(မိုးမခ) အောက်တိုဘာ ၂၀ ၊ ၂၀၂၄
အခုတလော သတင်းလောကမှာ ပွဲဆူနေတဲ့ ‘တရုတ်က ဖိအားပေးလို့ ဗမာပြည်တွင်းက တော်လှန်ရေးတပ်ဖွဲ့တွေ အပစ်ရပ်ပြီး စကစနဲ့ စေ့စပ်ဆွေးနွေးဖို့ လုပ်ဆောင်လာနေရတယ်’ ဆိုတဲ့ပြဿနာကို ဘယ်လို ကြည့်မြင်သင့်သလဲ။
ဗမာပြည်သူတွေရဲ့ ၁၉၆၂ ဇူလိုင် ၇ ရက်နေ့က စခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲဟာ အတက်အကျ အနိမ့်အမြင့် အမျိုးမျိုးကို နှစ်ပေါင်း ၆၀ ကျော် စွန့်လွှတ်မှုများစွာနဲ့ ဖြတ်သန်းလာပြီးနောက် အခုလက်ရှိ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေး (အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးကြီးအပြီး)မှာ မကြုံစဖူး စိတ်အားတက်ဖွယ် အောင်ပွဲအများအပြား ရရှိလာခဲ့ပါတယ်။ ဒီလိုအရှိန်တက်နေစဉ်မှာ ဇက်သတ်လိုက်သလို ဖြစ်သွားရတဲ့အတွက် ဗမာပြည်သူတွေအနေနဲ့ ဒေါသူပုန်တွေထလာတာတွေဟာ သဘာဝကျပါတယ်။ တရားလည်း တရားပါတယ်။
တကယ်တော့ ဗမာပြည်ကြီးဟာ သယံဇာတ အလွန်ပေါကြွယ်ဝပါလျက် ဒီစစ်တပ်ကြောင့်ပဲ ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ ဖြစ်နေရရုံမက ဒီစစ်တပ်ကြောင့်ပဲ တိုင်းပြည်စည်းလုံးညီညွတ်ရေးကြီး ပြိုကွဲကာ-တိုင်းရင်းသားများအကြား သဘောထားအမျိုးမျိုး၊ ပယောဂအမျိုးမျိုးနဲ့အစိတ်စိတ်အမြွှာမြွှာကွဲပြီး မပြီးနိုင်မစီးနိုင် ပြည်တွင်းစစ်ကြီးကို ရေရှည်ဆွဲတိုက်နေရလေတော့ -လူမလေး ခွေးမခန့် ဓားမနောက်ပိတ်ခွေးဘဝ ရောက်နေရတာပါ။ ဒီတော့ ဟိုနိုင်ငံ မျက်နှာကြည့်ရ၊ ဒီနိုင်ငံ မျက်နှာထောက်ရနဲ့ မှီခိုသူဒုက္ခ တွေ့ရတော့တာပေါ့။
တရုတ်ပြည်ကြီးကိုယ်တိုင်လည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ လောက်က (ဗမာပြည်လိုပဲ ပြည်တွင်းစစ်ကြီးဖြစ်နေစဥ်က)ဒီလိုပဲ မှီခိုသူဒုက္ခ တွေ့ဖူးပါတယ်။ သူတို့ ဘယ်လိုကျော်ဖြတ်ခဲ့ကြသလဲ၊ ကြည့်ရအောင်ပါ။
၁၉၄၅ သြဂုတ် ၁၅ ရက် ဂျပန်တွေ စစ်မျက်နှာအသီးသီးမှာ လက်နက်ချလိုက်ရတော့ တရုတ်ပြည်ရဲ့ ဂျပန်ခုခံရေးစစ်ပွဲလည်း အောင်ပွဲရလိုက်ပါတယ်။
ဒီဂျပန်ကျူးကျော်မှုကို (ပြည်တွင်းစစ် တိုက်နေကြတဲ့) ကူမင်တန်နဲ့ ကွန်မြူနစ်တွေ တပ်ပေါင်းစုဖွဲ့ပူးပေါင်းတိုက်ခဲ့ကြတာပါ။ ဒီစစ်ပွဲလည်း ပြီးရော ကူမင်တန်နဲ့ ကွန်မြူနစ်တွေအကြား နယ်မြေအငြင်းပွားမှုများ ပေါ်လာတော့ ပြည်တွင်းစစ် ပြန်ဖြစ်လာမှာကို မလိုလားတဲ့ ကြီး ၂ ကြီး အင်အားကြီးနိုင်ငံများဖြစ်တဲ့ အမေရိကန်က (ကူမင်တန်ကို)နဲ့ ဆိုဗီယက်က (ကွန်မြူနစ်ကို) ဖိအားတွေ ပေးပြီး စေ့စပ်ဆွေးနွေးခိုင်းလို့ ချုံကင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတာ ပေါ်လာပါတယ်။
တကယ်တော့ ဥက္ကဋ္ဌမော် အမှူးပြုတဲ့ တရုတ် ကွန်မြူနစ်များဟာ ဂျပန်အောင်ပွဲအရှိန်နဲ့ တပြည်လုံးလွတ်မြောက်ရေးတိုက်ပွဲကို ဆက်တိုက်ချင်နေတာပါ။ ဆက်တိုက်ဖို့လည်း အဆင်သင့် ပြင်ဆင်ပြီးသား။ ဒါပေမဲ့ (ဆိုဗီယက်)စတာလင်က အဲဒီအချိန်မှာ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်ဖွဲ့ထားရတဲ့ အမေရိကန်သမ္မတ ရုစဘဲ့၊ ဗြိတိန်ဝန်ကြီးချုပ် ချာချီတို့နဲ့ ၁၉၄၅ နှစ်ဆန်းမှာပြုလုပ်တဲ့ ရောလ်တာအစည်းအဝေးကြီး (Yalta Conference)မှာ စစ်အပြီး ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေးအခြေအနေများကိုဆွေးနွေးတိုင်ပင်ညှိနှိုင်းပြီး အပြန်အလှန် အပေးအယူတွေ လုပ်ထားပြီးပါပြီ။ အမေရိကန်တွေက တရုတ် (ကူမင်တန်-ချန်ကေရှိတ်)ကို လက်လွှတ်မခံနိုင်ပါဘူး။ ဒါကြောင့် စတာလင်က ကူမင်တန်အစိုးရကို အသိအမှတ်ပြုထားရပြီး မော်တို့ကို စစ်ရပ်စဲပြီး စေ့စပ်ဆွေးနွေးဖို့ ဖိအားပေးရတာပါ။
မော်တို့မှာလည်း စတာလင်ကို မလွန်ဆန်နိုင်ပါဘူး။ ဆိုဗီယက်က (၁၉၂၇) ကတည်းက စခဲ့တဲ့-တရုတ်ကွန်မြူနစ်တွေရဲ့ တော်လှန်ရေးကို အများကြီး အကူအညီပေးခဲ့တာပါ။ တရုတ်ကွန်မြူနစ်ခေါင်းဆောင် အတော်များများဟာလည်း ဆိုဗီယက်ပြန်များပါ။ ဒီတော့ ဥက္ကဋ္ဌမော်က ချူအင်လိုင်နဲ့အတူ (တပါတီလုံးကို နားချပြီး)ချန်ကေရှိတ်ရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံပြီး ချုံကင်းဆွေးနွေးပွဲကိုသွားခဲ့ပါတယ်။ မော်က ဒါကို အခွင့်ကောင်းအဖြစ် အသုံးချပြီး လုပ်ငန်းဆွေးနွေးပွဲတွေကို ချူအင်လိုင်းနဲ့ လွှဲထားပြီး အဲဒီမှာရှိတဲ့ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ လိုလားသူတွေ၊ စတာတွေနဲ့တွေ့ကာ သူ့ရဲ့ ညွန့်ပေါင်းအစိုးရစာတမ်း–အခြေခံပြီး ပါတီပေါ်လစီတွေကိုဆွေးနွေးတာတွေ၊ အမြင်ဖလှယ်တာတွေ၊ အကြံဉာဏ်တောင်းတာတွေ လုပ်ပါတယ်။
ဒီလိုနဲ့ မော်ဟာ နဂိုကတည်းက ပါတီလိုလားသူများကိုသာမက ကူမင်တန်ရဲ့ ရုပ်ဖျက်ဝါဒဖြန့်မှုကြောင့် ကွန်မြူနစ်များနဲ့ ဆက်ဆံဖို့ နောက်တွန့်နေခဲ့ကြတဲ့ စီး ပွားရေးသမားကုန်သည်အသိုင်းအဝိုင်း၊ ဘာသာရေးသမားအသိုင်းအဝိုင်းတွေ ပါဝင်တဲ့ ကူမင်တန် မလိုလားသူများအားလုံးရဲ့ ထောက်ခံမှု လေးစားမှု၊ ယုံကြည်မှုတို့ကို ရရှိခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာတွန်းအားတွေကြားက ကိုယ့်တိုင်းပြည် ကိုယ့်တော်လှန်ရေးအကျိုးအတွက် ကျင်ကျင်လည်လည် ပါးပါးနပ်နပ်နဲ့ ကိုယ် လုပ်စရာရှိတာ လုပ်သွားတဲ့သဘောပါပဲ။
ဒါဟာ ၁၉၄၉ တရုတ်ပြည်ကြီး လွတ်မြောက်ချိန်ကစလို့ အခုလက်ရှိကာလအထိ အောင်မြင်စွာ စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ မော်ရဲ့ တီထွင်ဖန်တီးမှု(brain-child) လို့ ဆိုကြတဲ့ ‘ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်’ရဲ့ မျိုးစေ့ပါ။
ဒီလိုနဲ့ မော်ဟာ စတာလင်ရဲ့ ဖိအားကို လိုက်နာလိုက်ရပေမယ့် ကိစ္စဆိုးတွေကို ကိစ္စကောင်းတွေအဖြစ် လှည့်ပြောင်းလိုက်နိုင်ပါတယ်။ (စတာလင်ရော၊ ရုစဘဲ့ရော ချန်ကေရှိတ်ကို မကယ်နိုင်ခဲ့ပါဘူ။)
နောက်ပိုင်းမှာလည်း တရုတ်ကွန်မြူနစ်များအနေနဲ့ ဖိအားအမျိုးမျိုးတွေ တွေ့ရပေမယ့် ဒီလိုနည်းနာတွေရှာပြီး ကျော်နင်းခဲ့တာပါပဲ။
ဗမာပြည်က တော်လှန်ရေးသမားများဟာလည်း အဲဒီလိုပဲ ဖိအားအမျိုးမျိုးကို နည်းနာအမျိုးမျိုးနဲ့ မုချကျော်နင်းနိုင်အောင် ကြိုးစားကြရမှာပါ။
ဗမာပြည်ရဲ့ စစ်အာဏာရှင်စနစ်ဟာ မုချကျဆုံးမှာပါ။ ဘယ်သူမှ မကယ်နိုင်တော့ပါဘူး။
လှကျော်ဇော
၁၈-၁၀-၂၀၂၄။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar