(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၄
ယာဂီမုန်တိုင်း ရေဘေးကနေ ပြန်လည်ရုန်းထဖို့ စိန်ခေါ်မှုတွေ
စက်တင်ဘာလဆန်းမှာ တောင်တရုတ်ပင်လယ်ကနေ ဗီယက်နမ် နဲ့ တရုတ်နိုင်ငံတွေကို ကုန်းတွင်း ဝင်ရောက်ခဲ့တဲ့ အင်အားပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့တာ တလကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ တိုင်းဖွန်းမုန်တိုင်း တိုက်ခတ်မှုကို တိုက်ရိုက်ခံရတဲ့ ကမ်းခြေနိုင်ငံတွေမှာလည်း ပျက်စီးဆုံးရှုံးမှု ကြီးမားသလို ကုန်းတွင်းဝင်ရောက်လာရာမှာ မုန်တိုင်းအကြွင်းအကျန် တိမ်ထုတွေ လေပွေလှိုင်းတွေကြောင့် ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုက လာအို၊ ထိုင်းနိုင်ငံမြောက်ပိုင်း နဲ့ မြန်မာနိုင်ငံတွေ မှာ ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားပြီး အသက်ဆုံးရှုံးမှုနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ လယ်ယာစိုက်ခင်း ပျက်စီးမှုတွေ အများအပြား ဖြစ်ပွားခဲ့ပါတယ်။
မုန်တိုင်းဒဏ်ကို တိုက်ရိုက်ခံရတဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေမှာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမားသော်လည်း လူ့အသက်ဆုံးရှုံးမှုမှတော့ မုန်တိုင်းရဲ့ အကျိုးဆက် ရက်ဆက် မိုးသည်းထန်မှုကြောင့် ရေကြီးရတဲ့ မြန်မာနိုင်ငံလောက် မကြီးမားတာ တွေ့ရပါလိမ့်မယ်။ မြန်မာနိုင်ငံလိုပဲ မိုးသည်းထန်မှုခံရတဲ့ ထိုင်းနိုင်ငံမှာလည်း မြန်မာနိုင်ငံလောက် အသက်ဆုံးရှုံးမှု မများတာ တွေ့ရပါလိမ့်မယ်။
မြန်မာနိုင်ငံအနေနဲ့ ထိခိုက်ဆုံးရှုံးမှုစာရင်းတွေ ထပ်မံထွက်ပေါ်လာရာမှာ ယာဂီမုန်တိုင်း ရေကြီးမှုကြောင့် မြန်မာနိုင်ငံမှာ လူ ၅၂၀ ဦး သေဆုံးခဲ့ရပြီး မွေးမြူထားတဲ့ တိရစ္ဆာန် ၂ သန်းကျော် သေဆုံးရပြီး သီးနှံ စိုက်ခင်း ဧက ၇ သိန်းကျော် ပျက်စီးဆုံးရှုံးကာ အိမ်ထောင်စု ၈ သောင်း ၊ လူဦးရေအားဖြင့် ၁ သန်းကျော် ရေဘေးကြုံခဲ့ကြရတယ်လို့ စစ်ကောင်စီဘက်က နောက်ဆုံးထုတ်ပြန်လာတဲ့ အချက်အလက်တွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်နိုင်ခြေလျှော့ချရေး အခမ်းအနားပြုလုပ်စဥ် စစ်ကောင်စီ ဒုခေါင်းဆောင်က ပြောဆိုခဲ့တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ ဒီကိန်းဂဏန်း အချက်အလက်တွေဟာ မြေပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ပမာဏထက် မလျော့တဲ့ ပမာဏလို့ မှန်းဆရပါတယ်။ အသက်ဆုံးရှုံးမှုတွေ ဘာကြောင့် အိမ်နီးချင်းနိုင်ငံတွေထက် များပြားသလဲလို့ မေးခွန်းလည်း ထွက်ပေါ်လာပါတယ်။ လူ့အသက်ဆုံးရှုံးမှု များပြားရခြင်း အကြောင်းရင်းတွေမှာ စစ်ဘေးကြုံနေကြရတဲ့ မြန်မာနိုင်ငံမှာ လူထုရဲ့ အရေးကိစ္စထက် စစ်ရေးအနိုင်ရဖို့၊ အသာစီးရဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီအစိုးရနဲ့ အုပ်ချုပ်မှု ပျက်ယွင်းနေခြင်းက အဓိက အကြောင်းအချက် ဖြစ်ပါလိမ့်မယ်။ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လို့ ကြိုတင်သတိပေးမှု နဲ့ ကြိုတင်ပြင်ဆင်မှု အပိုင်းမှာလည်း လုံလောက်မှု မရှိခဲ့သလို ဘေးအန္တရာယ် ကျရောက်ချိန်မှာလည်း အရေးပေါ် ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေမှာ အင်အားနဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု မရှိခဲ့တာကြောင့် ထိခိုက်ဆုံးရှုံးမှု ပိုမိုများပြားခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အထက်ကလို ကြိုတင် သတိပေးမှု၊ ကြိုတင်ပြင်ဆင်မှု အကြောင်းအပြင် ဒုတိယအချက် အနေနဲ့ ရာသီဥတု ဖောက်ပြန်မှု တနည်း ပြင်းထန်တဲ့ ရာသီဥတုလက္ခဏာတွေ ဖြစ်ပေါ်တဲ့အခါမှာ ပိုမိုကြီးမားတဲ့ ဘေးအန္တရာယ်ကို ခံစားကြရတဲ့ အကြောင်းအရင်းက သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဖြစ်ပါတယ်။ ပြုန်းတီးနေတဲ့ သစ်တောတွေ၊ သဘာဝအတိုင်း မဟုတ်တော့ဘဲ သယံဇာတ အလွန်အကျွံ ထုတ်ယူမှုကြောင့် ပျက်စီးနေတဲ့ ရေ မြေတွေနဲ့ မြစ် ချောင်းတွေကို စနစ်တကျ မထိန်းသိမ်းနိုင်ခြင်း၊ နေထိုင်ဖို့ မသင့်တော်တဲ့ နေရာတွေမှာ လူနေအိမ်၊ ကျေးရွာတွေအဖြစ် ဖော်ကာ ဆောက်လုပ်နေထိုင်ကြခြင်းကလည်း အသက်သေဆုံးမှုနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်း၊ ရိက္ခာ စတာတွေ ဆုံးရှုံးမှု များပြားရခြင်း အကြောင်းအချက်တွေလည်း ဖြစ်ပါတယ်။
သာဓကအားဖြင့် ဆိုရရင် လူအသေအပျောက်အများဆုံး ဖြစ်ခဲ့တဲ့ ရမည်းသင်းမြို့နယ်ထဲက ရွှေအကြီးအကျယ် တူးဖော်ကြတဲ့ မိုးထိမိုးမိလို နေရာမှာ တောင်တွေကို တူးဆွထားတဲ့ မြေတွေက အခုလို ရက်ဆက်မိုးသည်ထန်တဲ့အခါ ရေနဲ့အတူမျောပါကာ မြေပြိုခြင်းတွေ နုန်းရေတွေ အဖြစ်လူနေအိမ်တွေ စိုက်ပျိုးခင်းတွေကို ဖုံးလွှမ်းရတဲ့ အဖြစ်မျိုး ကြုံကြရတာ ဖြစ်ပါတယ်။
အပန်းဖြေမြို့၊ လှပတဲ့ တောင်ပေါ်မြို့ ကလောမြို့လိုမှာလည်း နုန်းတွေပါတဲ့ ရေတွေ ကျဆင်းလာခြင်း အကြောင်းအရင်းတွေမှာ ကလောနဲ့ ထိစပ်နေတဲ့ နေရာတွေမှာ ရွှေတူးဖော်တာတွေ၊ လူနေအိမ်ရာသစ်တွေ ဖော်ထုတ်ရာမှာ ချောင်းနံဘေးလို နေရာတွေမှာ ဖော်ထုတ်ကြတာတွေကလည်း အခုလို အဖြစ်အပျက်ဆိုးတွေ ကြုံဖို့ဖြစ်လာတယ် လို့ဆိုရမှာ ဖြစ်ပါတယ်။
မူဝါဒ လွဲမှားတာ၊ အားနည်းတာတွေအပြင် စီမံခန့်ခွဲမှုမှု အလွဲနဲ့ လာဘ်စားမှုတွေက သဘာဝဘေးအန္တရာယ် တွေရဲ့ ဒဏ်ကိုပိုမိုခံစားကြရပြီး ပျက်စီးမှု အသက်ဆုံးရှုံးမှု ပိုပြီးများစေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်နီးပါး ကာလအတွင်း ထပ်မံပြုန်းတီးသွားတဲ့ ထိန်းသိမ်းထားတဲ့ သစ်တော ဧရိယာစတုရန်းမိုင်ပေါင်းများစွာ ရှိနေပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မြောက်ပိုင်း ရှမ်းပြည်နယ် ဒေသအချို့နဲ့ ကချင်ပြည်နယ်တွေမှာ လက်နက်ကိုင် ပဋိပက္ခရဲ့ အကျိုးဆက် အဖြစ်နဲ့တွေ့နေကြရပြီး နောက်အနာဂတ် သဘာဝဘေးတွေမှာ ပိုမိုဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ကြုံကြရဦးမယ့် အနေအထားဖြစ်ပါတယ်။
အခုလို ရေဘေးအန္တရာယ် ကျရောက်ခဲ့တဲ့ ဒေသတွေ ပြန်လည်ထူထောင်ဖို့ မျှော်လင့်ချက်က အတော်လေး မှေးမှိန်နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ယခု ရေဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေ အနက် လွိုင်ကော်၊ ဒီးမော့ဆိုတို့က လွဲရင် အများအစုက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဒေသတွေ ဖြစ်တာကြောင့် ဒီဒေသတွေ ပြန်လည်ထူထောင်ရေးက စစ်ကောင်စီက တာဝန်ရှိနေတာ ဖြစ်ပါတယ်။ သို့ပေမယ့် စကစ အနေနဲ့ ရေဘေးအန္တရာယ် ကျရောက်မှုအတွက် ကူညီငွေ နဲ့ ပြန်လည်ထူထောင်ရေးအတွက် အသုံးစရိတ် ဘယ်ရွေ့ဘယ်မျှ သတ်မှတ်ထားသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ လုပ်ငန်းရှင်ကြီးတွေထံမှ အလှူခံရရှိငွေ ကျပ် ဘီလျံ ၅၀ ကျော်ကိုသာ အများသိရပြီး မြန်မာကျပ်ငွေ တန်ဖိုးဖောင်းပွနေတဲ့ အခုလိုကာလမှာ ဘီလျံ ၅၀ ကျော်ဟာ များပြားတဲ့ ပမာဏတော့ မဟုတ်ပါဘူး။ အသက်ဆုံးရှုံးသူတွေကို တဦးလျှင် ကျပ် ၁၀ သိန်းကူညီပေးတယ်ဆိုတဲ့ အကြောင်း စစ်ကောင်စီရဲ့ သတင်းစာမှာ ဖော်ပြထားတာက လွဲလို့ အခြားသော ကူညီရေး ပြန်လည်ထူထောင်ရေးတွေနဲ့ ပတ်သက်တဲ့ အချက်အလက် အသေးစိတ် ထုတ်ပြန်တာမတွေ့ရသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ယာဂီရေဘေးအန္တရာယ် ကျရောက်ပြီးနောက်မှာ လူထုအချင်းချင်း ကူညီရိုင်းပင်းကြတဲ့ လုပ်ဆောင်မှုတွေ အများအပြား တွေ့လာကြရတာဟာ ကောင်းတဲ့ ဦးတည်ချက်၊ လုပ်ဆောင်မှုဖြစ်ပေမယ့် အချင်းချင်း ကူညီတာအပြင် အစိုးရလို့ အမည်ခံထားတဲ့ အဖွဲ့အစည်းအနေနဲ့ ကူညီဖို့ ဝတ္တရားရှိနေတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီက မုန်တိုင်းသင့် မြန်မာဒုက္ခသည်တွေကို သူတို့ကို မတွန်းလှန်နိုင်အောင် ကန့်သတ်ပိတ်ပင်ထားတာမျိုးတွေ လက်စားချေနေတာမျိုးတွေ မကျူးလွန်သင့်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ယခင်သမိုင်းတကွေ့မှာ ၂၀၀၈ နာဂစ်မုန်တိုင်းသင့်ခဲ့စဉ်တုန်းက သန်းရွှေစစ်အစိုးရ လုပ်ချင်တိုင်းလုပ်ပြီး သက်ဇိုးရှည်ခဲ့သလိုမျိုး ယခုမျက်မှောက်သမိုင်းမှာ မင်းအောင်လှိုင်စစ်ကောင်စီကိုယ်တိုင်က ပြည်သူလူထု၏ အရိုးပုံပေါ် နင်းပြီး ဆက်အာဏာကို စွဲကိုင်နေခွင့် မရှိစေဖို့ တော်လှန်ရေးအဖွဲ့အစည်းတွေက အရေးယူနိုင်ဖို့ ဖယ်ရှားနိုင်ဖို့ အရှိန်မြှင့်ကြလိမ့်မယ် ယူဆမိပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar