(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၂၄
သန်းခေါင်စာရင်း ကောက်ယူသူတွေ တနင်္သာရီတိုင်းမှာ PDF ဖမ်းဆီး
သန်းခေါင်စာရင်းကောက်ယူရာမှာ စေခိုင်းခြင်းခံရတဲ့ စစ်ကောင်စီ လက်အောက်က အမျိုးသမီး ပညာရေးဝန်ထမ်း ၈ ဦးနဲ့ အုပ်ချုပ်ရေးရုံးက အမျိုးသမီးစာရေးဝန်ထမ်း ၁ ဦး စုစုပေါင်းကို လောင်းလုံ PDF အဖွဲ့တဖွဲ့က အောက်တိုဘာ ၆ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
စစ်ကောင်စီက လာမယ့် နှစ်မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်မှန်ကန်ကန် ရအောင် ဆိုတဲ့ အကြောင်းပြချက်နဲ့ အောက်တိုဘာလ ၁ ရက်နေ့ကစလို့ သန်းခေါင်စာရင်း ကောက်ယူနေတာ ဖြစ်ပြီး အခုလို သန်းခေါင်စာရင်း ကောက်ယူရာမှာ လူဝင်မှုကြီးကြပ်ရေးက ဝန်ထမ်း၊ ပညာရေး ဝန်ထမ်းတွေနဲ့ အထွေထွေအုပ်ချုပ်ရေးက ဝန်ထမ်းတွေ ပါဝင်နေတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရတွေက ရွေးကောက်ပွဲ မဲစာရင်း ကောက်ယူတဲ့အခါ၊ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ သို့မဟုတ် သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါမျိုးမှာ ပညာရေးနယ်ပယ်က ကျောင်းဆရာ၊ ဆရာမတွေကို အမိန့်နဲ့ စေခိုင်းလေ့ရှိကြတာ အရင်ကတည်းက ဖြစ်ပါတယ်။ ပညာရေးဝန်ထမ်းတွေ အနေနဲ့ ၄င်းတို့ ဆန္ဒ၊ ရွေးချယ်ပိုင်ခွင့် မရှိကြဘဲ အထက်က စေခိုင်းတာကို လုပ်ဆောင်ကြရတာ ဖြစ်တာကြောင့် အခုလို အရပ်ဘက် ဝန်ထမ်းတွေကို PDF လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးတာဟာ ဆန့်ကျင်ဘက် စစ်ကောင်စီက လုပ်ဆောင်တဲ့ လုပ်ရပ်မျိုးနဲ့ ဆင်တူနေသလားလို့ ဝေဖန်မှုတွေ လည်း ရှိနေတာဖြစ်ပါတယ်။
လောင်းလုံး PDF အဖွဲ့ကတော့ သတင်းဌာနအချို့ရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာတော့ စစ်ဆေးမေးမြန်းနေပြီး အုပ်ချုပ်ရေးပိုင်းရဲ့ လမ်းညွှန်မှုအတိုင်း လုပ်ဆောင်မယ်လို့ ဖြေဆိုပြီး၊ ဝန်ခံကတိတွေယူပြီး ပြန်လွှတ်ပေးမယ့် သဘောမျိုးလည်း သတင်းဌာနတခုကို ဖြေကြားထားတာ တွေ့ရပါတယ်။
PDF တွေအနေနဲ့ နောက်နှစ်မှာ စစ်ကောင်စီ လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ စစ်ကောင်စီရဲ့ ထွက်ပေါက်ဖြစ်တယ်၊ ထွက်ပေါက်ကို မပေးဘဲ ရွေးကောက်ပွဲ မကျင်းပနိုင်အောင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် သန်းခေါင်စာရင်း ကောက်ယူသူတွေကိုပါ ဖမ်းဆီးတာ၊ ဒိထက်ပိုမို ဆိုးရွားတဲ့ အခြေအနေမျိုးမှာ နှိပ်စက်ညှဉ်းပန်းတာမျိုး၊ သတ်ဖြတ်တာမျိုးတွေက လက်နက်ကိုင် အဖွဲ့အစည်းတွေ လိုက်နာရမယ့် ဂျီနီဗာ ကွန်ဗင်းရှင်းကို ချိုးဖောက်ရာ ရောက်သလား ဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်လာပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဥ်ကို ပါဝင် ကူညီနိုင်ခြင်းမရှိအောင် လုပ်ဆောင်ရာမှာ အခုလို ဖမ်းဆီးတာ သို့ မဟုတ် ပြစ်ဒဏ်ပေးတာတွေ လုပ်ဆောင်သင့်သလားဆိုတာလည်း မေးစရာရှိလာတာ ဖြစ်ပါတယ်။ ချင်းပြည်နယ် ဟားခါးမြို့မှာလည်း သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်သူတွေကို ပစ်ခတ်မယ်ဆိုတဲ့ သဘောမျိုး ဟားခါး PDF အဖွဲ့က သတိပေးထုတ်ပြန်ထားတာလည်း တွေ့ရပါတယ်။
စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ NUG ရဲ့ မူဝါဒ၊ NUG လက်အောက်က မဟုတ်တဲ့ PDF တွေ အနေနဲ့ တဖွဲ့ချင်းစီ အမျိုးမျိုးသော သဘောထားတွေ ရှိနေကောင်းရှိနေကြတဲ့ သဘောတွေ့ရပြီး ရွေးကောက်ပွဲ မကျင်းပနိုင်အောင် လုပ်ဆောင်သွားမယ်ဆိုတဲ့ ရည်မှန်းချက်ထားရှိကြတာလို့ နားလည်ရပါတယ်။ သို့ပေမဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဥ်ထဲမှာပါတဲ့ အရပ်သား ဝန်ထမ်းတွေကို ပစ်ခတ်တာ သို့မဟုတ် ဖမ်းဆီးတာဟာ NUG/PDF တွေအတွက် ဘယ်လိုပုံရိပ်ဖြစ်ပေါ်စေနိုင်သလဲ ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းစဥ်းစားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒီနေ့အဖို့ နောက်ထပ် အကြောင်းအရာတခုကတော့ ညောင်ရွှေမြို့နယ်ထဲက အင်းလေးကန်ထဲက ကျေးရွာတွေ ရေကြီးနေတာ ရက်သီတင်းပတ်နဲ့ချီ ကြာမြင့်လာနေပြီး အင်းလေးကန်နဲ့ ဆက်စပ်နေတဲ့ ကရင်နီပြည်ဘက်မှာလည်း လွိုင်ကော်၊ ဒီမော့ဆိုမြို့နယ်တွေမှာ ရေကြီးနေတဲ့ သတင်းဖြစ်ပါတယ်။ စက်တင်ဘာလဆန်းပိုင်းက ရွာသွန်းခဲ့တဲ့ ယာဂီမုန်တိုင်း အကြွင်းအကျန် မိုးတွေကြောင့် တာချီလိတ်၊ ကလော၊ ညောင်ရွှေ၊ ရွှေညောင် တာချီလိတ် တောင်ကြီး ကားလမ်းအကြားက အချို့သော မြို့တွေ ဒေသတွေမှာ မိုးကြီးတာ မြေပြိုတာ၊ ရုတ်တရက် ချောင်းရေ တောင်ကျရေ ကျရောက်တာတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ အင်းလေးကန် ထဲက လူနေကျေးရွာတွေလည်း မကြုံဖူးအောင် ရေကြီးတဲ့ ဒဏ်ကိုခံစားနေကြရပါတယ်။ အင်းလေးကန်ရေကြီးရတဲ့ အကြောင်းရင်းက ရေဝေရေလဲ ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပြီး နှစ်စဥ် အင်းလေးကန် ရေပြည့်ချိန် ဖြစ်တဲ့ အောက်တိုဘာလမှာ အခုလို ရေကြီးနေတာ ဖြစ်ပါတယ်။
အစိုးရ မဟုတ်တဲ့ လူထုအချင်းချင်း အကူအညီတွေကို ညောင်ရွှေမြို့နယ် အင်းလေးကန်ရေဘေး ကျရောက်သူတွေကို ကူညီနိုင်ပေမယ့် လွိုင်ကော်၊ ဒီမော့ဆိုလို လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားထားပြီး နှစ်ဖက် အပြန်အလှန် စောင့်ကြည့်နေကြတဲ့ နေရာဒေသ၊ စစ်ကောင်စီဘက်က ပိတ်ဆို့ဖြတ်တောက်ရေးလုပ်ခံထားရတဲ့ ဒေသတွေက ရေဘေးဒဏ်ကို ပိုမိုခက်ခဲစွာ ကျော်ဖြတ်နေကြရတာ ဖြစ်ပါတယ်။ ပုံမှန် အနေအထားမှာတောင် ရိက္ခာ၊ ဆေးဝါး အခက်အခဲနဲ့ ရင်ဆိုင်နေကြရတဲ့ အနေအထားမျိုးမှာ ရေဘေးအန္တရာယ် ထပ်မံကျရောက်လာတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ နဲ့ အသက်ရှင်သန်ဖို့ အခက်အခဲတွေက ပိုမိုကြီးမားလာတာ ဖြစ်ပါတယ်။ လွိုင်ကော်မြို့က ရေဘေးအန္တရာယ် ခံစားနေကြရသူတွေကို ကူညီခွင့်တွေ ကန့်သတ်ခံထားရကြောင်း သတင်းတွေမှာ ဖော်ပြထားကြပြီး ထင်ရှားလူသိများတဲ့ ပရဟိတ ကူညီရေး ဖောင်ဒေးရှင်းတခုဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ တဦးသာ လွိုင်ကော်မြို့ ရေဘေးခံစားနေရသူတွေကို အကန့်အသတ်နဲ့ ကူညီခွင့်ရကြောင်း လူမှုကွန်ရက်မီဒီယာတွေမှာ ဖော်ပြထားတာတွေ အရ သိရှိရပါတယ်။
နိုင်ငံတကာက အချို့သော လက်နက်ကိုင်ပဋိပက္ခတွေမှာ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ နှစ်ဖက်ရင်ဆိုင် တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ပဋိပက္ခကို ခေတ္တဘေးဖယ်ထားပြီး ဒုက္ခရောက်သူတွေကို ကူညီကြတာမျိုး ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ အလားတူ ဖြစ်လာနိုင်ခြေမရှိတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar