ylliX - Online Advertising Network
မြန်မာ့အရေး ပိုမိုပါဝင်လာတဲ့ တရုတ်နိုင်ငံ၊ မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရ

မြန်မာ့အရေး ပိုမိုပါဝင်လာတဲ့ တရုတ်နိုင်ငံ၊ မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရ


(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၄⁨⁨⁨⁨⁨⁨

မြန်မာ့အရေး ပိုမိုပါဝင်လာတဲ့ တရုတ်နိုင်ငံ၊ မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရ

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့တဲ့ ဇူလိုင်လနောက်ပိုင်းမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံထဲက လက်နက်ကိုင် ပဋိပက္ခ၊ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ရဲ့ နယ်မြေ သိမ်းယူနိုင်မှုအနေအထား ထပ်ပြီးပြောင်းလဲလာပြီးနောက်မှာ တရုတ်နိုင်ငံက မြန်မာ့အရေးကို ပါဝင်မှုက ပိုမိုသိသာထင်ရှားလာတာ အားလုံး သတိထားမိကြပါလိမ့်မယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီနေပြည်တော်ကို လာရောက်တာ၊ အဲဒီရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျင်းပတဲ့ မဲခေါင်-လန်ချန်းအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ မကျော်ရမယ့် စည်း ၃ စည်းစတဲ့ ထုတ်ဖေါ်ပြောဆိုမှုတွေ အဲဒီနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း ဝ လက်နက်ကိုင် အဖွဲ့နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက မြို့တမြို့မှာ တွေ့ဆုံပြီး စစ်ရေး အနေအထားအပြောင်းအလဲ လားရှိုးမြို့ နဲ့ စစ်ဌာနချုပ် သိမ်းယူမှုစတဲ့ ရှမ်းမြောက်အရေး နဲ့ ပတ်သက်လို့ ဝ လက်နက်ကိုင် အဖွဲ့က တဖက်လှည့် အကူအညီပေးတဲ့ အနေအထားနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း သတိပေးတဲ့ ပြောဆိုမှုတွေ အစည်းအဝေးမှတ်တမ်းအရ အများသိရှိလာကြရတာ ကြောင့် တရုတ်နိုင်ငံရဲ့ ရပ်တည်မှု၊ သဘောထား၊ တတ်နိုင်သမျှ ဖိအားပေးသွားမယ့် အကြောင်း တည့်တည့် ပြောဆိုခဲ့တာတွေက မြန်မာ့အရေးမှာ တရုတ်နိုင်ငံ ပိုမိုပါဝင် ဖိအားပေးလာတာကို တွေ့ရှိကြရမှာ ဖြစ်ပါတယ်။ 

ထွက်ရှိလာတဲ့ ဝ လက်နက်ကိုင်အဖွဲ့နဲ့ အထူးကိုယ်စားလှယ်အကြား အစည်းအဝေး မှတ်တမ်းကို လေ့လာကြည့်ရင် တရုတ်နိုင်ငံရဲ့ သဘောထားက နေပြည်တော်လို့ တင်စားတဲ့ လက်ရှိအာဏာသိမ်း စစ်တပ်ရဲ့ အစိုးရပြုတ်ကျအောင် လုပ်ဆောင်တာတွေကို ဆန့်ကျင်သလို ပြည်တွင်းမှာ လက်နက်ကိုင်အင်အားအပေါ် အခြေပြုထားတဲ့ အာဏာပြိုင် ပြည်နယ်တွေ၊ ဒေသတွေပေါ်ထွက်လာမှာကို မလိုလားတာ၊ လက်ရှိ စစ်ကောင်စီတပ်စခန်း၊ မြို့တွေကို တိုက်ခိုက်နေတာတွေ အမြန်ဆုံးရပ်တန့်ဖို့က တရုတ်နိုင်ငံရဲ့ သဘောထားနဲ့ လိုလားချက် ဖြစ်တာတွေ့ရ ပါလိမ့်မယ်။ ဝ လက်နက်ကိုင် အဖွဲ့နဲ့ အထူးကိုယ်စားလှယ် တိန့်ရွှီကျင်းတို့ ရဲ့ အစည်းအဝေးမှတ်တမ်း ပေါက်ကြားမလာမီက မြန်မာနိုင်ငံ ပြဿနာတွေနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ သဘောထားကို ခန့်မှန်းပြောဆိုတာမျိုးတွေ ကောက်ချက်ချတာမျိုးတွေသာ ရှိခဲ့ပြီး ယခုလို တိတိကျကျ မသိရှိခဲ့ကြရပါဘူး။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း စတင်စဥ်မှာ တရုတ်နိုင်ငံရဲ့ မီးစိမ်းပြတာကြောင့် ကိုးကန့်၊ တအောင်း၊ အေအေ တို့က နယ်မြေသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ စတင်ခဲ့တယ်ဆိုတဲ့ အနုမာန (အဓိပ္ပါယ်ဖွင့်ဆို ကောက်ချက်ချမှု) တွေ ရှိခဲ့ပြီး အချို့ကလည်း တရုတ်က နောက်ကွယ်က စစ်လက်နက် နည်းပညာ အကူအညီပေးနေတယ် ဆိုတဲ့ ယူဆမှုတွေလည်း ထွက်ပေါ်ခဲ့တာတွေ့ရပါတယ်။ စစ်ကောင်စီ ထောက်ခံသူတွေ၊ အမျိုးဘာသာသာသနာ ခေါင်းစဥ်အောက်က အမျိုးသားရေး အစွန်းရောက်သူတွေက တရုတ်နိုင်ငံဆန့်ကျင်ရေး ဆန္ဒပြမှုတွေ စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့ကြတာ တွေ့ရပါလိမ့်မယ်။ 

အခုလို တရုတ်နိုင်ငံက ဒီစစ်ဆင်ရေး မှာ တိုက်ရိုက်ကူညီ ပတ်သက်တာမျိုး မရှိခဲ့တဲ့ အချက်အလက်တွေ၊ စစ်ဆင်ရေး ဒုတိယအပိုင်းမှာ မြို့တွေ သိမ်းယူတာကို ဆန့်ကျင်တဲ့ ပြောဆိုတုံ့ပြန်မှုတွေ ပေါ်ထွက်လာပြီးနောက်မှာ တရုတ်နိုင်ငံနယ်နိမိတ်မှာ အခြေစိုက်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ ကိုးကန့်၊ ဝ၊ တအောင်း၊ ကချင်တို့ကို တရုတ်နိုင်ငံအနေနဲ့ လက်ရှိရောက်နေတဲ့ အနေအထားမှာ တိုက်ပွဲတွေ မရပ်တန့်ရင် နယ်စပ်ဂိတ်တွေကို ပိတ်ဆို့မယ်ဆိုတဲ့ သတိပေးမှုတွေ ပေါ်ထွက်လာပါတယ်။ ကချင်ပြည်နယ်မှာ NDAK လို့ခေါ်ဆိုတဲ့ ဇခုန့်တိန်ယိမ်း ခေါင်းဆောင်တဲ့ ကချင်နယ်ချားစောင့်တပ် အခြေစိုက်ရာ ပန်ဝါကို KIA က သိမ်းယူအပြီးမှာ ကချင်ပြည်နယ် ကေအိုင်အေ ထိန်းချုပ်နယ်မြေနဲ့ တရုတ်နိုင်ငံအကြား နယ်စပ်ဂိတ်တွေ ပိတ်တဲ့ အမိန့်ညွှန်ကြားချက် ပေါ်ထွက်လာခဲ့ပါတယ်။ ကိုးကန့် လက်နက်ကိုင် အဖွဲ့ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ရှမ်းမြောက်အရှေ့ဘက် တို့က နယ်စပ်ဂိတ်တွေကိုလည်း တရုတ်နိုင်ငံက ပိတ်ထားလိုက်တဲ့ အကြောင်း သတင်းတွေမှာ တွေ့ရသလို ဝ ပြည်ဘက်ကနေ တဆင့်လှည့်ဝင်လာမယ့် ဖြစ်နိုင်ခြေကိုလည်း တရုတ်နိုင်ငံဘက်က တွက်ဆထားပြီး ဝ လက်နက်ကိုင် အဖွဲ့ကို သတိပေးထားပြီး ဖြစ်ပါလိမ့်မယ်။ 

တရုတ်နိုင်ငံအနေနဲ့ စီးပွားရေး စနစ်မှာသာ စျေးကွက်စီးပွားရေး စနစ်ကိုကျင့်သုံးပြီး နိုင်ငံရေးအပိုင်းမှာတော့ ၄င်းတို့နိုင်ငံက တပါတီ စနစ်နဲ့ တင်းတင်းကြပ်ကြပ် အုပ်ချုပ်တဲ့ နိုင်ငံဖြစ်သလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှု၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး စတာတွေကို အားပေးထောက်ခံတဲ့ သဘောထား မူဝါဒ မရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ သဘောထားက မြန်မာနိုင်ငံကို နိုင်ငံရေး၊ စစ်ရေး အင်အားစု တခုခုက ထိန်းချုပ်ထားနိုင်ဖို့ လိုအပ်တယ် ဆိုတဲ့ အမြင်အယူအဆရှိပြီး ဒီအင်အားစုနေရာမှာ NLD ဖြစ်စေ စစ်ကောင်စီ ဖြစ်စေ တရုတ်နိုင်ငံအတွက် အဓိကမကျပဲ မြန်မာနိုင်ငံနဲ့ ပထဝီနိုင်ငံရေးအရ ထိတွေ့ဆက်ဆံဖို့ ၄င်းနဲ့နယ်နိမိတ် ထိစပ်တဲ့နိုင်ငံတနိုင်ငံမှာ ကမ္ဘာ့အင်အားကြီး နိုင်ငံတနိုင်ငံက သြဇာသက်ရောက်နေတာမျိုး ပါဝင် ပတ်သက်နေတာမျိုး မဖြစ်ဖို့က တရုတ်နိုင်ငံရဲ့ မြန်မာနဲ့ပတ်သက်တဲ့အရေးကြီးဆုံး အချက်တွေလို့ ယူဆရနိုင်ပါတယ်။ 

ဒီလို တရုတ်နိုင်ငံရဲ့ မူဝါဒ အခြေခံစဥ်းစားချက်တွေက မြန်မာတော်လှန်ရေး အင်အားစုတွေကို စိတ်ပျက်စေပြီး မြေပြင်မှာ လက်လွှတ်ဆုံးရှုံးမှုတွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဖာထေးနေတဲ့ စစ်ကောင်စီ ရဲ့ တိုက်ခိုက်မှုတွေက ၄င်းကို ရပ်တည်ပေးနေတဲ့ တရုတ်နိုင်ငံအဖို့ မြန်မာလူထုရဲ့ မုန်းတီးမှုကိုသာ ရစေမှာဖြစ်ပါတယ်။  

အောက်တိုဘာ ၁၉ ရက်နေ့မှာ မန္တလေးမြို့ မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံး ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။ ကောင်စစ်ဝန်ရုံးရှေ့မှာ လုံခြုံရေး ကင်းရှိတဲ့ အကြားက ပေါက်ကွဲစေတဲ့ အရာနဲ့ ပစ်သွားတယ်လို့ ယူဆရပြီး ဘယ်အဖွဲ့က လုပ်တာလည်း ဆိုတာရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ အမျိုးသားညီညွတ်ရေး အစိုးရ ကတော့ အခုလို သံတမန်ဆိုင်ရာ အဆောက်အဦ၊ နိုင်ငံတကာ သံရုံးလိုမျိုးကို အကြမ်းဖက် တိုက်ခိုက်တာ ကိုရှုတ်ချကြောင်း နေ့တွင်းချင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ဒေသအလိုက် လက်နက်ကိုင် အဖွဲ့အစည်းတွေအကြားမှာ တရုတ်အစိုးရကို ဆန့်ကျင်တဲ့ သဘောထားတွေ မြင့်တက်လာနေတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပြီး ဒီတိုက်ခိုက်မှုဟာ ဒေသအလိုက် PDF အဖွဲ့တဖွဲ့ဖွဲ့ က လုပ်ဆောင်တာလားလို့ ယူဆစရာရှိပါတယ်။ တရုတ်နိုင်ငံအနေနဲ့တော့ မြန်မာအရေးနဲ့ ပတ်သက်တဲ့ ၄င်းရဲ့ ရပ်တည်ချက်ကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ကောင်းလိုအပ်မှာ အသေအချာပင် ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *