(မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၂၄
ပင်လည်ဘူးသိမ်းတော့ ဘိန်းဖြူ ဘိန်းမဲ ဆေးပြား ဆိုတဲ့ စစ်တပ်ရဲ့ အထင်ကရရိက္ခာတွေ အများကြီး သိမ်းဆည်းရမိတယ်။
ကိုယ့်ပြည်သူကို စိတ်ထင်သလို ပြန်သတ်ဖို့ဆိုတာ ဂျင်းသက်သက်နဲ့ မရတော့ ဂျင်းနဲ့ဆေးပြား နှစ်ပါးသွားရတယ် မဟုတ်လား။ စိတ်လွတ် စိတ်ကျွတ် စိတ်သွပ် စိတ်ရမ်း စိတ်ကြမ်း စိတ်နှမ်းဖြစ်အောင် လုပ်နိုင်မှ ရက်စက်မှာကိုး။
စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေကို ရှေ့တန်းရောက်တော့ စစ်ဗိုလ်တွေက အမောခံနိုင်တယ်၊ အိပ်ရေးပျက်ခံနိုင်တယ်လို့ ပြောပြီး ဆေးပြားကျွေးတယ်တဲ့။ ဘီလူးစစ်ကြောင်းဆိုတာ ဒီနည်းနဲ့ မွေးထုတ်ခဲ့တာလေ။ ဦးအောင်ခမ်းထီရဲ့ ပအိုဝ်းတိုင်း ပြည်သူ့စစ် ဖြစ်ရမယ်စီမံကိန်းမှာလည်း ဒီနည်းပဲ သုံးပါတယ်။ သူကတော့ သင်တန်းစခန်းမှာတင် အကြိုက်သုံးခိုင်းတာ။ အဲဒီမှာလဲ ဆေးကျွေး သေနတ်ပေးလိုက်တော့ ကိုယ့်ရွာသူရွာသား ဆွေမျိုး သူငယ်ချင်းချင်းတောင် ပစ်သတ်ဖို့ ဝန်မလေးကြတော့ပါ။ ဆိုင်ကယ် ချက်ချင်း ရပ်မပေးရင်တောင် ပစ်သတ်လိုက်ကြတော့တာပေါ့။
“ရှေ့တန်းမှာ အမောခံ၊ အိပ်ရေးပျက်ခံနိုင်ဖို့ အားဆေးဆိုပြီး ဆေးပြားထုတ်ပေးတယ်။ ရေသန့်ဗူးနဲ့ ပိုက်နဲ့ ငွေရောင်စက္ကူ လိပ်ပြီး မီးရှို့ပုံ၊ ရှုပုံ ရှုနည်းကအစ အကုန်သင်ပြပေးတာ။ ကျနော်က အရင်က ဆေးသုံးဖူးတယ်။ ပြန်ဖြတ်ထားတာ။ ဆေးသုံးခိုင်းတာ သိလို့ စွဲမှာစိုးလို့ မသုံးဘူး။ အခြား တပ်သားသစ်တွေကတော့ လိုက်သုံးကြတယ်။ ဗိုလ်ကြီးကတော့ သူလည်း သုံး၊ တပ်သားသစ်တွေလည်းသုံးခိုင်းတယ်။ မသုံးချင်ရင်လည်း ရတယ်။ အတင်းအကျပ်တော့ မဟုတ်ဘူး။ ဆေးပြားဖိုးကို လစာရမှ အဲဒီအထဲက ပြန်နုတ်မယ်ဆိုပြီး သူ့ဆီက ကြိုက်သလောက် ဆေးပြား တောင်းယူလို့ရတယ်။ ယူတဲ့ ဆေးပြားကို စာအုပ်ထဲမှာ တာလီချိုးပြီး မှတ်ထားတာ” လို့ ရန်ကုန်၊ တိုက်ကြီး အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းက စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းခဲ့ပြီးရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းရှိ ရှေ့တန်းစစ်မျက်နှာစခန်းတွေဆီ အပို့ခံရတဲ့ စစ်မှုထမ်းတပ်သားသစ်က ပြောပြပါတယ်။
ဒီဆေးပြားအစီအစဉ်က အပတ်စဉ် ၁ ကတည်းက စနစ်တကျလုပ်ခဲ့ပြီး တပ်တွင်းဆေးပြားထုတ်လုပ်သုံးစွဲမှုပမာဏကိုတော့ သူ ဆက်ပြောတဲ့စကားနဲ့တင် မှန်းကြည့်နိုင်ပါတယ်။
“တောထဲမှာ ဘယ်က မက်သာဖက်တမင်း သွားဝယ်မလဲ။ အဲဒါ ရိက္ခာလာပို့တဲ့အချိန်မှာ အဲဒီဆေးပြားထုပ်တွေပါ တစ်ခါတည်း ပါလာတယ်။ ရိက္ခာက တပ်ဘက်က စီစဉ်ပေးတာဆိုတော့ ဒီဘက်က လိုချင်တဲ့ ပစ္စည်းတွေကို စက်နဲ့ လှမ်းပေါက်ရတယ်။ အဲဒါ မှာတဲ့ပစ္စည်းတွေ အကုန်ထည့်ပေးတာ။ ၃ လလောက်နေပြီးတော့ ရှေ့တန်းကို နောက်တန်းက လူသစ်တစ်ဖွဲ့ ပြန်လာလဲတယ်။ ရိက္ခာတွေက အများကြီးမပို့ဘူး။ ၁၅ ရက်စာပဲ ပို့ပေးတယ်။ ပြောချင်တာက မူးယစ်ဆေးဝါးကတော့ ကြိုက်သလို မှာလို့ရတယ်။ ကြိုက်သလောက် သုံးလို့ရတယ်။ တော်တော်များများ သုံးကြတယ်။ တောထဲမှာဆိုတော့ ဘာ အပျော်အပါးမှလဲ မရှိဘူး။ ဆေးပြားသုံး အရက်ဖိသောက်ပဲ။ အဲဒါပဲ ရှိတယ်”။
ဒါဟာ တပ်မတော်ရဲ့ ဘီလူးမွေးစီမံချက်တွေပေါ့လေ။ နဂိုကတည်းက ခိုးဆိုးလုနှိုက်တွေ လူသတ်သမား မုဒိမ်းသမားတွေကို ထောင်ထဲက ထုတ်လာပြီး အရက်တိုက် ဆေးကျွေးထားရင် ဘာဖြစ်မလဲ။ အရက်ကလည်း အဲဒီအတွက် သီးသန့်ချက်ထားတဲ့ အရက်။ ဒါမျိုးက သန်းရွှေလက်ထက်ကတည်းက စခဲ့တဲ့ဟာတွေပါပဲ။ ၂၀၀၃ ဒီပဲယင်း လုပ်ကြံမှုကြီးမှာ လူတွေ ရာချီသေခဲ့ပါတယ်။ အဲဒီတုန်းကလည်း လူသတ်မှုနဲ့ ကျနေတဲ့ ထောင်သားတွေကို ထုတ်၊ ချင်းကျွေး၊ ဆေးကျွေး၊ အရက်တိုက်၊ အငတ်ထားပြီး ဝါးချွန်နဲ့ တကယ့် ရက်ရက်စက်စက် လူသတ်ခိုင်းခဲ့တာပါ။ ခုအပတ်စဉ် ၆ ထိဆို ဘီလူးဘယ်နှကောင် ထုတ်လုပ်ထားပြီးပြီလဲ။
ရိက္ခာကို နည်းနည်းပို့၊ အငတ်ထားပြီး ဆေးပြားနဲ့ သီးသန့်ချက်လုပ်ထားတဲ့အရက်ကို အများကြီးပို့ပေးတာဟာ ဘီလူးထုတ်လုပ်တဲ့ ဖြစ်စဉ်ပါပဲ။ ငတ်လို့ စိတ်တို ဆေးကြောင်နေပြီဆို ဘာမဆိုလုပ်ဖို့အသင့်ဘဲလေ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar