ylliX - Online Advertising Network
နိုင်ငံတကာသာဂိ - အမေရိကန်နိုင်ငံရေးက သူငိုရင် တကမ္ဘာလုံး ငိုရတယ်

နိုင်ငံတကာသာဂိ – အမေရိကန်နိုင်ငံရေးက သူငိုရင် တကမ္ဘာလုံး ငိုရတယ်


(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၂၄

ကိုအောင်သူငြိမ်း ရေးဖူးတဲ့ ကဗျာပဲလား မသိဘူး။ သူ ငိုရင် တမ္ဘာလုံးငိုတယ်ဆိုတဲ့ စာသားလေး သတိရမိလို့။ သတိကလည်း သိပ်မကောင်းတော့ အောင်သူငြိမ်း ရေးတာဟုတ်ရဲ့လား ပြန်တွေးမိပြန်တယ်။ သူ့သမီးလေးအကြောင်း ရေးတာနဲ့ တူတယ်လို့လဲ စဉ်းစားမိပြန်တယ်။ 

အခု ပြောချင်တာက အမေရိကန်ရွေးကောက်ပွဲက ၂ပတ် ကျော်ပဲ လိုတော့တယ်။ ဒီမိုကရက်ဘက်က လူမည်း အမျိုးသမီး သမ္မတလောင်း ကင်မလာဟဲရစ် နဲ့ ရီပတ်ဘလစ်ကန်ဘက်က လူဖြူ လူအို သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ ပြိုင်ပွဲက အကြိတ်အနယ်ပါ။ အမေရိကန်ပြည်သူတွေထဲမှာက သူ့ဘက်ကိုယ်ဘက် ပြတ်သားပြီးသား မဲဆန္ဒရှင်တွေကတော့ သိကြားမင်း ဆင်းလာလည်း စိတ်မပြောင်းဘဲ ဟဲရစ်ကိုပဲ ထည့်မယ် ဆိုတာနဲ့ ထရန့်မှ ထရန့် ဆိုတာကြီးတွေပဲ။ ပြသနာက သူ့မသာ ကိုယ်မသာ ဆိုတော့ ကြားနေမဲတတွကို နှစ်ဘက် ပါတီထောက်ခံသူတွေက အသည်းအသန်လိုက်လံ စည်းရုံးနေရတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရေးက တကမ္ဘာလုံးကို  သက်ရောက်ပါတယ်။ အမေရိကန်ပြည်တွင်းရေးက နယ်စပ်ဖြတ်ကျော်တွေ၊ ငွေကြေးဖောင်းပွတာတွေ၊ ကိုယ်ဝန်ဖျက်ချခွင့် ရှိရေး မရှိရေး၊ လူမျိုးဘာသာခွဲခြားဆက်ဆံတာတွေ စတာတွေ ကြီးစိုးပါတယ်။ ပြည်ပနိုင်ငံတွေကတော့ အမေရိကန်အစိုးရက နိုင်ငံတကာက ဒီမိုကရေစီအရေးကို ဆက်အကာအကွယ်ပေးမလား၊ နိုင်ငံတကာစီးပွားကုန်သွယ်ရေးကို ကန့်သတ်နှောက်ယှက်တာတွေ လုပ်လာမလား၊ မဟာမိတ်တွေနဲ့ ဆက်ဆံရေးတွေက ဂတိကဝတ်တွေ ကို ဆက်လက်ထိန်းသိမ်းမလား – ဒါတွေကို စိုးရိမ်ကြပါတယ်။ လက်ရှိမှာ ယူကရိန်းစစ်ပွဲ၊ အစ္စရေးစစ်ပွဲ၊ တရုတ်နဲ့ တင်းမာနေမှုများတွေကို နောက်သမ္မတအသစ်တဦးက ချိန်ခွင်ညှာ အပြောင်းအလဲတွေ လုပ်လိုက်နိုင်ပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံရေးက သူငိုရင် တကမ္ဘာလုံး ငိုရတယ် လို့ ဆိုကြပါတယ်။

သီချင်းထဲကလို သူရယ်ရင် တကမ္ဘာလုံး ရယ်ကြပြီး၊ သူငိုရင် သူတဦးတည်း ငိုရတယ်လို့ မဟုတ်ဘူး။ အမေရိကန်နိုင်ငံရေးက သူငိုရင် တကမ္ဘာလုံး ငိုရတယ်။ အကုန် ဒုက္ခရောက်ကြတယ်လို့ ဆိုချင်တာပါ။

၂၀၁၆ သမ္မတ ထရန့်တက်လာတော့ ကမ္ဘာကုန်သွယ်ရေးမှာ တရုတ်နဲ့ အခွန်စစ်ပွဲခင်းတယ်၊ အာရပ်နိုင်ငံတွေကို ပြည်ဝင်ခွင့်ပိတ်တယ်။ မြောက်ကိုရီးယားတို့ ရုရှားတို့နဲ့ ရင်းနှီးစွာ ဆက်ဆံတယ်။ အစ္စရေးမှာ အမေရိကန်သံရုံးကို နိုင်ငံရေးတင်းမာတဲ့ဇုန်ထဲ ပြောင်းဖွင့်တယ်။ ကိုဗစ်ကို တိုက်ခိုက်ကာကွယ်ဖို့ထက် ဆေးပညာကို ဦးစားမပေးဘဲ အခြေအမြစ်မရှိတဲ့ စွပ်စွဲတိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။ ဒါတွေကို အမေရိကန်သာမက ပြည်ပနိုင်ငံတွေ ခံစားခဲ့ကြပါတယ်။ ၂၀၂၀ ဘိုင်ဒင်တက်လာတော့ ယူကရန်းစစ်ပွဲအတွက် ဘီလျံနဲ့ချီပြီး စစ်စာရိတ်ကို ကူညီတယ်၊ အစ္စရေးစစ်ပွဲမှာ အမေရိကန်အကူအညီတွေ အတားအဆီးမဲ့သုံးတယ်။ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်ထူထောင်သော်လည်း မဟာမိတ်တွေနဲ့ ဆက်ဆံရေးပြန်ကောင်းအောင် ကန့်သတ်မှုတွေထားတာတွေက ခရီးမတွင်ဘူး။ အမေရိကန်အကျိုးစီးပွားကို ကာကွယ်ဖို့ ပြည်ဝင်ခွင့်တွေ ရင်းနှီးမြုပ်နှံမှုတွေ အကန့်အသတ်တွေထားတာကြောင့် စီးပွားရေးမသွက်တာ လူတိုင်းခံစားရပြန်ပါတယ်။

အခုချိန်မှာက ထရန့်သာ ပြန်အာဏာရလာမယ်ဆိုရင် ရုရှား၊ တရုတ်၊ အစ္စရေး၊ အီရန်၊ မြောက်ကိုရီးယားက အစွန်းရောက် အာဏာရှင်တွေလိုပဲ ထင်ရာ စွတ်လုပ်တဲ့ လယ်ယာစွန်း အာဏာရှင်တဦးက အနောက်အုပ်စုတွေဘက်ကနေ ပေါ်ပေါက်လာမှာမို့ မသေချာ မရောရာမှုတွေ အများကြီးကို ရင်ဆိုင်ကြရလိမ့်မယ်လို့ လူတွေက တွေးပူကြတာ များပါတယ်။ ဒီမိုကရက်ပါတီက ဟဲရစ်ဆိုရင်တေ့ာ လက်ရှိ ပိုနေမြဲ ကျားနေမြဲ ပေါ်လစီတွေ ဆက်ထိန်းသိမ်းထားနိုင်ဖို့ များတာကြောင့် အငြင်းပွားမှုတွေ ပဋိပက္ခတွေကို လူကြီးလူကောင်းတွေလို အချိန်ယူဖြေရှင်းဖို့ အခွင့်ရမယ်လို့ ထင်ကြပါတယ်။

မြန်မာပြည်အရေးအတွက်က  ဘယ်လိုဖြစ်မလဲ။ မြန်မာပြည်သူတွေ ငိုနေကြတာ ဘိုင်ဒင်သမ္မတသက်တမ်းလောက် ရှိနေပါပြီ။ မြန်မာပြည်ငိုနေတာကို ဘယ်သူကမှ လိုက် ငိုကြတယ် မကြားမိပါဘူး။ အမေရိကန်နဲ့ အနောက်အုပ်စုကတော့ စိုးရိမ်ကြ ပူပန်ပေးကြပေးမယ့် ကိုယ်ထိလက်ရောက် အကူအညီမမြင်ခဲ့ရပါ။ သို့သော် မြန်မာပြည်အပေါ်မှာ သူတို့အကျိုးစီးပွားကို ထိခိုက်မှစိုးလို့ စိုးရိမ်ပူပန်ပြီး တကယ်ကို ကိုယ်ထိလက်ရောက် ဝင်ပါ စွက်ဖက်နေသူကိုယ်တိုင်ကတော့ တရုတ်ဖြစ်နေတာက လူတိုင်းအမြင်ပဲ ဖြစ်ပါတယ်။

သည်ရွေးကောက်ပွဲအပြီးမှာ အမေရိကန်နိုင်ငံရေး ဘယ်ဘယ်ယိမ်းမလဲဆိုတာ နိုင်ငံအသီးသီးက စိတ်ဝင်စားကြတာ နားလည်နိုင်ပါတယ်။ ပြည်သူတွေကတော့ အဆိုးတွေ ကြားထဲမှာ နေကြရတော့ များသောအားဖြင့် lesser evil ကိုပဲ ရွေးချင်ကြပါတယ်။ လူဆိုးတွေချည်း ဗိုလ်လုပ်နေတဲ့ ကာလမှာ သိပ်မဆိုးတဲ့လူဆိုးကိုပဲ ရွေးပြီး နေကြရတယ်လို့ ဆိုချင်တာပါ။ တချို့ကျတော့လည်း လူဆိုးကိုမှ ခိုက်ကြတာတွေလည်း ရှိတော့ ခက်သားလား။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *