လင်းလက်နွေဦး
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၄
ဒီစာရဲ့ ခေါင်းစဉ်က လျှာရှည်ကြည့်မယ်ဆိုရင် (ငရဲ)ရယ်+ (ခန်း)ရယ်+ (ပျို့)ရယ် ဆိုပြီး ခွဲပါမယ်။
ကျမ်းတတ်ကြီးလိုလို ဆရာကြီးလိုလို လုပ်ပြတာပါ။ နည်းနည်းမှ လူအထင်ကြီးကြီးဆိုပြီး။ ‘ငရဲ’ဆိုတာ နိရယ= နိ (မရှိ)+ အယ (ချမ်းသာ) = ချမ်းသာမှု တစိုးတစိ မရှိတဲ့ အရပ်၊ နေရာကို ငရဲလို့ ခေါ်ပါတယ်။ ‘ခန်း’ဆိုတာ အခန်းကဏ္ဌပေါ့။ ‘ပျို့’ဆိုတာ ကျနော်တို့ ကြားဖူးပါတယ်၊ ဘူရိဒတ်ပျို့တို့၊ လောကသာရပျို့တို့၊ ဂမ္ဘီသာရပျို့တို့ ဘာတို့ပေါ့ဗျာ။ အပိုဒ်တွေ အများကြီး ခန်းခန်းနားနား စပ်ဆိုထားတဲ့ လင်္ကာရှည်ကြီးတွေ။ “သာကိယဟု၊ တေဇကျော်ဟိုး၊ မင်းရိုးအပေါင်း၊ ရှစ်သောင်းမျိုးနွယ်၊ သုံးဆယ်ပါရမီ၊ ဖြည့်ညီသမ္ဘာ၊ ဉာဏ်စကြာဖြင့်….’ အဲလိုကြီး တွေ။ ကျနော်တော့ မဖတ်ဖူးပါဘူး၊ ခုမှ လိုင်းဖွင့်ပြီး နည်းနည်းကူးချလိုက်တာပါ။ ကျနော် ရေးချင်တဲ့ ပျို့က အပျိုမ လေး ခုမှ အိမ်ထောင်ကျပြီး ကိုယ်ဝန်စဆောင်ရတော့ ဖြစ်လေ့ရှိတဲ့ ‘အန်ချင်ပျို့ချင်စိတ်မျိုး’။ စိတ်မသတီစရာ နည်းနည်းလေးများ မတွေ့လိုက်နဲ့ ‘ဝေါ့’ကနဲ ထအန်လိုက်သလိုမျိုး။ စားနေသောက်နေရင် အားနာပါတယ်ဗျာ။
တစ်နေ့က ရွာထဲ သူများတိုက်တာအိုးအိမ်တွေပေါ် ကပ်နေတဲ့ ကောင်တွေက ပြောလာသတဲ့၊ သူတို့ အပေါ် ဗုံးတစ်လုံးကျလာရင် တစ်အိမ် မီးရှို့မယ်၊ ဆယ်လုံးကျရင် တရွာလုံး ပြာချပစ်မယ်တဲ့။ ဒီရွာမှာ ကပ်နေ၊ ဒီရေသောက်၊ ဒီအိမ်တွေက ဆန်တွေဆီတွေ ယူစား၊ ဒီဆိုင်တွေက အရက်ဘီယာ ယူသောက်၊ ဒီအိမ်ရှင်တွေဆီက ဆက်ကြေးတောင်း၊ အဲ ပြန်သွားရင် တွေ့သမျှ အဖိုးတန်ပစ္စည်းတွေ အကုန်မသွားတဲ့ ကောင်တွေလေ။ အိမ်ရှင် တစ်ယောက်က ရင်ဖွင့်လာတယ်၊ တိုက်ပေါ်တက်နေပြီး ပြန်သွားပြီဆိုတော့ ကိုယ့်အိမ်လေး ပြန်ကြည့်တယ်၊ စပရိန် မွေ့ယာ၊ ဖွက်ထားခဲ့တဲ့ တီဗွီ၊ ရေခဲသေတ္တာ အကုန်ယူသွားသတဲ့။ ကိုယ်တိုက်ဆပ်ပြာတို့၊ သွားတိုက်ဆေးတို့ တစ်နှစ်စာ ကြိုစုထားတာ၊ ရွှေဝါဆပ်ပြာတွေပဲ ချန်ထားခဲ့လေသတဲ့။ ခဏ စခန်းချချင်ပါတယ်ဆိုလို့ အိမ်ရှင်တွေ ရှောင်ပေးလိုက်ရတယ်၊ တချို့အိမ်တွေထဲဆိုရင် ကန်တော့ပါရဲ့၊ အညစ်အကြေးတွေတောင် စွန့်ပစ်ခဲ့သတဲ့လေ။ အော်… အော် ပျို့ရပြန်တယ်။
ဗုံးကျရင် မီးရှို့မယ် ဆိုတဲ့ သတင်းဟာ အမှန်အကန်ကြီး ဖြစ်သွားပါတယ်။ သူတို့နေတဲ့ တိုက်ပေါ် ဗုံးကျပါတယ်။ အုံးကနဲ… အုံးကနဲ။ ခဏနေတော့ သံချောင်းခေါက်သံတွေ ဆူညံလာပြီး မီးရောင်တွေ ရဲနေအောင် မြင်ရတယ်။ ရွာသားတွေ မီးငြှိမ်းဖို့ ပြေးသွားကြပေမယ့်၊ အဲကောင်တွေက တဒိုင်းဒိုင်း ထဖောက်ပြီး ‘ဘယ်ကောင်မှ မီးလာမငြှိမ်းနဲ့’တဲ့။ မီးက လူမနေတဲ့ အိမ်ဝိုင်းထဲက ဂိုထောင်တစ်လုံးမှာ စွဲလောင်နေတယ်။ မီးမငြှိမ်းရဆိုတော့ ရွာသားတွေခမျာ လှည်းကောက်ပြီး ရွာ့အပြင်ထွက်ပြေးရတာပေါ့။ ဒီအကြိမ်နဲ့ဆို ပြေးရတာ လေးကြိမ်မြောက် ဖြစ်ပါတယ်။ ဒရုန်းဗုံးကျလို့ မကျေနပ်ရင် ချတဲ့ လူတွေဆီ သွားချပေါ့။ ခုတော့ မဆီမဆိုင် လက်ပံပင် ဓားနဲ့ချိုင်။
အဲအရင်နေ့က ရွာ့မြောက်ဘက် လမ်းမပေါ်ကနေ လာသမျှလူတွေ ကြီးကြီးငယ်ငယ် အကုန်ဖမ်းထား တယ်။ အမျိုးသမီးတွေလည်း ဖမ်းတာပဲ။ ဗိုက်ကြီးသည်လည်း ဖမ်း၊ ပြီးတော့ အိမ်က အမျိုးသားနဲ့ လာလဲခိုင်းတယ်။ လူကြီးလူအိုတွေလည်း ဖမ်းတာပဲ။ အော်… ကျောင်းကန်ဘုရား သွားရမယ့်အရွယ်တွေကို သင်တန်းပေးပြီး လုံခြုံရေးအစောင့်လုပ်ခိုင်းအုံးမယ် ထင်တယ်။ ကလေးပါတဲ့ ကလေးအမေတွေဆီကတော့ ဖုန်းတွေ ယူထားပြီး အိမ်က လူကြီးတွေ၊ ကလေးအဖေတွေကို လာယူခိုင်းသတဲ့။ နှမျောပြီး သွားယူတဲ့သူတွေ ဂွိပေါ့။ လည်တဲ့သူတွေ ကတော့ ပြန်မယူကြပါဘူး။
ဒါကြောင့် ဒီခေတ်ထဲ ခရီးသွားရတာဟာ ဟိုနားဒီနားအပါအဝင်ပေါ့ဗျာ၊ ထီထိုးရသလိုပဲတဲ့။ ကံမကောင်း ရင် ကိုယ် ထွက်တဲ့အပတ်မှ ပေါ်တာဆွဲခံရနိုင်သတဲ့။
ငယ်ငယ်က ကြည့်ဖူးတဲ့ Discovery တီဗွီအစီအစဉ်တွေကို ပြန်မြင်ယောင်မိတယ်။ တောရိုင်းသဘာဝ ရိုက်ပြတဲ့ အခန်းတွေလေ။ သားရဲဖြစ်တဲ့ ကျားတို့ ခြင်္သေ့တို့က သိုးအုပ် ဆိတ်အုပ် သမင်အုပ်တွေကို အမဲလိုက်တဲ့ အခန်းမျိုး။ အစွန်အဖျားက အကောင်ငယ်လေးတွေ အဆွဲခံရတာပဲ။ ဒီနား ဆွဲ၊ ဟိုနား ပြေးကြ။ ခုလည်း ဘယ်မှာ ပေါ်တာဆွဲနေသတဲ့ ဆိုရင် အဲဘက် မသွားရဲတော့ဘူး၊ လေးငါးခြောက်ရက်။ တခါ ဒီနား ဆွဲတော့မယ်ဟေ့လို့ အသံ သဲ့သဲ့ကြားရင် ဟိုဘက်က ပြေးရရွေ့ရ။ ခေတ်လူငယ်တယောက်က ခေတ်ဆရာတော်တပါးကို မေးလျှောက်သလို ‘ဆုတ်ခေတ်ဆိုတာ မြန်မာပြည်မှာပဲ ကွက်ဖြစ်နေသလား’ပေါ့လေ။ ငါးကန်တွေရှိတဲ့ စားသောက်ဆိုင်တွေ လတ် လတ်ဆတ်ဆတ် သွားစားသောက်ခဲ့ဖူးလို့ ထင်ပါရဲ့၊ ငရဲလက်ကနေ လွှတ်အောင် ပြေး ပြေးထွက်နေရတယ်။
ငရဲဆိုလို့၊ အပေါ်မှာ ပြောခဲ့သလို ချမ်းသာသုခ တစိုးတစိမရှိတဲ့ နေရာကို ဒေသကို ပြောတာနော်။ တခါက သီတဂူဆရာတော်ပြောသလို၊ ဘုန်းကြီးက ‘အောင်ဆန်းကို တွေ့ချင်ရင် သူ့သမီးကို ကြည့်’လို့ မိန့်ဖူးတယ်နော်၊ ဟုတ်လား မသိဘူး။ ခုလည်း ‘ငရဲကို တွေ့ချင်ရင် ဒီလာ ကြည့်’လို့ ပြောလိုက်ချင်ပါတယ်။ …. အနက်ဆုံးတွင်း ဘာလဲဗျ… မေးတဲ့ သူဋ္ဌေးသားလေးက ဒီကို လာ… (လေးဖြူကြီးကို BC နော်)၊ ထားလိုက်တော့ ထားလိုက်တော့…။ အပြန်အားဖြင့် အကြားအလပ်မရှိအောင် ဆင်းရဲဒုက္ခတွေသာ ပြည့်နှက်နေရင် ‘ငရဲ’လို့ ခေါ်ပါတယ်။ ဒီတော့ ကျနော်က ကျနော်ချစ်တဲ့ ဘားမားပြည်ကြီးကို ‘ငရဲ’ သို့မဟုတ် ‘ငရဲတွင်းကြီး’လို့ တင်စားချင်ပါတယ်။ ခွန်းထောက် သဖြန်နဲ့ လွမ်းလောက်အောင် ဖန်လိုက်ပုံက ဒီလိုပါဗျား။ ‘ငရဲကြီးငယ် အသွယ်သွယ်။ ။ မြန်ပြည်မှာ ရန်စည်ကြောရယ်က ပေါကြွယ်လို့ကွယ်။ နေဝင်းရယ်၊ စစ်ဘီလူးနှယ် အဆက်ဆက်။ ။ မြေပေါ်မြေအောက် မချန် မွှေနှောက်ကာ စုပ်ယူကြတယ်၊ တိုင်းပျက်ပြည်ပျက်။’
မရေးတတ်ဘဲ ရေးလိုက်တာပါ။ သည်းခံပါ။ ခံနေကျပဲ မဟုတ်လား။
ဆိုတော့ကား၊ ငရဲ။ ငရဲကြီး ရှစ်ထပ်။
သိဉ္ဇိုင်းငရဲ= ငရဲကျတဲ့သူတွေက အရှင်လတ်လတ်ကြီး ခြေလက် ကိုယ် အပိုင်းပိုင်းခုတ်ဖြတ်ခံရသတဲ့။ အဲငရဲမျိုး တွေ့ဖူးပါတယ်နော်။ အရှင်လတ်လတ်ကြီး ခြေတွေ လက်တွေ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ခုတ်ဖြတ် လှီးမွှန်းခံရတာတွေ။ အော်… တို့မြန်မာပြည်ဟာ သိဉ္ဇိုင်းငရဲ ပါပဲ။
ကာဠသုတ်ငရဲ= သစ်တုံးကြီးကို လွှနဲ့ ရွေဖြတ်သလို ဖြတ်ခံရတာမျိုးတဲ့။ စစ်ကြောရေးစခန်းဆိုတဲ့ စကားလုံး ရှိလေတဲ့ မြန်မာပြည်ကြီဟာ ကာဠသုတ်ငရဲလို့ ခေါ်နိုင်မယ် ထင်ပါတယ်။
သင်္ဃာတ= ရဲရဲပြောင်ပြောင် သံတောင်ကြီးနဲ့ ကြိမ်ဖန်များစွာ ကြိတ်ချေခံရတယ်။ ပူတဲ့ နွေရာသီ၊ အပူလှိုင်း ဖြတ်နေချိန်၊ မီးဖျက်ခံရ ရေမချိုးရ၊ နေပူပူ ပြေးရလွှားရဆိုတော့ကား။
ရောရုဝ= မီးတောက်မီးလျှံတို့ဖြင့် နှိပ်စက်သတဲ့။ တို့လည်း မီးရှို့ခံ၊ ရွာ မီးရှို့ခံရ၊ အိမ် မီးရှို့ခံရ၊ လူတွေ အရှင် လတ်လတ် မီးရှို့ခံရ။
မဟာရောရုဝ = မီးခိုးလုံးကြီးတွေ ပိတ်ဖုံးနေအောင် နှိပ်စက်တာများ၊ တို့ဆီမှာလည်း ကယ်ရာ ခေါ်ပါ တစာစာနဲ့ အော်ဟစ်လောင်ကျွမ်းနေရတာပေါ့။
တာပန= ထန်းပင်လုံးလောက်ရှိတဲ့ သံတံကျင်ကြီးတွေနဲ့ ဖောက်၊ တစ်ကိုယ်လုံးကို မီးရှို့ခံရသတဲ့။ မီးရှို့ခံရတဲ့ ရွာက ရွာသားတွေ မီးလာငြှိမ်းလို့ အိမ်ထဲထည့် မီးရှို့သတ်ခံရတဲ့ သတင်းမျိုးတွေ ကြားခဲ့ဖူးပါတယ်။
မဟာတာပန= ပေါင် ၅၀၀ ဗုံးကြီးတွေ ကိုယ့်အနား လာကျရင် မဟာတာပနပဲပေါ့။
အဝိစိ= ဆင်းရဲဒုက္ခအကြားအလပ်မရှိ ပြည့်နှက်နေတဲ့ ငရဲ။ ဒါဆိုရင် မြန်မာပြည်ဟာ အဝိစိပါပဲလို့ ပြောချင်ပါတယ်။
အုန်းတွေ ဒိုင်းတွေ ကြားနေရလို့ ဒီလောက်နဲ့ အဆုံးသပ်ပါပြီ။ နေ့တိုင်း စိုးရွံ့ထိတ်လန့်ကြောက်ရွံ့နေရ တာရောဆိုရင် ငရဲ မကတော့ပါဘူး၊ ငရဲပလပ် = ငရဲ(+)= ငရဲplus လို့တောင် ခေါ်လို့ရနေပါပြီ။ Upgrade မြင့်သွားပြီ။
လင်းလက်နွေဦး
၁၂.၁၀.၂၀၂၄
ညနေ ၃နာရီ ၄၅မိနစ်။
–
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar