ပုံအညွှန်း – မြဝတီကြိုဆိုပါ၏ ဆိုင်ပုဒ်ရှေ့တွင် တွေ့မြင်ရသည့် ဗျူဟာ၃၂စစ်ဆင်ရေးမှူးဗိုလ်ဒါဘောနှင့် တော်လှန်ရေးရဲဘော်များ (ပုံဟောင်း)
ဟန်ထူးဇော်
မြ၀တီမြို့အနီး လေးကေ့ကော်ဒေသကိုလက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်များက အာရှလမ်းမကြီးကို စိုးမိုးနိုင်ရေး မြေပြင်စစ်ကြောင်းထိုးမှု အပြင်းအထန်လုပ်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များက မဇ္ဈိမသို့ပြောသည်.
လေးကေ့ကော်မြို့သစ်နှင့် ၃၁ မိုင်အကွာ၊ မြ၀တီမြို့နှင့် ၂၁ မိုင်အကွာတွင်တည်ရှိသော ရင်ကွဲတောင်ကို စစ်ကောင်စီတပ်များက သိမ်းပိုက်နိုင်ရေး ကြိုးစားနေခြင်းဖြစ်သည်။
ရင်ကွဲတောင်ခြေရင်းတွင် ပဲခူးတိုင်းဘုရားကြီးမှသည် ကရင်-ထိုင်းနယ်စပ် စစ်ရေးနှင့် စီးပွားရေးအရ မဟာဗျူကျသော မြ၀တီမြို့သို့ဆက်သွယ်ထားသော အာရှလမ်းမကြီးရှိသည်။ မြ၀တီ ကုန်သွယ်ရေးစခန်းသည် တရက်လျှင် အမေရိကန်ဒေါ်လာ ငါးသန်းခွဲ ကုန်သွယ်မှုပမာဏရှိသည်။
” မြေပြင်ကတော့ အင်အားများတယ်။ ထိုးစစ်ပြင်းပြင်းထန်ထန်လုပ်နေတယ်။ အရင်ပုံစံမဟုတ်ဘူး။ အတင်းဝင်လုံးတာ၊ လက်နက်ကြီးပစ်ကူပေးပြီး တတ်တယ်” ”ဟု ကရင်စစ်ဘက်သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။
အင်အား ၂၀၀ ခန့်ပါ တပ်မ (၄၄)၊ တပ်မ (၅၅)၊ တပ်မ (၇၇)၊ ဒုံးတပ်၊ အမြောက်တပ်နှင့် ဒရုန်းတပ်များမှ စစ်သည်များကို ကောက်သင်းကောက်စုဖွဲ့ထားသော စစ်ကောင်စီတပ်သည် အနည်းဆုံး နေရာနှစ်ခုခွဲကာ ရက်သတ္တပတ်တပတ်ခန့်ကြာ ထိုးစစ်ဆင်မှုလုပ်နေရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နှင့် မဟာမိတ်များက ခုခံမှုကြောင့် အကြိမ်ကြိမ်တပ်လန်နေပြီး အထိအခိုက်အကျဆုံးများနေသည်ဟု ဆိုသည်။
ထို့အပြင် ယနေ့နံနက်က ရင်ကွဲတောင်ကြောတွင် တိုက်လေယာဉ်များဖြင့် သုံးကြိမ်ဗုံးကြဲတိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့သေးသည်။
မြဝတီမြို့အနီး လေးကေ့ကော်ဒေသကိုခြိမ်းခြောက်နေသည့် စစ်ကောင်စီ၏ စွယ်တော်ကုန်းဗျူဟာ အမြောက်စခန်းကုန်းကို KNLA/PDF ပူးပေါင်းတပ်ဖွဲ့မှ အောက်တိုဘာလ ၁၇ ရက်နေ့တွင် အပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းကြောင့် လေးကေ့ကော်သည် စစ်ကောင်စီကင်းစင်သည့် နယ် မြေဖြစ်လာသည်။
ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးစားနေသော စစ်ကောင်စီသည် ရင်ခွဲတောင်နှင့် မိုင် ၂၀ ခန့်အကွာတွင်ရှိသော ခြေလျင်တပ်ရင်း (၂၇၅) တပ်ကို လေကြောင်းဖြင့် ခဲယမ်းနှင့်ရိက္ခာဖြည့်တင်းမှုများလည်း ယနေ့နေ့လယ်တွင် လုပ်လာခဲ့သည်။ ခလ၇ (၂၇၅) ကို ဧပြီလအတွင်းက ကရင့်လက်နက်ကိုင်တပ်များ ရက်အနည်းငယ်ကြာသိမ်းနိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များက ပြန်လည်နေရာယူခဲ့သည်။
“ဒီနေ့ နေ့လည်လောက်မှာ ခလရ ၂၇၅ကို စစ်ကောင်စီက Y8အမျိုးစား ထောက်ပို့လေယာဉ်နဲ့ ရိက္ခာတွေ လက်နက်ခဲယမ်းတွေလာချသွားတယ် စွယ်တော်ကုန်း ကျသွားတော့ ၂၇၅ကို ဝင်တိုက်မယ် အထင်နဲ့ ခံစစ်ကောင်းကောင်းပြင်ဖို့ လုပ်နေတဲ့ ပုံစံဘဲ” ဟု ကရင့်တော်လှန်ရေးအဖွဲ့ အရာရှိတဦးက မဇ္ဈိမကိုပြောသည်။
ထောက်ပို့လေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည့် ရိက္ခာများသည် ခလရ (၂၇၅) တပ်ဝန်းထဲ မရောက်ရှိဘဲ မဲကနယ်ကျေးရွာနှင့် ကုန်သွယ်ရေးဇုန်ဘက်ကို ကျရောက်ခဲ့ကြောင်း မြဝတီမြို့ခံတဦးက မဇ္ဈိမကိုပြောသည်။
သို့သော် သတင်းများထွက်ပေါ်နေသလို စစ်ကောင်စီတပ်က လေထီးဖြင့် စစ်သည်များပို့ပေးခြင်းမဟုတ်ဘဲ ပစ္စည်းများသာချပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းရိုက်ကူးထားသော ဗီဒီယိုကိုပြသ၍ ပြောသည်။
လေးကေ့ကော်ကျပြီးနောက် အနားပတ်ဝန်းကျင်ရှိ စစ်တပ်စခန်းငယ်အချို့တွင်တပ်ရုတ်သိမ်းသွားပြီး စခန်းကြီးဖြစ်သော ရင်ကွဲတောင်နှင့် မိုင် ၅၀ အကွာရှိ သေ့ဘောဘိုးစခန်းတွင် သွားရောက်ပူးပေါင်းနေကြသည်။
မြဝတီ-ဝေါလေကားလမ်းမဘေးရှိ ဘလက်ဒို ကာကင်းစခန်း သုံးခုကို တော်လှန်ရေး Venom စစ်ကြောင်းမှ သိမ်းယူခဲ့ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ရေးသားထားသည်။
KNLA/PDF ပူးပေါင်းတပ်ဖွဲ့မှ အာရှလမ်းမကြီးကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ထိန်းချုပ်ခဲ့ပြီး သင်္ဃန်းညီနောင်မြို့ကို ၂၀၂၄ခုနှစ် မတ်လကတည်းက သိမ်းပိုက်ထားနိုင်ခဲ့သည်။
ကျရှုံးသွားခဲ့သည့် သင်္ဃန်းညီနောင်မြို့ရှိ တပ်ရင်းများကို ပြန်လည် ရယူနိုင်ရန် စစ်ကောင်စီက အောင်ဇေယျစစ်ဆင်ရေးအမည်ဖြင့် အခြားသောဒေသမှတပ်များပါခေါ်ယူကာ ဧပြီလမှ စတင်တာ ထိုးစစ်ဆင်နေခဲ့သော်လည်း အကျအဆုံးများကာ ရည်မှန်းချက်မပေါက်သေးဘဲဖြစ်နေသည်။