ylliX - Online Advertising Network
ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကို ဘယ်တော့ အဖြေရှာနိုင်မလဲ

ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကို ဘယ်တော့ အဖြေရှာနိုင်မလဲ


(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၄⁨⁨⁨⁨⁨⁨

ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကို ဘယ်တော့ အဖြေရှာနိုင်မလဲ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ယူနွတ်စ်က ရိုဟင်ဂျာဒုက္ခသည်ပြဿနာကို ဖြေရှင်းဖို့အတွက် ရခိုင်ပြည်နယ်ထဲမှာ ကုလသမဂ္ဂက အာမခံတဲ့ လုံခြုံတဲ့ဇုန်တခု Safe Zone ဖန်တီးဖို့ ခုရက်ပိုင်းမှာ အဆိုပြုပြောဆိုလိုက်ပါတယ်။ ဒီ Safe Zone ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့တဲ့ သူတွေကို အကူအညီပေးဖို့နဲ့ ဖြစ်ပွားနေတဲ့ လူသားချင်းစာနာ ထောက်ထားရေး အကြပ်အတည်းကို ကိုင်တွယ် ဖြေရှင်းဖို့ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းဌာနတခုကို ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူး နဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တို့ ဒက္ကားမြို့မှာ တွေ့ဆုံစဥ် အဲလိုပြောဆိုခဲ့တာလို့လည်း ဆိုပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်း နီးပါးကို ၇ နှစ်ကြာ လက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မကြာသေးခင်က နိုင်ငံရေး အပြောင်းအလဲတွေ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ပြီး လူရာချီသေဆုံးခဲ့ရတဲ့ ဆန္ဒပြမှုတွေလနဲ့ချီဖြစ်ပွားပြီးနောက်မှာတော့  ၁၅ နှစ်ကြာ ဝန်ကြီးချုပ်ရာထူးကို ရယူထားတဲ့ ရှိတ်ဟာဆီနာ နိုင်ငံက ရုတ်တရက်ထွက်ခွာခဲ့ရကာ ဘင်္ဂလားဒေ့ရှ် လူထုယုံကြည်မှုရရှိသူ မိုဟာမက်ယူနွတ်စ်က ကြားဖြတ်အစိုးရကို ဦးဆောင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အရင်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိသူလို့ မီဒီယာတွေက ယေဘုယျအားဖြင့် ရေးသားကြသလို အခုလက်ရှိ ကြားဖြတ်အစိုးရရဲ့ ဝန်ကြီးချုပ် မိုဟာမက် ယူနွတ်စ်ကိုလည်း အမေရိကန်နဲ့ နီးစပ်သူလို့ ရေးသားကြတာတွေ့ရပါတယ်။

လူဦးရေ သန်းတရာကျော် ရှိပေမယ့် နိုင်ငံရဲ့ အကျယ်အဝန်းအနေနဲ့ဆို အလွန်ကျဥ်းမြောင်းတဲ့ နိုင်ငံဧရိယာသာ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်  ၁သန်းကို ၇ နှစ်ကြာလက်ခံထားရတဲ့ ဝန်က မသေးတဲ့ ဝန်ထုပ်ဝန်ပိုးလို့ဆိုနိုင်ပြီး မြန်မာနိုင်ငံဘက် ရခိုင်ပြည်နယ်မှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ပွဲတွေ အရှိန်မြင့်လာချိန် နောက်ထပ် ဒုက္ခသည်တွေ ဝင်ရောက်လာတဲ့ အခြေအနေ ကိုလည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့၊ နယ်ခြားစောင့် ကင်းစခန်းနဲ့ တပ်ရင်းတွေကို AA လက်နက်ကိုင် အဖွဲ့က ထိုးစစ်ဆင် သိမ်းယူရာမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရာထောင်ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထပ်မံဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ တဖက်မှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပွားနေတဲ့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံနေရာချထားဖို့ မလွယ်ကူတဲ့အနေအထားမျိုးကို ရင်ဆိုင်နေရတဲ့ အခြေအနေလို့ဆိုရမှာ ဖြစ်ပါတယ်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် အဆိုပြုတဲ့ Safe Zone ဆိုတဲ့ အယူအဆဟာ ခုမှ ပေါ်ထွက်လာတဲ့ အယူအဆတော့မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက်ကတည်းက ရခိုင်ပြည်နယ်ထဲမှာ ကုလသမဂ္ဂက တာဝန်ယူကြီးကြပ်မယ့် Safe Zone တခု အကောင်အထည်ဖေါ်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အဆိုပြုခဲ့ဖူးတာ ဖြစ်ပါတယ်။ ထိုစဥ်က မြန်မာအစိုးရဘက်က သဘောမတူခဲ့တာကြောင့် ဒီအစီအစဥ်ကို အကောင်အထည် မဖေါ်နိုင်ခဲ့တဲ့ အနေအထားလို့လည်း ဆိုနိုင်ပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် အနေနဲ့ လက်ခံထားပြီးသား ရိုဟင်ဂျာ ၁ သန်းရဲ့ နေရာချထားမှုနဲ့ ပတ်သက်လို့ ဝေဖန် ပြောဆိုခဲ့ကြတဲ့ အဖြစ်အပျက်တွေ၊ နိုင်ငံတကာ ရိက္ခာထောက်ပံ့ကူညီမှုကို စီမံခန့်ခွဲရာမှာ အကူအညီမလုံလောက်မှုတွေ ကြုံတွေ့ရတဲ့ အနေအထားမျိုး၊ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း လက်နက်ကိုင် အဖွဲ့တွေ ကျူးလွန်တဲ့ သတ်ဖြတ်မှု၊ လက်နက်ကိုင် လူသစ် အဓမ္မစုဆောင်းမှုတွေကို မနှိမ်နင်းနိုင်တဲ့ ကိစ္စတွေနဲ့  ရာဇဝတ်မှုဖြစ်ပွားတာ အစဥ်အမြဲ ရင်ဆိုင်နေရတာ ဖြစ်လို့ နောက်ထပ် ဒုက္ခသည်တွေ လက်မခံချင်တာ၊ လက်မခံရအောင် အခုလို ကုလသမဂ္ဂက တာဝန်ယူမယ့် Safe Zone လို့မျိုးကို ပြန်ပြီး အကြံပြုတာလို့ ကောက်ချက်ချရင် မှားမယ် မထင်ပါဘူး။

မြန်မာနိုင်ငံဘက် အနေနဲ့ ရိုဟင်ဂျာ အရေး၊ ဒုက္ခသည်အရေးကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ တချက်စေ့ငုကြည့်ကြရင် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်တွေ ဆက်တိုက်ဆိုသလို နယ်မြေတွေ လက်လွှတ်ဆုံးရှုံးနေရတဲ့ အနေအထား၊ ပြည်နယ်တခုလုံးကို စစ်ကောင်စီတပ် ကင်းရှင်းအောင် တိုက်ထုတ်ဖို့ သံဓိဌာန်ချထားပုံရတဲ့ AA ရဲ့ ထိန်းချုပ်နယ်မြေတွေ လျင်မြန်စွာ ကြီးမားကျယ်ပြန့်လာနေတဲ့ အနေအထားမှာ ရိုဟင်ဂျာ လူမျိုးစုလက်နက်ကိုင်တချို့က စစ်ကောင်စီနဲ့ မဟာမိတ်ဖွဲ့ကာ AA ကို ရင်ဆိုင်တိုက်ခိုက်နေကြတာက AA အနေနဲ့ ရိုဟင်ဂျာ အရေးကိစ္စကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းဖို့ အခက်အခဲ အကျပ်အတည်းနဲ့ ကြုံရတဲ့ သဘောလို့ ဆိုရင်မှားမယ် မထင်ပါဘူး။

ယခင်လတွေတုန်းက မောင်တောမြို့နယ်ထဲက တိုက်ပွဲဖြစ်စဥ်တွေမှာ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတိမ်းရှောင်ဖို့ လုပ်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို AA လက်နက်ကိုင် အဖွဲ့က Drop Bomb နဲ့ တိုက်ခိုက်ခဲ့ပြီး လူရာဂဏန်းနဲ့ အသက်ဆုံးရှုံးခဲ့ရတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ကာ AA ဘက်ကတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဘူးသီးတောင်မြို့တွင်း တိုက်ပွဲတွေ ဖြစ်ပွားနေစဥ်ကာလမှာလည်း AA ဘက်က ရိုဟင်ဂျာ ပြည်သူ့စစ်/ လက်နက်ကိုင်အဖွဲ့တွေ စစ်ကောင်စီနဲ့ ပေါင်းပြီး ၄င်းတို့ကို တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ၊ ရိုဟင်ဂျာ အသိုင်းအဝိုင်းဘက်ကလည်း AA အဖွဲ့က ဘူးသီးတောင်မြို့မှာရှိတဲ့ ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဆိုရရင် ရခိုင်ပြည်နယ်ရဲ့ နယ်မြေ ဧရိယာအများအပြားကို ထိန်းချုပ်ထားတဲ့ AA အဖွဲ့နဲ့ ရိုဟင်ဂျာ အဖွဲ့အစည်း /လူမှုအသိုင်းအဝိုင်းအကြား ဆက်ဆံရေး ကောင်းမွန်နေတဲ့ အနေအထားတော့ မဟုတ်သလို ကုလသမဂ္ဂလို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့လိုမျိုးနဲ့လည်း AA နဲ့ ဆက်ဆံရေးက ကောင်းမွန်တယ်လို့ မဆိုနိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကြားဖြတ်အစိုးရ ခေါင်းဆောင်က ကုလကကြီးကြပ်တာဝန်ယူမယ့် Safe Zone ထူထောင်ဖို့ အဆိုပြုချက်က ဖြစ်ပေါ်လာနိုင်ခြေ အလွန်နည်းနေတယ်လို့ ပဲကောက်ချက်ချရမယ့် အနေအထားဖြစ်ပါတယ်။

အကယ်၍ စစ်ကောင်စီထိန်းချုပ်ဒေသတွေမှာ ကုလသမဂ္ဂ ကြီးကြပ်ကွပ်ကဲမှုကို ခွင့်ပြုဖွယ်မရှိသလို AA ထိန်းချုပ်ဒေသတွေမှာလည်း ကုလသမဂ္ဂ အနေနဲ့ ဝင်ရောက်ခွင့် ကူညီခွင့် ကြီးကြပ်ခွင့် ရဖို့ အလားအလာ သိပ်မရှိတဲ့အနေအထားဖြစ်တာကြောင့် မိုဟာမက် ယူနွတ်စ် ရဲ့ အကြံပြုချက်က အကောင်အထည် ပေါ်ထွက်လာဖို့ အလှမ်းဝေးတဲ့ အနေအထားဖြစ်တယ်လို့ ကောက်ချက်ချရမှာ ဖြစ်ပါတော့တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar






Source link

Leave a Reply

Your email address will not be published. Required fields are marked *