(မိုးမခ) အောက်တိုဘာ ၁၈ ၊ ၂၀၂၄
[၁] စိုက်ကွင်းမဲ့ သစ်စေ့
အို….ယုယာ၊ ငါ(တို့)၏ အသွေးသည်လည်းကောင်း၊ ငါ(တို့)၏ အသားသည်လည်းကောင်း ဤမြေဤလေထု၌ အရသာကင်းကင်း ဖူးပွင့်ကြလေပြီ။ သင် စိုက်ပျိုးဝတ်မှုန်ကူးသော မျိုးစပါးတို့ လောင်မီးကျလေပြီ။ တောမီးတို့သည် အဆီးမဲ့အတားမဲ့စွာ ပင့်တင်လေ၌ ပျော်မွေ့ကြလေပြီ။ ငါ့ကို ရိတ်သိမ်းမည်လော။ ငါ့ကို ဆီးကြိုမည်လော။ အို…ယုယာ၊ ပိုးသားရွှေချည်အတိ ထွင်းထုထားသော ငါ၏ နတ်ဘုရားမ၊ သင်၏ လက်တို့ဖြင့် ဆီးကြို ပွေ့ဖက်မှုပြုလေလော့။ ငါ ခုန်ဆင်းခဲ့လေပြီ။
******
အိပ်မက်တန်းလန်းချည်ထားတဲ့ လမ်းမကြီးရဲ့နံဘေးမှာရှိတဲ့ အလယ်အလတ်တန်းစားရွက်ဖျင်တဲကဖေးဆိုင် ယိုင်ယဲ့ယဲ့တစ်ခုမှာ လိပ်စာမြေပုံမဲ့ရနံ့ဟောင်းကို လွမ်းတဲ့စိတ်ခက်နဲ့ ကျောက်ချထားသူဟာ ကမ်းလမ်းမဲ့ သင်္ဘောတစ်စင်းလို ဖြစ်ပျက်တည်ရှိတယ်။ ဘာမှလည်း မထူးပါဘူး မျက်နှာပေးမျိုးနဲ့ ရောင်းအားကျ ကဖေးဆိုင်လေးဟာ နွေလေပူတွေရဲ့ ခြောက်သွေ့သွေ့အဟပ်ခံနေရတဲ့ ရေမဲ့သဲသောင်ငါးတစ်ကောင်အဖြစ် ရပ်နေတယ်။ ဖြစ်နိုင်ရင် စုန်းမလေး ကီကီရဲ့ တံမြက်စည်းဖြစ်ဖြစ်၊ ဟယ်ရီ ပေါ်တာရဲ့ မှော်တုတ်တံလေးဖြစ်ဖြစ် ရချင်တယ်။
ပုံပြင်တွေကို မယုံပေမယ့် ပုံပြင်တွေထဲ ခုန်ချနေရတယ်။ ဓာတ်ဘူးထဲက ရေနွေးက ရေခဲတိုက်ပုံဆောင်ခဲအဖြစ် တည်ရှိနေခဲ့ပြီး ရင်ထဲက မီးက ပိုပြီး ပူပြနေတော့ အရာရာ တွန့်ကြေမွ ပွနေတာတောင် ခေါက်သိမ်းလို့ အလွမ်းကိုပဲ မှုတ်ပြီး ထိုင်သောက်နေမိတယ်။ သမားရိုးကျ အရိပ်တစ်ခု ပြုတ်ထွက်လာသလို ပိတောက်တစ်ရွက်ခြောက် ကြွေလွင့်ကျပြီး စားပွဲပေါ် လာတင်တယ်။ ဘာအရသာမှ မရှိတဲ့ တွေဝေမှုနဲ့အတူ ဖန်စိမ့်တစ်ခွက်ရဲ့ နှုတ်ခမ်းကို အတန်ကြာတေ့ပြီး မြိုချရင်း မနက်ဖြန်ရဲ့ မရေရာမှုကမ်းခြေကို တင်ကြိုသက်ပြင်းချမိတယ်………သူ။ သူ တွေးမိတယ်။ ဒါ….သေခြင်းတရားပဲ။
******
[၂]အာသီသမြစ်ဖျား
ငါ့၌ မပြည့်သောအိုးသဖွယ် အိပ်မက်ဟောင်းလောင်း ကျင်းတစ်ခု ရှိ၏။
နွေဦးအမီ ရိတ်သိမ်းထားသော သီးနှံမျိုးစုံတို့ဖြင့် သင်၏ပုံတူ ငါ ထုဆစ်အံ့။
သင် ထွေးပိုက်ထုပ်သိမ်းထားသော ဝမ်း၌ ငါ၏ချစ်ခြင်းတရားများ ပန်းအဖြစ် ပွင့်စီအံ့။ အို…ချစ်သော အသက်၏ ကမ်းလင့်ရာ တန်ခိုးရှင်မ၊ သင့်ဆံသားမြစ်ဖျားထက် ဝင်သက် ထွက်သက်တို့ တစ်ဖန် မွေးဖွားခွင့်ပြုပါလော့။ သင့်အမည်နာမသည် မနက်ခင်းတံခါးများ၌ ရွှေဝါရောင်တို့ ဝင်းတောက်စေရမည်။ မြေကြီးကဲ့သို့ ငါ့စကား တည်လိမ့်မည်။
ငါတို့ အိမ်ပြန်ကြမလားလို့ အလေအလွင့်ပြဇာတ် ရေးနေတဲ့ ညနေခင်းက အမှောင်စကို ဆန့်ထုတ်ရင်း ကျီစယ်တယ်။ နေရင်းထိုင်ရင်းနဲ့ မြို့လေထဲ ဈေးကြီးကြီး ဓာတ်ဆီ၊ ဒီဇယ်တွေရဲ့ အသွင်ပြောင်းအခိုးအငွေ့တွေကို အားကျမိသွားသေးတယ်။
သူက ကြွေစရာကလွဲလို့ မျှော်လင့်ချက် ဟာလာဟင်းလင်းနဲ့ မီးခွက်သေတစ်စင်းပါပဲဆိုတာ သစ်ရွက်ချင်း ပွတ်တိုက်လေချွန်ပြီးပြသလို ပြောပြချင်နေတာ။ ဒါပေမဲ့ အေးသက်သာမှုရှိတဲ့ မနက်ခင်းရဲ့ ကျေးသန္တာတေး ဆိုတာမျိုးကလည်း အပေါင်ဆုံးသွားတဲ့ စေ့စပ်လက်ထပ်လက်စွပ်တစ်ကွင်းရဲ့ ပြန်မလာတမ်းချင်း တစ်ရွက်ပါပဲလေလို့ မြစ်ပြင်မှာ စာရေးထားဖူးတယ်။
တဂီးဂီး တဂဲဂဲ ချွဲပျစ်ထပြီး ကုန်းရုန်းနေတဲ့ စိနဘာသာစကားနံပါတ်တပ် ၁၀ ဘီး၊ ၁၂ ဘီးကုန်တင်ကားကြီးတွေထဲ သယံဇာတ တစ်အိတ်လိုဖြစ်ဖြစ်၊ ကောက်ပဲသီးနှံတစ်အိတ်လိုဖြစ်ဖြစ်၊ကျွဲတစ်ကောင်နွားတစ်ကောင်လို ဖြစ်ဖြစ်၊ အိမ်ဖော်အိပ်မက်နဲ့ ခေတ်ပညာတတ် ကျောင်းဝတ်စုံဝတ်ထားတဲ့ ကျောင်းသုံး ရုံးသုံးဗလာစာရွက်တစ်ရွက်လိုဖြစ်ဖြစ် အားရပါးရ ပစ်တင်ပြီး ခရီးတစ်ခု ဝေးရာ လွင့်ချင်နေတဲ့ စိတ်ဝတ္ထုတစ်ပုဒ်ဟာ လက်ဖက်ရည်ခွက်ထဲ ပြုတ်ကျသွားတဲ့ ယင်ကောင်တစ်ကောင်လို သေဆုံးသွားခဲ့တယ်။ ပြီးတော့ ဖြစ်နေကျ အမှုအခင်းတစ်ခုလို ယင်သေကို ဖယ်ထုတ်ပြီး ရေခဲခေတ်ပေါ့စိမ့်ကို သူ မော့ချပစ်လိုက်တယ်။ လူက ကျောက်ချထိုင်နေပြီး စိတ်က သူ့ခရီးသူ မှုန်အောင် ပျံသန်းလို့။ စွန်တစ်ကောင် ကြိုးပြတ်သွားသလို သူ့စိတ်အရေခွံပျံသန်းမှုကို ဒီအတိုင်းငြိမ်သက် ထိုင်ကြည့်နေမိတယ်။ ဘာတရားမှတော့ မရ။
တစ်ခါကတော့ တစ်ရောင်တည်းသော ညဝတ်ဂါဝန်ရှည်ကြီးကို ညစဥ် ဝတ်ဝတ်အိပ်တတ်တဲ့ မိန်းမကို စိတ်နည်းနည်းပျက်မိတာ အမှန်ပဲ။ ပြီးတော့ ဆယ့်နှစ်အဆင်မှာ ဘောင်ခတ်ဆောင့်တက်လာတတ်ကြတဲ့ ဖဲချပ်တွေကိုပေါ့။ အခုတော့ အဲဒါတွေက ပမွှားလေးတွေ ဖြစ်သွားတယ်။
ချာလီက ကျောင်းမုန့်ဈေးတန်းက မုန့်တွေမှာ တစ်ရာတန်၊ နှစ်ရာတန် မုန့်တွေရဲ့ခေတ် သေဆုံးသွားပြီလို့ ပြောတဲ့နေ့က သူ တော်တော်လေး စိတ်ပျက်သွားတယ်။
အခုတော့ ညဝတ်ဂါဝန် အရောင်မွဲမွဲတွေထက် ရှူနေရတဲ့ လေကိုပဲ အော့အန်နေတော့တာ။
ဘုရားနဲ့ တွေ့ရင် ပြောပြချင်တာတွေကို သူ့ကျောပြင်တလျှောက် ရေးသားထားလိုက်တယ်။သီချင်းတစ်ပုဒ်ကို အပူအပင်မရှိဘဲ နားထောင်ချင်တယ်။ ဘယ်သူမှ၊ ဘာအသံမှ၊ ဘာအခိုးအငွေ့မှ မရှိတဲ့ ကုန်းမြင့်မြင့်တောင်စိမ်းစိမ်းရဲ့ နံပါးအစွန်မှာ ထိုင်ပြီး ထပြီး အိပ်ပြီး တောနံ့ တောင်နံ့ သစ်ရွက်ဂီတနဲ့ လေချွန်နေချင်တယ်။ ပင့်ကူချည်မျှင်တွေပေါ်က အလျားလိုက် ထွက်လာတဲ့ တုန်ခါမှုကို နားဆင်မယ်။ ယုယာ ဆိုတဲ့ ပိုင်ဆိုင်ခဲ့ဖူးတဲ့ အချစ်မြစ်ဖျားဆီ ပြန်လွမ်းမယ်။
“အ ၊အာ ၊အိ ၊အီ ၊အု၊ အူ၊ အေ၊ အဲ၊ အော့ အော်၊ အံ အား” တွေကို ပထမစာမျက်နှာက စတင် သင်ကြားရမယ် ဆိုရင်တောင် သူ ပျင်းရိမှာ မဟုတ်ဘူး။ အထူးသဖြင့် အမေ ခေါ်စရာ မရှိတော့တဲ့ ချာလီရဲ့ အမည်ကို ခေါ်ပြီး ပုံပြင်တွေ အဖေတစ်ယောက်အနေနဲ့ ပြောပြချင်တာကလည်း မတူးဖော်နိုင်သေးတဲ့ သတ္တုတွင်းတစ်ခု။
******
[၃] ကန္တာရဆားပွင့်
မြတ်နိုးခြင်း၏ တည်ရာ၊ သစ္စာတရား၏ တည်ရာ၊ အကြင်နာတရား၏ သင်္ကေတနတ်ဘုရားမ ယုယာ၊ ငါ၏ ဝင်သက် ထွက်သက်တို့ကို အသင် ပိုင်စားသကဲ့သို့ ငါ၏ မျက်လုံး၊ ငါ၏ ဘာသာဗေဒ၊ ငါ၏ လင်္ကာပန်းတို့ကို သင် ပိုင်စား၏။ သင့်ကိုယ်စားအားဖြင့် လည်းကောင်း၊ ငါတို့၏ လတစ်စင်း နေတစ်စင်းအားဖြင့်လည်းကောင်း သန့်စင်မြတ်မွန်သော နတ်သူငယ်လုလင်အား ဆောင်ကြဥ်းလှည့်ပါလော့။ သင်နှင့် သင်၏ အသက်ဘူးအား ငါစောင့်ရှောက်အံ့။ သင့်သားအိမ်မြတ်အား ငါ ပူဇော်၏။ရေထု လေထုနှင့် ကောင်းကင်အစပ်အကြားမရှိ ကျေးငှက်သာရကာ အပေါင်းတို့သည် ဤချစ်ခြင်းတရားအကြောင်းကို တရားထူး တရားမြတ်ပမာ မြည်ကြွေးဟစ်ကြော်ကြရပေလတ္တံ့။
ငါ၏ချစ်လှစွာသော လူမိန်းမ၊ ဤကမ္ဘာမြေပေါ်၌ ငါ ရှာဖွေသိုမှီးသိမ်းဆည်းရသမျှ မျက်ရည်များမှအပ အားလုံးသော ပျော်ရွှင်မှုအပေါင်းအား သင့်အတွက် ငါ ရည်စူးညွှန်းဆိုပါ၏ ယုယာ။
******
“ဟေ့လူ မပြန်သေးဘူးလား”
ဘယ်နှခွန်းမြောက်မှန်း မသိတဲ့ ဆိုင်ရှင်ရဲ့ လူမှုရေးခေါင်းပါးမှုဟာ နည်းနည်းမာလာတယ်။ သူ ပြုံးပြလိုက်တယ်။
“ဒီလောက် ညံ့တဲ့ဆိုင်ကိုမှ ရွေးပြီး ထိုင်ရတယ်လို့ဗျာ “
“ငါတို့ဘဝတွေက ရွေးချယ်စရာ ဘာများ များများစားစား ရှိလို့လဲကွာ…သားရေဖိနပ်ကို အသားနံ့ရအောင် စွပ်ပြုတ်လုပ်သောက်နေရတော့မယ့် အခြေအနေမှာ အညံ့တွေနဲ့ နေသားကျအောင် နေစမ်းပါ” လို့ သူက သူ့မိတ်ဆွေ ကဗျာဆရာ ဒွန်စိုင်းရှပ်ကို ပြန်ပြောဖူးတယ်။ ဒီအကြောင်းကို သူ့အရေပြားတစ်နေရာမှာ ထိုးထွင်းထားရဦးမယ်လို့ သူ တွေးမိလိုက်သေးတယ်။
အဲဒီနေ့က “ပင်လယ်ရေက ဘာကြောင့် ငန်ရတာလဲ”လို့ သူက မေးတော့ ကဗျာဆရာ ဖြေတယ်။
“ပင်လယ်ရေက ငန်မှာပေါ့…. မြစ်တွေရဲ့ မျက်ရည်တွေကိုး”
အဆင်မပြေဘူးဆိုတဲ့ ဝေါဟာရကို ဘယ်သူ တီထွင်လိုက်တာလဲ။ မုန်းလိုက်တာ။ အဆင်မပြေမှုက ကုန်ဈေးနှုန်းလို ကြီးကြီးလာတယ်။ ပလတ်စတစ် အရည်ပျော်သလို ပျော်နေတဲ့ ဆီပူထဲ အီကြာကွေးညိုညိုကြီးတွေ တွန့်လိမ်နေကြတယ်။
သူ ဘယ်ကို ပျံပြီး ပြန်ရမယ်၊ ဘယ်ကို ပြန်ပြီးပျံရမယ်ဆိုတာ ပြန်စဥ်းစားကြည့်တော့ သူ မပျံတတ်တော့ဘူး။ ဒါနဲ့ သူ မပြန်ဘူး။
“အဘိဇာတ”တစ်ယောက်ဟာ သူ့ကိုကျောပေးပြီး တစ်ဖက်စားပွဲမှာ ထိုင်နေတယ်။ သူက သူ့လက်ဖဝါးတစ်ဖက်ကို ဓားတစ်စင်းနဲ့ ထိုးစိုက်ပြီး နောင်တော် “အဘိသေက”ကို နာကျင်ခံစားမှုမဲ့မဲ့နဲ့ ပြောလိုက်တယ်။
“ဒီအရသာက ဘာကြီးလဲ”
******
[၄] လူးလူးလွင့်လွင့် လှေ
အို…..အံ့ချီးမကုန်သောလူမိန်းမ ယုယာ။သင့်ကိုငါချစ်၏။ဤကမ္ဘာမြေ၌ ကောက်ပဲစပါးတို့ ဝင်းမှည့်ပြည့်အိလျက် တောအနှံ့တောင်အနှံ့ မြစ်အထောင် ချောင်းအသိန်း ညင်သာတေးဖွဲ့စီရင်သကဲ့သို့ ငါတို့၏ မနက်ဖြန်ကို မွေးဖွားပေးခဲ့လေပြီ။ စစ်မြေပုန်းကျင်းမြေ အောင်းနေရာတို့၌ ငါ၏အိမ်သူအား အဘယ်ကြောင့် စီရင်မွေးဖွားသန့်စင်စေခဲ့ရပါသနည်း။
အချင်း စစ်နတ်ဘုရားမ၊ သင်သည် ကြမ်းကြုတ်၏။မီးစဖြင့်ရှို့လောင်၍ ပုရိသလုလင် ဖွားစေလျက် ငါ့မျက်လုံးတစ်ဖက်ကို အဘယ်ကြောင့် ဖြားယောင်းခေါ်ဆောင်သွားရပါသနည်း။ ငါ့မျက်လုံးတစ်ဖက်ဖြစ်သော ယုယာကို ပေးလော့။ ငါ၏လက်ဖြင့် လည်းကောင်း၊ ငါ၏ သားတော်အမည်နာမဖြင့် လည်းကောင်း ကမ္ဘာမကြေ ရှိရစေလတ္တံ့။
******
မှန်၊ လိုင်နာ၊ တံခါးချက်၊ မှန်တင်/မှန်ချ၊ ကားဝိုက်ဘာ၊ အမိုးဖွင့်၊ ပါဝါဝင်းဒိုး၊ ဘက်ကြည့်မှန်၊ တီဗီ၊ရီမု၊ စက်ပေါလစ်၊ အတွင်းခန်းလျှော်ဖွပ်၊ မီးလုံးမီးခွက် ပြုပြင်ရောင်းဝယ်ရေး၊ ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ အမှုန့်ကြိတ်သည်။
ကိုယ်တဲ့မဆိုင်တဲ့ ဆိုင်းဘုတ်တွေ အရည်မရ အဖတ်မရ အဓိပ္ပာယ်မဲ့လိုက်ဖတ်ရင်း အချိန်တွေကို လှိမ့်ပြီး ကျိုချက်စားသောက်ပစ်လိုက်တယ်။
တစ်ယောက်ယောက်ဖြစ်ဖြစ်၊ အဖြစ်အပျက်တစ်ခုဖြစ်ဖြစ် မျက်ရည် အန်ဖတ် မပါဘဲ လွမ်းချင်တယ်။ အစာအိမ်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေ အိပ်မောပဲ့ကျပြီး ဆန်အိုး ဆီအိုးတွေရဲ့ ငရဲအနက်နဲ့ ကီးဘုတ်ကုတ်ခြစ်သံဖွဖွ မကြားရတဲ့ နာရီတစ်လုံးထဲက အနှစ်အသားစေးစေးနဲ့ လေပြည်လေဝေ့လေးကို ရချင်တယ်။ ဘာစည်းနှောင်မှုမျိုးမှ မပါတဲ့၊ အမျိုးသားရေးတို့၊ နိုင်ငံရေးဦးတည်ချက်၊ လူမှုရေးဦးတည်၊ စီးပွားရေးဦးတည်ချက်တို့ မပါတဲ့ အရောင်အသွေးသန့်သန့် လိပ်ပြာစာသား သီချင်းအဖွဲ့ကို သူက အာသာငမ်းငမ်း ဖြစ်မိတယ်။ မြစ်တွေ၊ ချောင်းတွေကို ငေးကြည့်တဲ့အခါ လူသေအလောင်းတွေ၊ စပါးကျီတွေ၊ ကျွဲ နွားတွေနဲ့ ခွေးလေခွေးလွင့် အပုပ်အသိုးတွေ၊ ရောဂါပိုးမွှားတွေ ပေါလောမျောပါမှုမရှိတဲ့ ရနံ့လှလှအိပ်မက်ကို သူ စီးပွေ့ချင်နေတယ်။
ဖြစ်နိုင်ရင် လပြည့်ညရဲ့သန်းခေါင်ယံမှာ ဌာန်ကုန်အောင် အော်ဟစ်ပြီး လေညင်းဆွတ်ထားတဲ့ လရောင်ပင်လယ်ပန်ကိတ်တစ်ချပ် စားချင်တယ်။
******
[၅] အဘိသေက သေဆုံးမှု
အို..ယုယာ။ငါနှင့် သင့်နံနက်ခင်းကို သင်ထားခဲ့လေပြီတည့်။ သင်၏ နံနက်ခင်းလေးသည် ပန်းခြံအတွင်း၌ လောကဓာတ်ပညာအချို့ သင်ကြားစပြုလေပြီ။ စက္ကူစွန်၌ သင့်အမည်နာမနှင့် သင့်ပုံတူရောင်ခြယ်ပွတ်ဆွဲလျက် လွှတ်၍ ကောင်းကင်မိခင်အား ပူဇော်သမှု ပြုအပ်လေပြီ။ စွန်ကြိုး၌ ခိုစီးကခုန်လျက် ငှက်တို့ကို တေးဆိုစေလော့။
ခြိုးခြံချွေတာရေးတရားကို ပြုတ်ကျလာတတ်တဲ့ သက်တံမည်းတွေက တရားချတယ်။ ချစ်ခြင်းမေတ္တာကို စိမ်ရည်လို စိမ်သောက်တတ်ဖို့ မြူယမ်းခိုးတွေက သင်ကြားတယ်။ အဆင်မပြေခြင်းဆိုတာ ချွတ်လို့မရတဲ့ နှစ်ရှည်တက်တူး မြစ်တစ်စင်း။ တစ်ယောက်တည်း အမည်မဲ့ငေးငေါင်နေကြတဲ့ ဦးခေါင်းတွေဟာ တိကျရေရာမှုနတ္ထိနဲ့ ကတ္တရာလမ်းပြားအပြည့်။ ပဋိဇီဝနဲ့ အသက်ဆက်နေရတဲ့ခန္ဓာတစ်ခုလို မျှော်လင့်ချက်တစ်ခုနဲ့ အသက်ကို ဆွဲဆန့်ထားနေရခြင်းက တစ်နေ့နေ့ဆိုတဲ့ ကမ်းခြေဆီဆိုတာမျိုး။ ဘယ်သူ တစ်ဦး တစ်ယောက်ဆီကိုမှလည်း သံလိုက်အိမ်မြှောင်ကြည့်ပြီး မသွားလိုတော့။ သိမ်ငယ်မှုနဲ့သူဟာ နာတာရှည်သီချင်းဆိုပြီး ကြွေကျလာတဲ့ ပိတောက်ရွက်တစ်လွှာရဲ့ အရေအကြောကို လှည့်ပတ်ကြည့်နေလိုက်နေတယ်။ တကယ်တော့ ကမ်းခြေအားလုံး အရည်ပျော်ကျသွားပါပြီ။
အဲဒီနောက် ခြေတစ်ဖက်ဆာနေတဲ့”အဘိဇာတ”ဟာ ခြေကုန်လမ်းပန်းကျအောင် ပြေးလွှားသွားနေတဲ့အချိန်မှာ မျက်တွင်းဟောက်ပက်နဲ့ “အဘိသေက”ဟာ မြားချက်တန်းလန်း ထိမှန်ပြီးတဲ့နောက် ဝံပုလွေတစ်အုပ်ရဲ့ ညလယ်စာ ဖြစ်သွားခဲ့ရတယ်။
******
[၆] ရထားသင်္ဘောလမ်းမဲ့ အရသာမဲ့သစ်စေး
အို……ယုယာ၊ ငါမိုက်မဲလေပြီ။အလ္လာဟ်ရှင်မြတ်ကိုလည်းကောင်း၊ဗုဒ္ဓကိုလည်းကောင်း၊ဘုရားသခင်ကိုလည်းကောင်း ငါရုပ်သိမ်းပြီ။ဤဒွန္နယာကြီးကိုလည်း ယုံကြည်ကင်းမဲ့ပြီ။သင်ဆည်းကပ်ပူဇော်ခဲ့သော ဘုရားရှင်ထံ ငါ့အားခွင့်လွှတ်ပေးတော်မူရန် သနားခံလေလော့။သင့်အသားမျက်မြစ်ကို သောက်သုံးခဲ့သော ငါတို့၏ နံနက်ခင်းလေးသည် စွန်ငှက်ရုပ်နှယ် အသင့်ထံ ပျံသန်းခဲ့လေပြီ။ ရေအိုးကို ငါခွဲပါအံ့။ ပန်းပွင့်ဝိညာဥ်ကို ဆောင်ယူလေ။
သားလေး ချာလီရဲ့ စက္ကူစွန်လေးတစ်ခုနဲ့ လေယာဥ်ပျံတစ်စင်း ငြိမိတဲ့နေ့က စပြီး အိပ်မက်တန်းလန်းချည်ထားတဲ့ လမ်းမကြီးရဲ့နံဘေးမှာရှိတဲ့ အလယ်အလတ်တန်းစား ရွက်ဖျင်တဲ ကဖေးဆိုင် ယိုင်ယဲ့ယဲ့တစ်ခုမှာ လိပ်စာမြေပုံမဲ့ ရနံ့ဟောင်းကို လွမ်းတဲ့စိတ်ခက်နဲ့ ကျောက်ချထားသူဟာ ကမ်းလမ်းမဲ့ သင်္ဘောတစ်စင်းလို ဖြစ်ပျက်တည်ရှိတယ်။ စွန်တစ်ကောင် ကြိုးပြတ်သွားသလို သူ့စိတ်အရေခွံ ပျံသန်းမှုကို ဒီအတိုင်းငြိမ်သက် ထိုင်ကြည့်နေမိတယ်။ မနက်ခင်းရဲ့ ကျေးသန္တာတေးဆိုတာမျိုးကလည်း အပေါင်ဆုံးသွားတဲ့ စေ့စပ်လက်ထပ်လက်စွပ်တစ်ကွင်းရဲ့ ပြန်မလာတမ်းချင်းတစ်ရွက်ပါပဲလေ။ ခရီးတစ်ခု ဝေးရာ လွင့်ချင်နေတဲ့ စိတ်ဝတ္ထုတစ်ပုဒ်ဟာ လက်ဖက်ရည်ခွက်ထဲပြုတ်ကျသွားတဲ့ ယင်ကောင်တစ်ကောင်လို သေဆုံးသွားခဲ့တယ်။
သူ့မျက်စိရှေ့မှာ ချာလီဟာ မီးခိုးပြာအဖြစ် အငွေ့ပျံပျောက်ဆုံးသွားခဲ့တယ်။ သူက စိုက်ခင်းထဲက ရင့်မှည့်တော့မယ်မနက်ဖြန်ပန်းပွင့်တွေကို ရေလောင်း ပေါင်းသင်နေတဲ့အချိန်မှာ ကောင်းကင်ရဲ့အော်သံကို နောက်ဆုံး ကြားလိုက်ရတာပဲ။
******
[၇] အခင်းဖြစ်စဥ်
အဲဒီနေ့က ကောင်းကင်မှာ ခရီးသည်မဲ့ လေယာဥ်ပျံတစ်စင်းဟာ အနက်ရောင်သက်တံတွေကို နဂါးတွေလို မှုတ်ထုတ်ပျံသန်းသွားကြတယ်။
ဒါ….သေခြင်းတရားပဲ။
“ဟေ့လူ မပြန်သေးဘူးလား”
ဒီစက်ဝန်းထဲ ပြန်ကျပြီး မေးနေပြန်ပြီ။ သူ ပြုံးပြလိုက်တယ်။
ဘယ်ကို ပျံပြီး ပြန်ရမယ်၊ ဘယ်ကို ပြန်ပြီးပျံရမယ်ဆိုတာ ပြန်စဥ်းစားကြည့်တော့ မပျံတတ်ကြတော့ဘူး။ ဒါနဲ့ မပြန်ခဲ့ကြဘူး။ မနက်မိုးလင်းတာနဲ့ ပုံမှန်အတိုင်းပဲ မြို့ဟာ ဘာမှမသိသလို မနေ့ကအတိုင်း အိပ်မှုန်စုံမွှား ထ လာတယ်။
ဘာမေးမေး မဖြေခဲ့လို့ ဝံပုလွေတစ်အုပ်က ဝံပုလွေစစ်ဆင်ရေးအနေနဲ့ မြို့ပြထဲ ငှက်ပေါက်ကလေးတွေ စီးနင်းဖမ်းဆီးခဲ့တဲ့နေ့က သူ့လျှာကို ဖြတ်တောက်ခဲ့ကြတယ်ဆိုတာ ဘယ်သူ့ကိုမှ သူ မပြောပြခဲ့ဘူး။
ဒီအကြောင်းအရာတွေကို ဘယ်သတင်းမီဒီယာမှ မသိခဲ့။ မြို့ပြဟာ မြို့ပြဆန်ရင်း သူနဲ့အတူ နေထိုင်သွားခဲ့တယ်။
သူ့ကျောရိုးတည့်တည့်ပေါ်က အရေပြားမှာ နောက်ထပ်စကားလုံးတွေ ထပ်ထိုးထားလိုက်တယ်။
“ချာလီကို ပြန်ပေး”
“ငါ့အသံ ပြန်ပေး”
“ငါ့လျှာ ပြန်ပေး”
အို…ယုယာ၊ သင်နှင့် ငါ၏သားငယ် အဘယ်မှာရှိပါသနည်း။ ငါ ပျံတက်ခဲ့ပါပြီ။ ငါ့ကျောအရေပြား၌ ပန္နက်ချထားသော သင်တို့၏ အမည်နာမကို တိုင်တည်ဆို၏။ ဤမြေ၌ ဓမ္မသည် သေလေပြီ။
******
[၀] အသံတိတ်သတင်း
ရုပ်သံသတင်းတင်ဆက်မှုမှာတော့ ဒုဗ္ဘိက္ခန္တရ မြို့အလွန် ပစ္စန္တရစ်မြို့ပြဟာ ကောင်းကင်ဓာတ်ပုံထဲကနေ ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားခဲ့တယ်။ ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar