ylliX - Online Advertising Network
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဆွေမျိုးပေါက်ဖော်ဖြစ်ဖို့ဆိုရင်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – ဆွေမျိုးပေါက်ဖော်ဖြစ်ဖို့ဆိုရင်


(မိုးမခ) အောက်တိုဘာ ၈ ၊ ၂၀၂၄

စစ်တပ် သက်ဆိုးရှည်တာဟာ တရုတ်ကြောင့်ပါပဲ။ သူသာ ယူအန်မှာ ဗီတိုသုံး မကာကွယ်ခဲ့၊ ထောက်ပံ့ကူညီတာတွေ မလုပ်ခဲ့၊ စစ်အုပ်စုနဲ့ စီမံကိန်းတွေ မလုပ်ခဲ့ဘူးဆိုရင် ဒီစစ်အုပ်စု အာဏာလုတာတွေ ရပ်သွားတာ ကြာပါပြီ။

ဆရာကြီးတင်မိုး ဖွဲ့သလို စစ်အားမကောင်းလို့ ဂျစ်ကားတောင် မမောင်းနိုင်တာ ကြာရောပေါ့။ ခုတခါ အာဏာလုမှုမှာလဲ လက်နက်တွေ၊ တိုက်လေယာဉ်တွေ၊ လေယာဉ်ဆီတွေ နည်းပညာတွေ မပံ့ပိုးခဲ့ဘူးဆိုရင် ငုတ်ပျောက်တော့မယ့်အချိန် ရောက်ပါပြီ။ မြန်မာပြည်လဲ စစ်တပ်က ပေးတဲ့ ဘေးဒုက္ခဆိုးတွေ ခံစားနေစရာမရှိတော့သလို တရုတ်နဲ့လဲ ဆွေမျိုးပေါက်ဖော် ဖြစ်နေကြရောပေါ့။

ဘာလို့ ဒီလိုမျိုး တရုတ်က စစ်အုပ်စုဘက်သားလုံးလုံး ဖြစ်လာသလဲဆို တချိန်က တရုတ်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီကို ပံ့ပိုးပြီး နေဝင်း စန်းယု စစ်အစိုးရဆိုပြီး ပီကင်းရေဒီယိုကနေ တချိန်လုံး ငါကိုင်တုတ်ခဲ့တာပါ။ ကွန်မြူနစ်တွေက စစ်အုပ်စုကို ဖြုတ်မချနိုင်ခဲ့ရုံမက သူတို့ပါ ကစဉ့်ကလျားပြေးရတဲ့ဘဝ ရောက်သွား၊ အများစုက တရုတ်ပြည်မှာ ခေါင်းချလိုက်ရပါတော့တယ်။ အဲဒီကတည်းက စစ်အုပ်စုကို ဖြုတ်ချနိုင်သူ မရှိတော့လို့ တွက်လိုက်ပုံပါဘဲ။

အဲဒီနောက်တော့ တရုတ်ဟာ စစ်အုပ်စုနဲ့ လက်တွဲဖော်ဖြစ်လာပါတယ်။ ဒီလိုနဲ့ ၈၈ အရေးအခင်းဖြစ်ပြီး ပြည်သူက စစ်အုပ်စုရဲ့ တပါတီအာဏာရှင်ကို ဖြုတ်ချတဲ့ အရေးတော်ပုံကြီး ဖြစ်လာတော့ စစ်တပ်က အာဏာပြန်သိမ်းတယ်။ ၉၀ မှာ ရွေးကောက်ပွဲလုပ်ပေးမယ် ပြောပြီး သိမ်းတာပါ။ ရွေးကောက်ပွဲမှာ သူတို့ရဲ့ ဖြုတ်ချခံ မဆလပါတီ တဖြစ်လဲ တစညပါတီ မနိုင်တော့ NLD ကို အာဏာမလွှဲဘဲ အုပ်ချုပ်လာလိုက်တာ ၂၀၁၀ ထိဆိုပါတော့။ အဲဒီကာလတလျှောက်လုံး တရုတ်ရဲ့ထောက်ခံအားနဲ့ အာဏာမြဲလာတဲ့ စစ်အုပ်စုဒဏ်ကို တပြည်လုံးကော့နေအောင် ခံကြရပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ NLD မဲအပြတ်အသတ်နိုင်တော့ ပထမဆုံးကွန်ဂရက်ကျူးလေးရှင်း လာလုပ်တာ တရုတ်သံရုံးပါ။ အာဏာမလွှဲမှန်းလဲ သိသွားရော စစ်အုပ်စုနဲ့ အလုံးစုံပေါင်းဖက်လိုက်ပြီး သူ့ရဲ့ခါးပတ်လမ်းစီမံကိန်းကြီးအတွက် မြန်မာပြည်ကို ခါးပိုက်ထဲထည့်ဖို့ လုပ်တော့တာပါဘဲ။ အဲဒီကထဲက မြန်မာပြည်မှာ စစ်အုပ်စုအာဏာမြဲရမယ်လို့ မဟာဗျူဟာချခဲ့တာ ခု တိန့်ရှီကျင်းရဲ့ပြောစကားထွက်လာတော့ ကနေ့ ရှင်းရှင်းလင်းလင်း မြင်ရပြီပေါ့လေ။ 

စစ်အုပ်စုတွေ အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းခဲ့ပေမယ့် အရပ်သားအစိုးရ ဖြစ်လာတော့ အရပ်ဘက် တောင်းဆိုလှုပ်ရှားမှုတွေကို မလွန်ဆန်နိုင်ဘဲ မြစ်ဆုံစီမံကိန်း ရွှေ့ဆိုင်းခံရတာ၊ လက်ပတောင်းအရေးအခင်း ဖြစ်လာပြီး ဒေါ်စု ဦးဆောင်တဲ့ ကော်မရှင်နဲ့ ‌ကြေးနီစီမံကိန်းတွေ စာချုပ်ပြင်ချုပ်ခံရတာ၊ ဒေါ်စု တက်လာတော့ စီမံကိန်းတွေ စာချုပ်ပြင်ချုပ်ခံရတာ၊ ရပ်ဆိုင်းတာတွေ ရှိလာတော့ စစ်အုပ်စုနဲ့မှသာ သူ စိတ်ကြိုက်လုပ်လို့ရမယ်လို့ သဘောထားပြီး အခု လုပ်နေတဲ့ လူထုတော်လှန်ရေးတန်ဖိုးကိုပါ ဥပေက္ခာပြုလာတော့တာပါဘဲ။ စစ်အုပ်စုကလဲ တရုတ်ကို ကြောက်ရပါတယ်လို့ပြောပြီး ကြောက်စရာကောင်းမှန်းသိသိနဲ့ သူတို့ စစ်ခေါင်းဆောင်ကြီး ဦးနေဝင်းရဲ့ တရုတ်အပေါ် သဘောထားကိုတောင် ဆန့်ကျင်ပြီး သူတို့ကိုယ်ကျိုးအတွက် တိုင်းပြည်ကို တရုတ် လက်ထိုးအပ်လိုက်ကြပါတယ်။ 

တကယ်က တရုတ်အနေနဲ့ ရေရှည်မှာ လူထုအစိုးရတွေနဲ့ မှန်မှန်ကန်ကန် မျှမျှတတနည်းလမ်းတကျလုပ်ခြင်းကသာ ဟန်ကျမယ်ဆိုတာကို သတိချပ်သင့်ပါတယ်။ ဒီလောက် ယုတ်ကန်းတဲ့ စစ်အုပ်စုကို ခုတခါ တော်လှန်တာဟာ ဘယ်တုန်းက တော်လှန်ခဲ့တာနဲ့မှ မတူပါဘူး။ စစ်အုပ်စု မပြုတ်မချင်း ရပ်တန့်တော့မှာမဟုတ်ဘူး ဆိုတာကို သေသေချာချာ သိဖို့လိုပါတယ်။ လက်နက်ခဲယမ်းရိက္ခာဖြတ်တောက်ပြီး ဖိအားပေးတဲ့နည်းနဲ့ နောက်ဆုတ်အောင် လုပ်လို့မရပါဘူး။

ရွေးကောက်ပွဲ ကိုယ်တိုင်လုပ်ပေးတုန်းကလဲ ကိုယ့်လူ မနိုင်တော့ နိုင်တဲ့သူကို အာဏာမလွှဲခဲ့သလို အရပ်သားအစိုးရ ဖြစ်လာလို့ သူတို့ဘာသာလုပ်တဲ့ ရွေးကောက်ပွဲမှာ စစ်အုပ်စု ကြံ့ဖွတ်ပါတီ ရှုံးတော့လဲ အာဏာဖြတ်လုထားတဲ့ စစ်အုပ်စုက လုပ်မယ့်ရွေးကောက်ပွဲဆိုတာ လက်ခံယုံကြည်ဖို့ထား၊ ရွေးကောက်ပွဲ ဆိုတဲ့ ဝေါဟာရ၊ ရွေးကောက်ပွဲလုပ်ခြင်း ဆိုတဲ့ ဖြစ်စဉ်တခုလုံးနဲ့ ဘယ်နေရာမှ မထိုက်တန်သူတွေသာ ဖြစ်လို့ အဖက်လုပ်စဉ်းစားစရာကို မရှိတာပါ။ 

အဲဒါကို တရေးတယူလုပ်ပြီး နိုင်ငံရေးထွက်ပေါက်ဖြစ်မယ်လို့ သဘောထားတာကတော့ အပ်နဲ့ထွင်းရမယ့်ဟာကနေ ပုဆိန်နဲ့ပေါက်ရမယ့်အဆင့် ရောက်လာဖို့ပဲ ရှိပါတော့တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *