို သိသာစေကာ ဆိုးကျိုးများကို လျော့ပါးစေနိုင်၊ ရှောင်ကွင်းနိုင်သည့်နည်းလမ်းများကို ညွှန်းဆိုသည့် စာအုပ်များ ဖြစ်ကြသည်။