လေဟုန်စီး
မိုးသက် ငြိမ်ဦး
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၄
တစပြင်ကြီးကိုမျက်စိရှေ့မှာမြင်နေရ
အလောင်းတွေကိုစိတ်အာရုံကဖျောက်မရ
ဒါ့ကြောင့် ငါဟာ
အမြင့်ကြီးက ခုန်ချလိုက်တယ် ။
အခုချိန်ထိ
ပြုတ်ကျမသွားသေး ပြန်တက်မသွားသေး
အားလုံးကိုရှင်းနေအောင်မြင်နေရ
အပြိုအပျက်အယိုအယွင်းကြီးကို
တစ်ကိုယ်စာသာယာမှုတွေကို
လိပ်ပြာမလုံလို့
ငါဟာ
အမြင့်ကြီးက ခုန်ချလိုက်တယ် ။
မတော်တဆ ငါပြုတ်ကျသွားရင်
ငါ့လိပ်ပြာက ပျံဝဲနေမယ်
ငါပြန်တက်သွားရင်လဲ
ငါ့လိပ်ပြာကသန့်ရှင်းနေမှာပဲ ။
အခုချိန်ထိ ငါဟာလေထဲမှာ
အခုချိန်ထိ ငါဟာ
ပြုတ်မကျသေး ပြန်မတက်သေး
ငါ့ဘဝကလေထဲမှာ
ငါ့နိုင်ငံကပြာပုံမှာ ။
ပြာတွေလေထဲလွင့်နေတာ
လေထဲပြာတွေလွင့်နေတာ
ဘဝတွေဟာ ပြာတွေ
ဘဝတွေလေထဲလွင့်နေတာ
လုံးဝကြည့်လို့မကောင်းဘူး ။ ။
4.10.2024
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar