ylliX - Online Advertising Network
စစ်ပွဲတွေရဲ့ ကုန်ကျစရိတ် အခွန်အကောက်တွေ

စစ်ပွဲတွေရဲ့ ကုန်ကျစရိတ် အခွန်အကောက်တွေ


(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၂၄⁨⁨⁨⁨⁨⁨

စစ်ပွဲတွေရဲ့ ကုန်ကျစရိတ် အခွန်အကောက်တွေ

မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာ ၃ နှစ်ခွဲကြာလာချိန်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ စစ်ပွဲတွေအတွက် လိုအပ်တဲ့ ငွေကြေးကို နည်းလမ်းအသွယ်သွယ်နဲ့ ရှာဖွေဖြည့်ဆည်း နေကြရတာ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ နေထိုင်၊ ကုန်သွယ်ရောင်းဝယ်မှုတွေကနေ အခွန်အကောက်တွေ ကောက်ခံတာ၊ သယံဇာတတွေ ထုတ်ယူရောင်းချတာလို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ အကောက်အခွန်လို့ဆိုရာမှာ တရားဝင်ရော တရားမဝင် ကုန်စည်တွေကိုပါ ကောက်ယူကြရတဲ့ အနေအထားမျိုးလည်း ရှိနေတာ ကြားသိနေကြရပါတယ်။ စစ်ပွဲမှာ အနိုင်ရဖို့က ပထမဆုံး ဦးစားပေး ရည်မှန်းချက် ဖြစ်လို့ တရားဝင်ခြင်း မဝင်ခြင်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု စတဲ့ခေါင်းစဥ်တွေကို ပင်လျင် ကင်းကင်းရှင်းရှင်း နဲ့ လုပ်ကိုင်ဖို့ ခက်ခဲတဲ့ အနေအထားမျိုးလည်း ကြုံရတဲ့ အနေအထားတွေ ရှိကောင်း ရှိနိုင်ပါတယ်။

စစ်ကောင်စီကတော့ အစိုးရနေရာကို ရယူထားတာဖြစ်လို့ သယံဇာတနဲ့ အခြားသော ခေါင်းစဥ် အမျိုးမျိုးရှိတဲ့ အခွန်အကောက်တွေ ကောက်ယူရရှိနိုင်တဲ့ အနေအထား ဖြစ်လို့ အသာစီးရတယ်လို့ ဆိုနိုင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ NUG လက်အောက်က PDF အဖွဲ့၊ ဒေသအလိုက်ဖွဲ့စည်း ထားတဲ့ LPDF အဖွဲ့တွေကတော့ အလှူခံက ရရှိငွေ၊ မြို့တွေ ရွာတွေက နေအိမ်၊ မိသားစု အလိုက် အခွန်ကောက်ခံတာမျိုး၊ သဘာဝ သယံဇာတ ထွက်ရှိတဲ့နယ်မြေတွေမှာ အခွန်ကောက်ခံတာနဲ့ ဒေသအလိုက် ကားလမ်းပိုင်းတွေမှာ အရပ်စကားနဲ့ ဂိတ်ကြေး ကောက်ခံတဲ့ နည်းလမ်းအသွယ်သွယ်ကနေ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ရပ်တည်ရေး နဲ့ စစ်ပွဲကုန်ကျစရိတ်တွေကို အသုံးပြုနေကြတာလို့ ဆိုရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝ သယံဇာတ အနေနဲ့ ရွှေ၊ ကျောက်မျက်ရတနာ ဖြစ်တဲ့ ကျောက်စိမ်း၊ ပတ္တမြား၊ ပယင်းထွက်ရှိတဲ့ ဒေသတွေမှာ သက်ဆိုင်ရာဒေသကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေက ကောက်ခံနေတာ ဖြစ်သလို သစ်တောတွေကနေ သစ်ထုတ်လုပ်မှုကနေလည်း အခွန်အကောက် ကောက်ခံနေကြတာ သတင်းတွေထဲ ကြားသိနေရပါတယ်။

ယခင် အေးချမ်းတည်ငြိမ်တဲ့ ကာလတွေမှာ လက်ယက်တွင်းလို့ ခေါ်တဲ့ ရေနံတွင်း၊ ရေနံမှော်တွေဆီကလည်း အကောက်အခွန်အများအပြား ရရှိခဲ့ကြပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တိုက်ပွဲတွေဖြစ်ပွားတာတွေ၊ ဖျက်ဆီးခံရတာတွေ ရှိခဲ့ပေမယ့် အတိုင်းအတာတခုထိတော့ ထုတ်လုပ်နေကြဆဲလို့ မှတ်ယူရပါတယ်။

အစိုးရ ဆိုတဲ့နေရာကို ရယူထားတဲ့ စစ်ကောင်စီအနေနဲ့လည်း အစိုးရရဲ့ အင်္ဂါရပ်နဲ့ မလျှော်ညီတဲ့ လာဘ်စားမှု၊ မတန်တဆ လာဘ်ယူကာ ကိုယ်ကျိုးရှာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသလို အချို့သော လက်နက်ကိုင် တပ်တွေကလည်း ၄င်းတို့ စိုးမိုးထိန်းချုပ်ထားတဲ့ ကုန်းလမ်းနဲ့  ရေလမ်းပိုင်းတွေမှာ မတန်တဆ နှုန်းတွေနဲ့ ဂိတ်ကြေးတွေ ကောက်ယူနေတာ တွေ့ရပါတယ်။

အချို့သော လမ်းပိုင်းတွေမှာ စစ်ကောင်စီ တပ် နဲ့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ EAO ၊ PDF လက်နက်ကိုင် အဖွဲ့အစည်းတွေ ကိုယ့်အပိုင်းအလိုက် ကြေးနှုန်းတွေ သတ်မှတ်ကာ ကောက်ခံနေကြတဲ့ အကြောင်း ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့တွေရဲ့ ဂိတ်တွေ တချို့နေရာမှာ လှမ်းမြင် ရလောက်တဲ့ အကွာအဝေးမှာ နေရာယူကောက်ယူနေကြတဲ့အကြောင်း သတင်းတွေထဲမှာ ဖတ်ရှုကြရ ပါတယ်။

ဥပမာအားဖြင့် စစ်ကိုင်းတိုင်းထဲက လမ်းပိုင်းတွေ၊ ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အောက်ပိုင်းကို ဆက်သွယ်ထားတဲ့ မန္တလေး မြစ်ကြီးနားလမ်း၊ မုံရွာ-ဂန့်ဂေါ-ဟားခါးလမ်း၊ ကလေး-တီးတိန်၊ ကလေး-ဟားခါး လမ်း၊  ကရင်ပြည်နယ်ထဲက ဘားအံ-မြဝတီလမ်း၊ မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်းတို့ကို ဆက်သွယ်ထားတဲ့ သံဖြူဇရပ်- ရေး-ထားဝယ်-မြိတ်-ကော့သောင်းလမ်းတို့ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် နဲ့ ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ လားရှိုးတို့လို ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲခဲ့ကြတဲ့ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်တဲ့ ဒေသတွေကိုတော့ စစ်ကောင်စီက တတ်နိုင်သရွေ့ ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီ သယ်ဆောင်ခြင်း မပြုနိုင်အောင် တားဆီး ပိတ်ပင်တာတွေ လုပ်နေတာ ဖြစ်ပြီး အဆိုပါ ဒေသတွေမှာ နေထိုင်တဲ့ လူထုအဖို့တော့ စျေး မတန်တဆပေးဝယ်ပြီး အသက်ရှင်သန် ဖို့ ကြိုးစားနေကြရတာ ဖြစ်ပါတယ်။

ပြည်သူလူထု အနေနဲ့ အထက်ကလို စစ်ကောင်စီ လက်နက်ကိုင် တပ်တွေရဲ့ အကျင့်ပျက် လာဘ်စားမှုတွေ ရဲ့ ဒဏ်ကိုလည်း ခံကြရသလို တဖက်မှာလည်း EAO, PDF, LPDF လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးအကြားမှာ တသမတ်တည်း မရှိတဲ့ အခွန်အကောက် နှုန်းထားတွေ ၊ များပြားတဲ့နှုန်းထား သတ်မှတ်ထားတာတွေက ခရီးသွားတယောက်အတွက် ကားခတွေက တကြိမ် တခါမျှမကြားဖူးတဲ့ နှုန်းထားတွေ ဖြစ်စေသလို ကုန်ပစ္စည်း သယ်ယူမှုတွေ အပေါ် ကောက်ခံတာတွေကြောင့် လူသုံးကုန်၊ စားသုံးကုန်စျေးနှုန်းတွေ မတန်တဆ မြင့်တက် လာစေတာ ဖြစ်ပါတယ်။ 

သာဓက တခုအနေနဲ့ ကြည့်မယ်ဆိုရင် မိုင်အကွာအဝေးအားဖြင့် ၁၀၀ မပြည့်တဲ့ ဘားအံ နဲ့ မြဝတီ လမ်းပိုင်းမှာ ကောက်ခံတဲ့ ဂိတ်ကြေးတွေက ကုန်ကားတစီးကို ကျပ်ငွေ သိန်း ၅၀ အထက် ကုန်ကျပြီး ပရိုဘောက်စ်လို လူ ၅ ယောက်ကနေ ၇ ယောက်လောက်နဲ့ ကုန်ပစ္စည်းအနည်းငယ်သာ တင်နိုင်တဲ့ ကားငယ်တွေအဖို့ ၁၀ သိန်း ဝန်းကျင် ကုန်ကျတယ်လို့ သတင်းဖေါ်ပြမှုတွေ အရသိရပါတယ်။ မိုင် ၁၀၀ မပြည့်တဲ့ ကားလမ်းပိုင်းအတွက် လူတဦးကို ယာဥ်စီးခ ၇ သောင်းကနေ ၁ သိန်းနီးပါး အထိ ရောက်ရှိလာတာကလည်း မကြုံဖူးတဲ့ နှုန်းထားတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘားအံ-မြဝတီလမ်းပိုင်းမှာ ဂိတ်ကြေး ကောက်ခံနေတဲ့ လက်နက်ကိုင် အဖွဲ့တွေကို ရေတွက်ကြည့်ရင် စစ်ကောင်စီတပ် အပါအဝင် အခြားသော လက်နက်ကိုင် ၃/၄ ဖွဲ့ထက်မနည်း ဂိတ်ဖွင့်လှစ် ကောက်ခံနေကြတဲ့ သဘောလည်း ဖြစ်ပြီး ကုန်စျေးနှုန်းတွေ မြင့်တက်စေတဲ့ အဓိကအကြောင်းတချက်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်ခွဲကျော် ကာလအတွင်း နွေဦးတော်လှန်ရေး အောင်မြင်ဖို့ တော်လှန်ရေး အင်အားစုတွေ၊ လက်နက်ကိုင် အဖွဲ့တွေ ကို ထောက်ခံတဲ့ ပြည်သူလူထုတွေ အနေနဲ့ တော်လှန်ရေး ရန်ပုံငွေ၊ လက်နက်၊ ခဲယမ်းဝယ်ယူဖို့ ၊ လက်နက်ကိုင် အဖွဲ့ဝင်တွေ ရိက္ခာ ဆေးဝါး စတာတွေအတွက် အလှူငွေ ထည့်ဝင်ခဲ့ကြတာ အများသိရှိကြပြီး ဖြစ်ပါတယ်။

တဖက်မှာလည်း အလှူက ရရှိတဲ့ ရန်ပုံငွေနဲ့တင် မလောက်ငလို့ ဂိတ်တွေ ဖွင့်လှစ်ပြီး ဖြတ်သန်းတဲ့ ယာဥ်တွေ၊ လူတွေထံက အခွန်အကောက် ကောက်ခံကြရာမှာ တဖွဲ့နဲ့တဖွဲ့ အကြား ညှိနှိုင်းမှု၊ သို့မဟုတ် အခွန် ၂ ထပ်မဖြစ်စေဖို့ သတ်မှတ်ချက် စည်းစနစ်တွေ ရှိခဲ့မယ်ဆိုရင် လူထုအနေနဲ့ ကုန်စျေးနှုန်း အဆမတန် မြင့်တက်မှုကနေ အတိုင်းအတာတခုထိ ခံသာမယ့် အနေအထားမျိုးလို့ ဆိုချင်ပါတယ်။ ပြည်သူလူထု အနေနဲ့ စစ်ပွဲတွေ ဖြစ်ပွားနေတာကြောင့်ရော ပိတ်ဆို့မှုတွေကြောင့်ပါ အသက်မွေးဝမ်းကျေားအလုပ်တွေကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်တဲ့ အနေအထားမျိုး မရှိချိန်၊ ဝင်ငွေနည်းပါး ချိန်မှာ အခွန်အကောက်တွေရဲ့ ဝန်ကို ခံနိုင်ရည် မရှိကြပါဘူး။ တော်လှန်ရေး ကာလ၊ စစ်ပွဲတွေ ဖြစ်ပွားနေချိန်လို ကာလမျိုးမှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စတာတွေကို တောင်းဆိုမယ်ဆို သဘာဝမကျမှန်းသိပေမယ့် လူထုအနေနဲ့ ထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေလည်း မနိုင်ဝန် ဖြစ်နေပြီဆိုတာ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နားလည် သဘောပေါက်ဖို့ အရေးကြီးလှပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *