(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၄
NCA ၉ နှစ်မြောက်ကာလနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ့် အလားအလာ၊ တရုတ်နိုင်ငံနဲ့ ပိုပြီးနီးကပ်လာတဲ့ စစ်ကောင်စီ
အောက်တိုဘာ ၁၅ ရက်နေ့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးတဲ့ ၉ နှစ်မြောက်နေ့ ဖြစ်ပြီး စစ်ကောင်စီက နေပြည်တော်မှာ ကျင်းပတဲ့ နှစ်ပတ်လည် အခမ်းအနားမှာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က NCA နဲ့ ဆက်နွယ်ပြီး လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေကို ပြောဆိုခဲ့ပါတယ်။
ဒီလို ပြောဆိုရာမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ လက်မှတ်ရေးထိုးခဲ့တဲ့ NCA စာချုပ်ကို EAO လို့ အတိုကောက်ခေါ်ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းပြီး သဘောတူထားတဲ့ စာချုပ်ဖြစ်ကြောင်း နဲ့ အဆိုပါ စာချုပ်ကို အမွှန်းတင် ပြောဆိုသွားသလို အချို့သော EAO တွေက စာချုပ်ကို ဆက်လက်လိုက်နာစောင့်ထိန်းနေပေမယ့် အချို့သော EAO တွေက စာချုပ်ကို ဖောက်ဖျက်ပြီး NUG/ CRPH တို့ကို တဖက်လှည့်နဲ့ ထောက်ခံအားပေးနေတယ်လို့ စွပ်စွဲပြောဆိုသွားတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းခဲ့တာကြောင့် NCA ပျက်ပြယ်တဲ့အနေအထား ရောက်ခဲ့ရတာ၊ စစ်တပ်က နိုင်ငံရေးအာဏာကို အပြည့်အဝ ချုပ်ကိုင်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ခဲ့တာကိုတော့ NLD ရဲ့ မဲမသမာမှုဆိုတာနဲ့ ဖုံးကွယ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့အနေနဲ့ NCA ပါ မူဝါဒ ရပ်တည်ချက်တွေနဲ့ ဖီလာဖြစ်နေတဲ့ စစ်တပ်က မြန်မာ့နိုင်ငံရေးဖြစ်စဥ်မှာ ၄င်းတို့ လိုချင်တဲ့အနေအထားမရတဲ့ အချိန်အခါမျိုး၊ သဘောမတွေ့တဲ့အချိန်မှာ ထပြီး စစ်အာဏာသိမ်းတာမျိုးက NCA စာချုပ်ပါ အနှစ်သာရ ရည်ရွယ်ချက်တွေအားလုံးကို ပျက်စီးစေခဲ့တဲ့ သဘောဖြစ်ပြီး ဒီအချက်ကို စစ်ကောင်စီက မျက်ကွယ်ပြုပြီး NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ၄င်းစာချုပ်ပါအတိုင်း လုပ်ဆောင်လိုတယ် ပြောဆိုခြင်းက ရှေ့နောက်မညီတဲ့ ယုတ္တိစကား၊ လှည့်စားမှုတခုသာ ဖြစ်ပါတယ်။
NCA စာချုပ်ဆွေးနွေးစဥ်တုန်းက အကြိမ်ကြိမ် အခါခါ ညှိနှိုင်းခဲ့ရတဲ့ အခြေအနေ ငြင်းခုံမှုတွေမှာလည်း စစ်တပ်ကို မယုံကြည်မှု သံသယတို့မှာ အခြေခံခဲ့တာက အများစု ဖြစ်ပါတယ်။ NCA ပျက်ပြယ်ခြင်း မပျက်ပြယ်ခြင်း ဆိုတာ စာချုပ်ပါ စကားလုံးတွေ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအပေါ်မှာမူတည်တာမဟုတ်ပဲ နိုင်ငံရေးအရ ယုံကြည်မှု ဆုံးရှုံးသွားခြင်းအပေါ်မှာ အခြေခံတာ ဖြစ်ပြီး ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲနဲ့တက်လာတဲ့ ကြံ့ခိုင်ရေး ဦးဆောင်တဲ့ အစိုးရ လက်ထက်နဲ့ NLD ၅ နှစ်တာကာလမှာ တစိတ်တပိုင်း လက်လွှတ်ခဲ့ရတဲ့ အာဏာကို စစ်တပ်က အပြည့်အဝပြန်လည် ထိန်းချုပ်လိုက်ခြင်းသာ ဖြစ်လို့ EAO တွေအနေနဲ့ NCA စာချုပ်ကို ဆက်လက်ကိုင်စွဲဖို့ မလိုအပ်တော့တဲ့ အခြေအနေဆီ တွန်းပို့ခံရတဲ့သဘော ဖြစ်ပြီး အခုလက်ရှိအခြေအနေမှာ စစ်တပ်အနေနဲ့ နယ်မြေ၊ တပ်စခန်းနဲ့ မြို့တွေ ဆုံးရှုံးလာချိန်မှာ စစ်ကောင်စီ အနေနဲ့ ၄င်းကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ EAO တွေကို အင်အားတစုတစည်းတည်း ဖြစ်မနေအောင် စည်းရုံးဖို့ ကြိုးစားခြင်းလို့သာ ကောက်ချက်ချနိုင်ပါတယ်။
တနိုင်ငံလုံးက စစ်ကောင်စီတပ်တွေကို နောက်ထပ် ၆ လ သို့မဟုတ် ၁ နှစ်အတွင်း အကုန်အစင် တိုက်ခိုက် သိမ်းယူနိုင်ဖို့က အတိအကျ မပြောနိုင်သော်လည်း စစ်အာဏာသိမ်းပြီး ၃ နှစ် ကျော် ၄ နှစ်နီးပါးကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က စစ်ရေးအရ အောင်မြင်မှုတွေက ၁၉၅၂ ခုနှစ် နောက်ပိုင်း ပထမဆုံး လို့ဆိုနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။
အခုလိုကာလမှာ တချို့သော EAO တွေက အပစ်ရပ်ဖို့၊ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက်ဆို စစ်တပ်က နိုင်ငံရေးကနေ အပြီးတိုင် ထွက်ပေးမှသာ ဆွေးနွေးစကားပြောနိုင်မယ်လို့ သတ်မှတ်ချက်ကို ပြောဆိုထားပြီး ဖြစ်ပါတယ်။ အနည်းငယ်မျှသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ကသာ စစ်ကောင်စီနဲ့ လက်ရှိ တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့်လည်း စစ်ကောင်စီဘက်က ကူညီတိုက်ခိုက်ပေးတဲ့ EAO ဆိုတာ မရှိသလောက် အနေအထားဖြစ်ပါတယ်။
ဒီနေ့အတွက် အခြား သတင်းအကြောင်းအရာ တခုက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားရောက်မယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ စစ်အာဏာမသိမ်းမီ နှစ်ကာလ အတော်ကြာကြာက စတင်ကာ စစ်အာဏာသိမ်းပြီး ၄ နှစ်နီးပါး ကာလအတွင်း စစ်အာဏာသိမ်းခေါင်းဆောင် အနေနဲ့ တရုတ်နိုင်ငံကို ပထမဆုံး သွားရောက်ခြင်းဟာ ထူးခြားတဲ့ အပြောင်းအလဲ လို့ဆိုနိုင်ပါတယ်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ ရုရှားကို တကြိမ်မက သွားရောက်ခဲ့ပေမယ့် တရုတ်နိုင်ငံကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ပေါ် သြဇာညောင်းလွန်းတဲ့ အနေအထားနဲ့ စစ်တပ်နဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ ရှမ်းပြည်နယ်အခြေစိုက် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်တွေကို တရုတ်နိုင်ငံက လက်နက်ခဲယမ်း အကူအညီ ပေးနေတယ်လို့ မြန်မာစစ်တပ်က တလျှောက်လုံး ယုံကြည်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ခပ်တန်းတန်း ဆက်ဆံခဲ့ရာက မကြာသေးတဲ့ကာလမှာ တရုတ်နိုင်ငံ အနေနဲ့ ကိုးကန့်၊ ဝ နဲ့ ကေအိုင်အေတို့အပေါ် ပိုမိုဖိအားပေး လာတာ၊ မြန်မာစစ်တပ်က အစဥ်အလာရှိတာကြောင့် ပြိုလဲလို့ မဖြစ်ဘူးဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲလာတာတွေက တရုတ်နဲ့ ပြန်လည်နီးကပ်စေဖို့ အကြောင်းရင်းခံတွေ ဖြစ်လာစေခဲ့ပါတယ်။
တရုတ်နိုင်ငံအနေနဲ့လည်း ၄င်းရဲ့ အိမ်နီးချင်း အနောက်တောင်ဘက်နယ်စပ်က အိန္ဒိယပင်လယ် ထွက်ပေါက် နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို တဖွဲ့မကတဲ့ လက်နက်ကိုင်အင်အားစုတွေက သီးခြားစီအုပ်ချုပ်မယ့် အနေအထား တနည်းအားဖြင့် တစစီအာဏာ ပြန့်ကွဲပြီး အုပ်ချုပ်ကြမယ့် အနေအထားမျိုးကို ဘယ်လိုမှ လက်သင့်မခံနိုင်တဲ့သဘော ဖြစ်နိုင်ပါတယ်။ ဒီလို တရုတ်ရဲ့ ပေါ်လစီ အပြောင်းအလဲ အခြေအနေပေါ် အကဲဖြတ်မှု ချဥ်းကပ်မှု အသစ်တွေက ပြီးခဲ့တဲ့ သြဂုတ်လလယ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ရဲ့ နေပြည်တော် ခရီးစဥ်အတွင်း အသိပေးခဲ့တဲ့ လက္ခဏာရှိပြီး ၂ လကျော်အကြာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံ သွားရောက်မယ့် အကြောင်း သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar