(မိုးမခ) အောက်တိုဘာ ၉ ၊ ၂၀၂၄
9/10/24
Diary in the darkness
ဒီနေ့ နေသာတယ်။ ရေချွေတာတဲ့အနေနဲ့ ရေပန်းနဲ့ ရေချိုးတယ်။ မီးလာတယ်။ ၁၀ မိနစ် ရေတင်တယ်။
၈;၃၀ နာရီမှာ သန်းခေါင်စာရင်းလာကောက်တယ်။ ပိန်ပိန်ပါးပါး အရပ် လေးပေ ငါးလက်မ လောက်ရှိတဲ့ အမျိုးသမီးငယ်တစ်ယောက်ပဲ အိမ်ထဲဝင်လာကပြီး စာရင်းကောက်တယ်။ မျက်နှာကို mask တပ်ထားတယ်။ နေကာဦးထုပ်ကြီးကြီး ဆောင်းပြီး မျက်နှာကို ကွယ်ထားတယ်။ ခပ်နွမ်းနွမ်းအဝတ်အစား ဝတ်ထားတယ်။ ရွှေတိုရွှေစကလေးတွေ ဝတ်ထားတယ်။ ခရမ်းရောင်ခြေသည်းလက်သည်း ဆိုးထားတယ်။ လစာနည်း ဝန်ထမ်းတယောက် ဆိုတာ သိသာတယ်။ ကျန် ဆယ်ယောက်လောက်က ခြံအပြင်မှာ နေတယ်။ အိမ်မှာ နေထိုင်သူ ဘယ်နှယောက်လဲ။ အိမ်ရှင်လား။ အိမ်ငှားလား။ ဘာအလုပ်လုပ်လဲ။စတဲ့ မေးခွန်းနည်းနည်းမေးတယ်။ သူ့ဘာသာသူ ခပ်နွမ်းနွမ်း တက်ပလက်ထဲ မှတ်သားတယ်။ ၁၀ မိနစ်လောက်ပဲ ကြာတယ်။ ခတ်သွက်သွက် နှုတ်ဆက်ပြီး ပြန်ထွက်သွားတယ်။ သူလဲ ရင်ထဲပေါ့၊ ကျနော်လဲ စိတ်ထဲ လွတ်လပ်သွားသလို ။
သူငယ်ချင်းလူပျိုကြီး ကဗျာဆရာ တစ်ယောက်တည်း နေတဲ့အိမ်မှာဆိုရင် စာရင်းကောက်တဲ့ မိန်းကလေးဟာ အိမ်ထဲတောင် မဝင်ဘူး ။ ခြံအပြင်ကပဲ တစ်ခွန်း နှစ်ခွန်း မေးပြီးပြန်လစ်သွားတယ်တဲ့။ သူငယ်ချင်းက ကြေကွဲသံကြီးနဲ့ လူမှုကွန်ရက်ပေါ် တက်ရေးထားတယ်။ သူ့အတွက် အချစ်ကဗျာတပုဒ် ဖြစ်သွားလားမသိဘူး။ စစ်ကောင်စီက လူထုကို နှိပ်ကွပ်ဖို့ စာရင်းကောက်တယ်၊ ကဗျာဆရာအတွက်ကတော့ အချစ်ကဗျာတပုဒ် ရလိုက်တယ်လို့ ပြောရမယ် ထင်ပါတယ်။
စစ်ကောင်စီက မြောက်ပိုင်းညီနောင်သုံးဦးကို တရုတ်ကတဆင့် ဖိအားပေးပြီး နွေဦးတော်လှန်ရေးကို ကျရှုံးအောင်လုပ်တယ်။ ရလဒ်ကတော့ မြောက်ပိုင်းညီနောင်သုံးဦးနဲ့ နွေဦးတော်လှန်ရေးသမားတွေက သိုသိုသိပ်သိပ်နဲ့ ကျစ်ကျစ်လျစ်လျစ် ပူးပေါင်းရေး နည်းလမ်းသစ်တွေကို ပိုမိုရှာဖွေတွေ့ရှိသွားကြတယ်။
ဒီနေ့ တော်လှန်ရေးလူငယ်တွေဟာ ရန်သူ့ရဲ့ အဆိပ်လူးမြားကို မိမိခြေရင်းမှာ ပန်းခင်းလမ်းတွေဖြစ်အောင် ဖန်တီးနိုင်ကြတယ်။
ဒါကို တနေ့ကဖြစ်တဲ့ ဘုတလင်တိုက်ပွဲမှာ တွေ့နိုင်တယ်။ စစ်အင်အား တစ်ရာခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို အဖွဲ့ပေါင်းစုံပါဝင်တဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား သုံးဆယ်ကျော်အရှင်မိတယ်။ စစ်ကြောင်းတခုလုံး ပျက်စီးသွားတယ်။ ဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးစစ်ကြောင်မှူးရဲ့ အင်တာဗျူးကို နားထောင်လိုက်ရတဲ့ သူက မှတ်ချက်ပေးတယ်။ တော်လှန်ရေးအင်အားစုတွေဟာ စစ်ပညာကို စနစ်တကျတတ်မြောက်သူတွေ ဖြစ်တယ်။ ဒီအောင်ပွဲဟာ စနစ်တကျ အနိုင်ယူခဲ့တာ ဖြစ်တယ်။ ကြက်ကန်းတိုး အောင်ပွဲမျိုး မဟုတ်ဘူးတဲ့။ မှတ်ချက်ပေးသူက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ အနှစ်နှစ်အလလ ပြောင်မြောက်စွာ ပါဝင်ခဲ့သူမို့ သူ့စကားကို ကျွန်တော်တို့ အလေးထားရပါတယ်။
ကျွန်တော် ဒီမှတ်တမ်းရေးနေတုန်းမှာပဲ သူငယ်ချင်းတစ်ယောက် ဖုန်းဆက်တယ်။ ဒေါက်တာဇော်မြင့်မောင်ဈာပနအကြောင်း ပြောပြတာပါ။ ဒေါက်တာဇော်မြင့်မောင် ဈာပနကို မသွားနိုင်အောင် စစ်ကောင်စီဘက်သားတွေက အမျိုးမျိုး နှောင့်ယှက်ကြတယ်။ ဈာပနပို့မယ့်လို ထင်ရတဲ့ ဆိုင်ကယ်တွေကို လမ်းပိတ်တားတယ်။ ပြန်လှည့်ခိုင်းတယ်။ အဓိကရုဏ်းနှိမ်နင်းရေး တပ်တွေ လမ်းမှာချထားတယ်။ လူမှုကွန်ရက်ပေါ်က ရုပ်သံတွေမှာတော့ ဈာပနပို့တဲ့ ကားတန်းရှည်၊ ဆိုင်ကယ်တန်းအရှည်ကြီးတွေကို တွေ့ရတယ်။ ပန်းခြင်းတွေ၊ ပန်းခွေတွေ တင်လာတဲ့ ကားတွေကိုလဲ မြင်ရတယ်။ လမ်းတလျှောက်မှာ ရှိခိုးနှုတ်ဆက်သူတွေ၊ လက်ပြနှုတ်ဆက်သူတွေကိုတွေ့ရတယ်။ ငိုသံ ရှိုက်သံတွေကို ကြားလိုက်ရ။
ဒါဟာ ဆရာဇော်ရဲ့ ဈာပနပွဲသာမက မန်းသူမန်းသားတွေရဲ့ ရင်းတွင်းဆန္ဒတွေကို ထုတ်ဖော်ပြသလိုက်တဲ့ပွဲပါ။
မန်းလူထုရဲ့ ငိုရှိုက်သံတွေဟာ စစ်ကောင်စီအတွက်တော့ ကြုံးဝါးသံတွေပါ။
အန်ကယ် တူမီး
9/10/24
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar