ylliX - Online Advertising Network
သီအိုဇော် - ဘေရွတ်၊ ဂါဇာ၊ ပြုံယမ်း၊ နေပြည်တော် မြေအောက်ဥမင်ပဟေဠိ (၄)

သီအိုဇော် – ဘေရွတ်၊ ဂါဇာ၊ ပြုံယမ်း၊ နေပြည်တော် မြေအောက်ဥမင်ပဟေဠိ (၄)


(မိုးမခ) အောက်တိုဘာ ၈ ၊ ၂၀၂၄

နိုင်ငံတကာ စစ်ပွဲတွေမှာ မြေအောက်ဥမင် ခုခံတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အကန့်အသတ်တွေ ကြုံတွေ့ ကြရပါတယ်။ 

ထောက်လှမ်းရေး အချက်အလက်တွေသာ အတိအကျ မရရှိခဲ့ရင် ဂြိုဟ်တုကနေတောင် တည်နေရာ အတိအကျရှာဖွေဖို့ ခက်ခဲတတ်ပါတယ်။ ဥမင်ဝတွေ ထားရှိတဲ့အမြောက်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ရင်တော့၊ ရေဒါနဲ့ တန်ပြန် ရှာဖွေရာကနေလည်း ဥမင်နေရာကို သိရှိနိုင်ပါတယ်။

မြေအောက်နက်နက်ထဲမှာ ခိုင်မာစွာ တည်ဆောက်ထားတဲ့အတွက် ဘန်ကာဖြိုဖျက်နိုင်ဖို့ ဗုံးကြဲလေယာဉ်တွေပေါ် က ကြဲချရတဲ့ ဖျက်အားပြင်းဗုံးတွေ ထုတ်လုပ်ကြပါတယ်။ တကယ့်နိုင်ငံတကာ စစ်ပွဲကြီးတွေမှာ စစ်အင်အားကြီးနိုင်ငံတွေကသာ အသုံးပြုနိုင်ကြတဲ့၊ တော်ရုံ လက်လှမ်းမမီကြတဲ့ ဗုံးအမျိုးအစားတွေ ဖြစ်လို့ ဒီနေရာမှာ အကျဉ်းရုံးပြီးပဲ ဖော်ပြလိုက်ပါတယ်။

အခုနောက်ပိုင်းကျမှသာ ဒီလိုဗုံးအမျိုးအစားကို တီထွင်ထုတ်လုပ်လာကြတာ မဟုတ်ပါဘူး။

ဒုတိယကမ္ဘာစစ်အတွင်းက အခိုင်အမာတည် ဆောက်ထားတဲ့ ဂျာမန်ရေငုပ်သင်္ဘော ယူဘုတ်စခန်းတွေကို ကြဲချတဲ့ Disney Bomb ဆိုတာကလည်း ဆင်တူတဲ့ အမျိုးအစားပါ။ အမေရိကန် ဗုံးကြဲလေယာဉ်B-17၊ B-29 တို့လိုမျိုးနဲ့ သယ်ဆောင် အသုံးပြုရတဲ့ဗုံးမျိုးဖြစ်ပြီး တိကျထိရောက်မှုနဲ့ ပတ်သက်ရင်တော့ အားနည်းချက်တွေ ရှိခဲ့ပါတယ်။

ပင်လယ်ကွေ့စစ်ပွဲ(၁၉၉၀-၉၁)နဲ့ အာဖဂန်နစ္စတန်စစ်ပွဲတွေမှာ အမေရိကန်တပ်ဖွဲ့တွေ အသုံးပြုခဲ့ဖူးသလို၊ လတ်တလော ဂါဇာတိုက်ပွဲတွေ အတွင်းမှာ အစ္စရေးကို အမေရိကန်က ပေးပို့ခဲ့တဲ့ စစ်လက်နက်တွေထဲ ပါတဲ့ BLU-109 ဗုံးကလည်း ဒီလိုအမျိုးအစား အထဲကပါပဲ။ ဒီတကြိမ်က ပထမဆုံးပို့တာ မဟုတ်ပါဘူး၊ ၂၀၁၂ ခုနှစ်တုန်းကတည်းက အစ္စရေးကို ပေးပို့ခဲ့ဖူးတာကို သတိထားမိပါတယ်။

သမားရိုးကျ ဗုံးကြဲချသလို မြေသားပြင်ကို ထိရုံနဲ့ ပေါက်ကွဲမသွားဘဲ၊ မြေကြီးအောက်နက်နက်ကို ဖောက်ထွင်း ဝင်သွားပြီးမှ ပေါက်ကွဲအောင် တီထွင်ထားတာပါ။ ဘန်ကာအားဖြည့်ကွန်ကရစ် အထူ ၁.၈ မီတာဝန်းကျင် ၆ ပေအထိ ထိုးဖောက်သွားနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ဟက်ဇ်ဘိုလာ ခေါင်းဆောင် ‘ဟာဆန်နာဆာရာလား’ကို BLU-109 သယ်ဆောင်သွားတဲ့ F15 တိုက်လေယာဉ်တွေ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကဲဖြတ်လေ့လာသူများရဲ့ မှန်းဆချက်တွေကို သတင်းမီဒီယာတွေမှာ တွေ့ရှိနေ ရပါတယ်။

ဒီဗုံးပုံစံမျိုးကို ထည့်သွင်းထားတဲ့ ထိပ်ဖူးအမျိုးအစား Guided Bomb Unit မျိုး၊ ဥပမာ GBU-28 ဆိုရင် BLU-109 ထက်ပိုပြီး စွမ်းဆောင်ရည်မြင့်တယ်လို့ ဖော်ပြကြတယ်။ BLU-109 နောက်ပိုင်း ဂျန်နရေးရှင်းအသစ် ဗုံးအမျိုးအစားများလည်း စမ်းသပ်ထုတ်လုပ်ထားတာတွေ ရှိပါတယ်။

မြေအောက်ဥမင်တွေကို ဝေဟင်က ဗုံးကြဲတိုက်ခိုက်တဲ့ နည်းတခုတည်းနဲ့ တိုက်ခိုက်ချေမှုန်းကြတာတော့ မဟုတ်ပါဘူး။ လိုဏ်ခေါင်းထဲ ရေလွှမ်းအောင်လုပ်တာ၊ ဓာတ်ငွေ့အသုံးပြု တိုက်ခိုက်တာမျိုးတွေလည်း ရှိသလို၊ သမားရိုးကျ စီးနင်းတိုက်ခိုက်ကြတာမျိုးလည်း တွေ့ရပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက ဘယ်လ်ဂျီယံမှာ မြေအောက်မှာ အခိုင်အမာ ဆောက်လုပ်ထားတဲ့ ဘယ်တော့မှ မကျနိုင်ဘူးလို့ ယုံကြည်ထားကြတဲ့ တဲ့ ‘Eben Emael’ ခံတပ်ဆိုတာ ရှိပါတယ်။ တပ်ဖွဲ့အင်အား ၁,၂၀၀ လောက် စောင့်ကြပ်ထားတဲ့ကြားကနေ ဂျာမန်စစ်သည် ၈၀ လောက်က ဝင်ရောက်စီးနင်း အောင်မြင်ခဲ့ပြီး၊ အံ့အားသင့်ခဲ့ရတဲ့ အထင်ကရ တိုက်ပွဲတခုအဖြစ် သတ်မှတ်ကြပါတယ်။ တည်နေရာအတအကျ သိရှိထားသလို စနစ်တကျ အချိန်ယူ လေ့ကျင့်ပြင်ဆင်ခဲ့မှုရဲ့ ရလဒ်လို့လည်း သုံးသပ်ကြပါတယ်။

ဒီဘက် နောက်ပိုင်းနှစ်တွေမှာ နေပြည်တော်ဥမင်လိုဏ်ခေါင်းများနဲ့ ပတ်သက်ပြီး သတင်းအသစ်တွေ ထပ်မထွက်တာနဲ့ပတ်သက်လို့ ယူဂိုဆလားဗီးယား သမ္မတဖြစ်ခဲ့တဲ့ အာဏာရှင် ‘မာရှယ်တီးတိုး’ (Josip Broz Tito) ရဲ့ နာမည်ကျော် မြေအောက်ဥမင် ပရောဂျက်နဲ့ ဆက်စပ်တွေးကြည့်မိပါတယ်။

နျူကလီယားစစ်ပွဲလို အရေးကြုံလာရင် ခိုအောင်းဖို့ ပြင်ဆင်ထားတာ ဖြစ်ပြီး၊ ဆောက်လုပ်ပြီးစီးတဲ့နောက်ပိုင်းမှာ တာဝန်ယူရတဲ့ ဗိုလ်ချုပ်ကြီး ၃ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁၃ ယောက် စုစုပေါင်း ၁၆ ယောက်သာ သိရှိခဲ့ကာ၊ သူတို့အားလုံးလည်း လျှို့ဝှက်ထားဖို့ သစ္စာဆိုထားကြရတယ်လို့၊ အခုတော့ ပြတိုက် ဖြစ်သွားပြီဖြစ်တဲ့ နေရာက တရားဝင် ဖော်ပြထားပါတယ်။ နေပြည်တော်ဥမင် အကြောင်းကိုလည်း မပေါက်ကြားအောင် အလားတူ ခြိမ်းခြောက် ထိန်းသိမ်းထားကြပါလိမ့်မယ်။


ဥမင်တူးဖော်ရာမှာ ထိပ်တန်းကျွမ်းကျင်နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယား ပါဝင်ပတ်သက်မှု၊ အဲဒီကာလက ရတနာဂက်စ်၊ ရွှေဂက်စ်တို့က အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ ဝင်ငွေများ၊ စစ်ရေးအမြင်နဲ့ အစိုးရအဖွဲ့ ရုံးစိုက်ရာ နေရာကိုတောင် ပြောင်းရွှေ့ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ စိတ်ထဲက မလုံမခြုံမှု၊ သတင်းဌာနများရဲ့ ဖော်ထုတ် တင်ပြထားချက်နဲ့ Breaking Brainwashedက CDM အင်တာဗျူးတွေအရ ပေါင်းစပ် စဉ်းစားကြည့်တဲ့အခါမှာတော့ ဒီမြေအောက်ဥမင် စီမံကိန်းကြီးကို လျှို့ဝှက်တည်ဆောက်ခဲ့ဖူးတယ် ဆိုတာက ထင်ရှားပါတယ်။ ဘယ်အဆင့်နဲ့ အပြီးသတ်သွားသလဲ ဆိုတာကသာ ဆက်ပြီးမေးခွန်းထုတ်စရာပါ။

ပြီးခဲ့တဲ့ မတ်လအတွင်းက အရင်စစ်အစိုးရ စည်ပင်ဝန်ကြီးနဲ့ နောက်ပိုင်းမှာ နေပြည်တော် မြို့တော်ဝန် လုပ်ခဲ့သူရဲ့ နာရေးနဲ့ ဆက်စပ်တဲ့ ဘီဘီစီ ဆောင်းပါးတပုဒ်မှာ နောက်ဆုံးအပိုဒ်ကို ‘မြေအောက်ဥမင်တွေ ရှိခဲ့သလား ‘ဆိုပြီး ခေါင်းစဥ်ငယ်တပ် အဆုံးသတ်ထားပါတယ်။

နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲနဲ့အတူ နေပြည်တော် မြေအောက်ဥမင် ပဟေဠိအတွက် အဖြေလည်း အတူပါလာလိမ့်မယ် ဆိုတာကတော့ သေချာပါတယ်။

👉သီအိုဇော် – ဘေရွတ်၊ ဂါဇာ၊ ပြုံယမ်း၊ နေပြည်တော် မြေအောက်ဥမင်ပဟေဠိ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *