ylliX - Online Advertising Network
အင်ဒိုနီးရှားက မြန်မာ့အရေး ဆွေးနွေးပွဲ၊ အာဆီယံ ထိပ်သီးညီလာခံနဲ့ နောက်ထပ်ကျင်းပဖို့ ရှိတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲများ

အင်ဒိုနီးရှားက မြန်မာ့အရေး ဆွေးနွေးပွဲ၊ အာဆီယံ ထိပ်သီးညီလာခံနဲ့ နောက်ထပ်ကျင်းပဖို့ ရှိတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲများ


(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၂၄⁨⁨⁨⁨⁨⁨

အင်ဒိုနီးရှားက မြန်မာ့အရေး ဆွေးနွေးပွဲ၊ အာဆီယံ ထိပ်သီးညီလာခံနဲ့ နောက်ထပ်ကျင်းပဖို့ ရှိတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲများ

ခုရက်ပိုင်းအတွင်း လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ ပုံမှန်အာဆီယံ ထိပ်သီးညီလာခံ နဲ့ ညီလာခံမတိုင်မီ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး အကြိုဆွေးနွေးပွဲ၊ ဒါ့အပြင် လာမယ့် ဒီဇင်ဘာမှာ ထိုင်းနိုင်ငံက ဦးဆောင်ပြီး စီစဥ်မယ့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ အစရှိတဲ့ ဆွေးနွေးမှုတွေ တခုပြီးတခု ခပ်စိပ်စိပ် ကျင်းပနေကြခြင်းဟာ မြန်မာနိုင်ငံ လက်နက်ကိုင် ပဋိပက္ခမှာပါဝင်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို တိုက်ခိုက်တာရပ်တန့်ပြီး စာပွဲဝိုင်းပေါ်မှာ ဆွေးနွေးကြဖို့ အိမ်နီးချင်းနိုင်ငံအချို့နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတချို့တို့က တိုက်တွန်းနေတဲ့ အနေအထားကို ထင်ထင်ရှားရှားတွေ့ရမှာ ဖြစ်ပါတယ်။

အခုလတ်တလော ဆွေးနွေးပွဲတွေ မတိုင်ခင်မှာ အိန္ဒိယနိုင်ငံကလည်း နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့တဲ့ အိန္ဒိယကမ္ဘာ့ရေးရာ ကောင်စီ နှီးနှောဖလှယ်ပွဲကို NUG နဲ့ မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်ဒေသတွေမှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အချို့ကို ဖိတ်ကြားခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေ အခင်းအကျင်းတွေကို ကြည့်ရင် အိမ်နီးချင်းနိုင်ငံတွေ နဲ့ အင်အားကြီးနိုင်ငံတွေက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခကို တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းကြဖို့ လမ်းကြောင်းပေါ် တိုက်တွန်းတဲ့ လုပ်ဆောင်မှုတွေ ပိုပြီး လုပ်ဆောင်လာကြတာ ထင်ရှားစွာတွေ့ရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံတို့က ၂၀၂၁ ခုနှစ် နှောင်းပိုင်းကတည်းက  မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာ၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းကြဖို့ ပြောဆိုလာခဲ့ကြတာ မှန်ပေမယ့် အခုလတ်တလော အနေအထားလိုမျိုး အလွတ်သဘော ဆွေးနွေးပွဲတွေနဲ့ ညီလာခံတွေမှာ မြန်မာ့အရေးကို သက်ဆိုင်ရာပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ ဆွေးနွေးမှုမျိုး လုပ်ဖို့ ဆက်တိုက် တွန်းအားပေးတာတွေ မရှိခဲ့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီလို တိုက်တိုက်တွန်းတွန်း လုပ်လာတဲ့ အနေအထားက ဘာကို ညွှန်ပြနေသလဲ၊ အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ အမေရိကန်တို့ အကြား မြန်မာ့အရေးမှာ အကျိုးစီးပွားချင်း တထပ်ထည်းမကျပေမယ့် လက်နက်ကိုင် တိုက်ခိုက်နေတာထက် တွေ့ဆုံဆွေးနွေးမှုနဲ့ အဖြေရှာကြဖို့ အခြေခံ ယူဆချက်တခုမှာတော့ တူညီနေကြတာကို တွေ့ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြဿနာဟာ ပြည်ပနိုင်ငံတနိုင်ငံငံ နဲ့ ဖြစ်ပွားတဲ့ ပြဿနာမျိုးမဟုတ်ဘဲ ပြည်တွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေ အချင်းချင်း အကြားဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်တာကြောင့် တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ကြလိမ့်မယ်၊ အဖြေရှာသင့်တယ်လို့ နိုင်ငံတကာက မူအားဖြင့် ယူဆထားကြတာ ဖြစ်ပါတယ်။ တချက်ကတော့ အင်အားကြီးနိုင်ငံ ၂ နိုင်ငံဖြစ်တဲ့ တရုတ်၊ အမေရိကန် တို့အနေနဲ့တော့ မြန်မာ့အရေးကိစ္စက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ပြဿနာလည်း ဖြစ်သလို ၄င်းတို့ရဲ့ ဒေသန္တရ လုံခြုံရေး၊ ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်း၊ အကျိုးစီးပွား ဒေသတွင်း သက်ရောက်မှု၊ အကျိုးနဲ့ အပြစ်စတာတွေ ကိုပါ ထည့်သွင်းစဥ်းစားကြတာလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် တရုတ်နိုင်ငံ အနေနဲ့ ဆိုရင် ၄င်းနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်ဒေသတွေနဲ့ နောက်တဆင့် မြန်မာနိုင်ငံတခုလုံး အနေအထားနဲ့မှာ ၄င်းတို့ နဲ့ ဆက်ဆံရေးကောင်းတဲ့ အဖွဲ့သို့မဟုတ် အမေရိကန်ရဲ့ လက်ဝေခံမဟုတ်တဲ့ အဖွဲ့အစည်းတွေကသာ ထိန်းချုပ်အုပ်ချုပ်တာမျိုးကို လိုအပ်ချက် အဖြစ်သတ်မှတ်ထားတာ ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့ ကြားခံဇုန်တခု အဆင့်ကနေ ပြောင်းလဲမသွားဖို့ လိုလားမှာ ဖြစ်ပါတယ်။

ရုရှားအနေနဲ့ ၄င်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ယူကရိန်းလို နိုင်ငံမှာ အနောက်နိုင်ငံရဲ့ စစ်အုပ်စု ဖွဲ့ထားတဲ့ နေတိုးနိုင်ငံတွေက ဝင်ရောက်လာမယ့် အရေးမျိုး လုံးလုံးလက်သင့်မခံနိုင်တာကြောင့် ယူကရိန်း-ရုရှားစစ်ပွဲဖြစ်ပွားလာတာလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ ယူကရိန်း-ရုရှားစစ်ပွဲဟာ အခုချိန်ထိ အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးစကားပြောဖို့ အခွင့်အလမ်း မမြင်သေးပါဘူး။ အလားတူ မြန်မာနိုင်ငံမှာလည်း အနောက်အုပ်စုနဲ့ နီးစပ်တဲ့ သို့မဟုတ် အထောက်အပံ့ပေးထားတဲ့ အဖွဲ့အစည်းတခုခုက အာဏာရမှာကို တရုတ်နိုင်ငံက မလိုလားပါဘူး။ မြန်မာ့အရေး နဲ့ပတ်သက်လို့ နိုင်ငံတကာက ပါဝင် စွက်ဖက်ခြင်း မပြုဖို့ စည်းတခု အဖြစ် တရုတ်နိုင်ငံက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကာစ ကတည်းက လူသိရှင်ကြား အသိပေး ကြေညာခဲ့သလို ပြီးခဲ့တဲ့ သြဂုတ်လလယ်မှာ ကျင်းပခဲ့တဲ့ မဲခေါင်-လန်ချန်း အစည်းအဝေးမှာလည်း နိုင်ငံတကာကို အသိပေးတဲ့ စည်းသုံးစည်းကို ထပ်မံ ကြေညာအသိပေးခဲ့တာ ဖြစ်ပါတယ်။

ဒီနေရာမှာ အမေရိကန် အနေနဲ့ မြန်မာ့အရေး နဲ့ ပတ်သက်လာရင် ထဲထဲဝင်ဝင် ပါဝင်ဖို့ အဖက်ဖက်က စဥ်းစားနေတဲ့ အနေအထား၊ လက်နက်ကိုင် ပဋိပက္ခကို ဆက်လက်ဖြစ်ပွားခြင်း မရှိအောင် ဘယ်လို အခြေခံအချက်တွေ အပေါ် ရပ်တည်ကိုင်စွဲသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မရှိတဲ့ သဘောလို့ ကောက်ချက်ချမိပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန့်ကျင်ကန့်ကွက်တာ၊ လွတ်လပ်တဲ့ တရားမျှတမှုမရှိနိုင်ဘူးလို့ ယူဆတဲ့ ၂၀၂၅ ခုမှာ ကျင်းပနိုင်ခြေရှိတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တာ အသိအမှတ် မပြုနိုင်ဘူးဆိုတဲ့ ရပ်တည်ချက်တွေ ထင်ရှားစွာ သိရှိရပေမယ့်၊ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး မြန်မာ့အရေးအပေါ် ရပ်တည်ချက်၊ အခြေခံတဲ့ မူဝါဒ၊ အကျိုးစီးပွား စတာတွေတော့ သိရှိနိုင်ခြင်း မရှိသေးပါဘူး။

ပြည်တွင်းစစ် ဖြစ်ပွားတာ ၃ နှစ်ကျော် ၄ နှစ်နီးပါး ရှိလာချိန်မှာ နိုင်ငံ လူဦးရေ ၆ ရာနှုန်းကျော်က နေရပ်က ထွက်ပြေးတိမ်းရှောင်နေကြရသူတွေ ဖြစ်လာသလို၊ ပြည်တွင်းစစ်ပွဲတွေအပြင် မကြာသေးခင်က ကျရောက်ခဲ့တဲ့ ရေဘေးအန္တရာယ်၊ ရေကြီးမှု ရိက္ခာပြတ်လပ်နိုင်ခြေ၊ အိမ်နီးချင်းနိုင်ငံတွေဆီ ကျပန်း အလုပ်သမားအဖြစ်သော်လည်းကောင်း၊ စစ်ဘေး ဒုက္ခသည်အဖြစ်သော်လည်းကောင်း ခိုလှုံလာကြမယ့် ပြဿနာတွေကို ထောက်ချင့်ပြီး အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေက တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းလာကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ NUG/PDF အဖွဲ့တွေ အဖို့တော့ အဆုံးသတ်အောင်ပွဲ နီးနေပြီလို့ ယူဆမှုတွေလည်း ရှိနေတာကြောင့် ဆွေးနွေးပွဲ စကားဝိုင်းပေါ်မှာ တွေ့ဆုံပြီး ပြဿနာဖြေရှင်းကြမယ့် အလားအလာက မှေးမှိန်နေဆဲ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်နဲ့ စစ်အုပ်စုကိုယ်တိုင်က မြန်မာ့နိုင်ငံရေးကနေ ဆုတ်ခွာဖို့၊ လက်ရှိ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကနေ တာဝန်ခံမှု တာဝန်ယူမှုတွေရှိဖို့ မည်သည့်အလားအလာတွေ မရှိသေးတာကလည်း မြန်မာပြည်သူတွေကိုယ်တိုင်က ယုံကြည်စိတ်ချမှု မရှိနိုင်ဘူးလို့ ဆိုနိုင်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *