(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၄
မြန်မာ့အရေး အာဆီယံမူ ၅ ချက်ကို ဆက်လက် ကိုင်စွဲမယ်လို့ အာဆီယံ၊ မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ပိုမိုကူညီဖို့ အာဆီယံက တောင်းဆို
နှစ်စဥ်ကျင်းပနေကျ အာဆီယံ ထိပ်သီးညီလာခံ အလှည့်ကျ ဥက္ကဌနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံ မြို့တော်မှာ ကျင်းပနေဆဲ ဖြစ်ပြီး မြန်မာ့အရေး နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ သဘောတူဆုံးဖြတ်မှု အချို့ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ လတ်တလော ထင်ရှားတဲ့အချက် တချက်က ၂၀၂၁ ခုနှစ် ဧပြီလက ချမှတ်ခဲ့တဲ့ အာဆီယံမူ ၅ ချက်ကို ဆက်လက်ကိုင်စွဲသွားမယ် ဆိုတဲ့အချက် နဲ့ အခြားသတင်းတပုဒ်မှာတော့ မြန်မာနိုင်ငံအရေးမှာ တရုတ်နိုင်ငံက ပိုမိုကူညီပေးဖို့ အာဆီယံအဖွဲ့က တောင်းဆိုခဲ့တယ် လို့လည်း ဖေါ်ပြထားတာတွေ့ရပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ မြန်မာ့အရေးမှာ အခြေခံမူတွေနဲ့ စည်း ၃ စည်း ဆိုတဲ့အချက်ကို မကြာသေးခင်က ကျင်းပသွားတဲ့ မဲခေါင်-လန်ချန်း အစည်းအဝေးမှာ ဒေသတွင်း နိုင်ငံတွေရော ကမ္ဘာ့အင်အားကြီးနိုင်ငံတွေပါ သိရှိအောင် ထုတ်ဖေါ်ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ပြည်တွင်းရေး ဝင်မစွက်ရေးမူကို အခြေခံတယ် ဆိုပေမယ့် တရုတ်နိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပေါ်မှာတော့ တရုတ်နိုင်ငံရဲ့ မြန်မာအပေါ် ထားရှိတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ကိုက်ညီအောင် လိုအပ်ရင် လိုအပ်သလို ပိတ်ဆို့တာသို့မဟုတ် ဖွင့်ပေးတာ၊ ကူညီတာ သို့မဟုတ် ဒဏ်ခတ်တာတွေကို လုပ်ဆောင်နေတာ အများသိရှိကြတဲ့ ကိစ္စတရပ်ဖြစ်ပါတယ်။
တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံဟာ ၄င်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံဖြစ်တာကြောင့် အင်အားကြီးနိုင်ငံတွေရဲ့ သဘာဝ အတိုင်း နယ်စပ်လုံခြုံရေး၊ မြန်မာနိုင်ငံကို ကြားခံ ဇုန်သဖွယ် သတ်မှတ်ကာ ကြားခံဇုန် ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အခြားအင်အားကြီးနိုင်ငံတနိုင်ငံက ဝင်ရောက်စွက်ဖက်တာမျိုး မရှိအောင် တိတိပပ သတိပေးလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။
မြန်မာ့အရေး နဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့အနေနဲ့ ၂၀၂၁ ခု ဧပြီလက သဘောတူထားတဲ့ မူ ၅ ချက်ကို ဆက်လက်ကိုင်စွဲမယ် လို့ ထပ်မံဆုံးဖြတ်ခဲ့ကြပြီး တခြားတဖက်မှာ တရုတ်နိုင်ငံကို အခုလို တောင်းဆိုခဲ့တာ လည်း ဖြစ်ပါတယ်။
မြန်မာ့အရေးကို အမှန်တကယ်တော့ အာဆီယံအနေနဲ့ လူသားချင်းစာနာမှု အကူအညီပေးတာမျိုးကလွဲရင် ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းဖို့ လုပ်ဆောင်နိုင်တဲ့ ကိရိယာမျိုး၊ သော့မျိုး လက်ဝယ်မရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခရဲ့ ဘက်တွေနဲ့ ထိတွေ့ဆက်ဆံကာ အတိုင်းအတာတခုထိ ကြိုးဆွဲနိုင်တဲ့ အခြေအနေမရှိတာကြောင့် မြန်မာအရေးမှာ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေအပေါ် အတိုင်းအတာတခုထိ သြဇာရှိတဲ့ တရုတ်နိုင်ငံကို အားကိုးတာလည်း မထူးဆန်းတဲ့ အချက်လို့ဆိုရမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ အာဆီယံက မတောင်းဆိုခင်ကတည်းက ပါဝင်ပတ်သက်မှုရှိနေပြီး ဖြစ်ပါတယ်။ မကြာသေးခင်က ပေါက်ကြားလာတဲ့ ဝ လက်နက်ကိုင် အဖွဲ့နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှေကျင်း တို့ရဲ့ သြဂုတ်လ နောက်ဆုံးပတ်က လုပ်ဆောင်ခဲ့တဲ့ အစည်းအဝေး မှတ်တမ်း ပေါက်ကြားလာရာမှာ နောက်ကွယ်က ဖြစ်ပွားနေတဲ့ အခြေအနေတွေကို လူအများ ပိုမိိသိရှိလာကြရတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ လက်တွေ့အကျိုးစီးပွားအပေါ် အခြေခံတဲ့ နိုင်ငံခြားရေးမူဝါဒ၊ မြန်မာ့အရေးမှာ ဒီမိုကရေစီ၊ ဖက်ဒရယ် ဆိုတာတွေက တရုတ်နိုင်ငံအဖို့ အရေးထားစရာ အကြောင်းအရာတွေ မဟုတ်ဘဲ အာဏာယှဥ်ပြိုင်ဖက်တွေအများအပြားနဲ့ စစ်မက်ဖြစ်ပွားနေမယ့် အခြေအနေ၊ ဘယ်သူမှ အပြတ်အသတ် အနိုင်မရတဲ့အနေအထားနဲ့ နှစ်ရှည်ကြာ ပြည်တွင်းစစ်ဖြစ်ပွားနေမှာမျိုးကို လက်မခံနိုင်ပဲ အင်အားကြီးတဲ့ အဖွဲ့တဖွဲ့က ထိန်းချုပ်ထားနိုင်တာမျိုးကိုပဲ လိုလားတာ ပေါ်လွင်လာပါတယ်။
အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပုံမှန်ရှိတဲ့ နီးစပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို မလိုလားသလို ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့လို နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုလည်း အနောက်နိုင်ငံ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံတာ ဆက်သွယ်တာကို လုံးဝ ဆန့်ကျင်တဲ့ ရပ်တည်ချက် ရှိနေတာဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်း ကိုးကန့်တပ်ဖွဲ့က ၄င်းရဲ့ တပ်နဲ့ အုပ်ချုပ်ရေး နယ်ပယ်မှာ တာဝန်ယူထားသူတွေကို အနောက်နိုင်ငံတွေက ကမကထ လုပ်တဲ့ အစည်းအဝေး၊ ဆွေးနွေးပွဲ စတဲ့အခမ်းအနားတွေ တက်ရောက်ခြင်း မပြုဖို့ တင်းတင်းကျပ်ကျပ် အမိန့်ထုတ်လိုက်တဲ့ ထုတ်ပြန်ချက်လည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပါတယ်။
ကိုးကန့်လက်နက်ကိုင် အဖွဲ့အနေနဲ့ ၄င်းတို့ အထူးဒေသ ၁ နယ်မြေတွေသာမကပဲ စစ်ကောင်စီထိန်းချုပ်ခဲ့တဲ့ မြို့တွေ၊ စစ်ကောင်စီရဲ့ ရပခ စစ်ဌာနချုပ်တို့ကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် တဖက်မှာ စစ်ရေး မာန်တက်ကြွကောင်း တက်ကြွနေမှာ ဖြစ်ပေမယ့် တရုတ်နိုင်ငံနဲ့ ကင်းကင်းရှင်းရှင်း နေထိုင်ဖို့ ရေရှည်မှာ မဖြစ်နိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ကုန်းတွင်းပိတ်ဒေသတွေ ဖြစ်တာကြောင့် ပင်လယ်ထွက်ပေါက် မရှိတာကြောင့်လည်း စီးပွားရေး၊ ကုန်သွယ်မှု၊ ကုန်ပစ္စည်းတင်သွင်းမှုတို့မှာ ၄င်းတို့ဘာသာ ၄င်းတို့ ရပ်တည်ဖို့ မလွယ်ကူတဲ့အနေအထား ဖြစ်ကာ အဆိုပါ ကိစ္စတွေ အတွက် မြန်မာနိုင်ငံ အလယ်ပိုင်းကို ထိန်းချုပ်ထားတဲ့ စစ်တပ်နဲ့ မပြေလည်တဲ့ အနေအထားမှာ တဖက်နိုင်ငံ တရုတ်နိုင်ငံကို အားကိုးရမှာ ဖြစ်ပါတယ်။
ဒီလို အနေအထားအောက်မှာ တရုတ်နိုင်ငံအနေနဲ့ မလိုလားတဲ့ အနောက်နိုင်ငံတွေရဲ့ စိတ်ဓာတ်ရေးအရ လူသားချင်းစာနာမှု အရ အကူအညီတွေကို လက်ခံရရှိတဲ့ တိုင်းရင်းသား နဲ့ PDF လက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေး အင်အားစုတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေကို တရုတ်နိုင်ငံက သံသယကြီးစွာနဲ့ စောင့်ကြည့်နေမယ့် အနေအထားမှာ ရှိတယ်ဆိုတာကို သတိပြုမိဖို့ အရေးကြီးလှပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar