ylliX - Online Advertising Network
လားရှိုးမြို့မှာ စစ်ကောင်စီကို သတင်းပေးသူ ၂၀ ကျော် MNDAA က ဖမ်းဆီးထား

လားရှိုးမြို့မှာ စစ်ကောင်စီကို သတင်းပေးသူ ၂၀ ကျော် MNDAA က ဖမ်းဆီးထား


(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၄⁨⁨⁨⁨⁨⁨

လားရှိုးမြို့မှာ စစ်ကောင်စီကို သတင်းပေးသူ ၂၀ ကျော် MNDAA က ဖမ်းဆီးထား

ပြီးခဲ့တဲ့ သြဂုတ်လဆန်းမှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အကြီးဆုံးမြို့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အချက်အချာအကျဆုံးမြို့ဖြစ်တဲ့ လားရှိုးမြို့ ကို MNDAA ကိုးကန့်လက်နက်ကိုင် အဖွဲ့က ဦးဆောင်သိမ်းပိုက်ပြီးနောက် သီတင်းပတ် အတန်ကြာမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်လာခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ကောင်စီနဲ့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတဲ့ အခါမျိုးမှာ စစ်ကောင်စီဘက်က အထောက်အကူ ပစ်ခတ်တိုက်ခိုက်ပေးတဲ့ အနေနဲ့ အသုံးချသလို တိုက်ပွဲဖြစ်ပွားခြင်း မရှိပေမယ့် တဖက်လက်နက်ကိုင် အဖွဲ့တွေရဲ့ အခြေစိုက်စခန်း၊ စုဝေးရာ နေရာမျိုးတွေကို သတင်းအချက်အလက်စုဆောင်းရယူပြီး အလစ်အငိုက် ဗုံးကြဲတာ တိုက်ခိုက်တာတွေ အတွက်လည်း စစ်ကောင်စီက အသုံးပြုနေတာ ဖြစ်ပါတယ်။

မြေပြင်မှာ ဆုံးရှုံးလက်လွှတ်မှု အများအပြားရင်ဆိုင်လာရတဲ့ စစ်ကောင်စီ အနေနဲ့ တဖက်လက်နက်ကိုင်တွေ ရရှိသွားတဲ့ နယ်မြေတွေ မြို့တွေ စစ်စခန်းတွေမှာ လက်နက်ကိုင်တပ်တွေ အတည်တကျ မဖြစ်အောင်၊ မြို့အုပ်ချုပ်ရေး ကောင်းကောင်းမလည်ပတ်နိုင်အောင် ရည်ရွယ်ပြီး လေကြောင်းတိုက်ခိုက်မှု လုပ်နေတာ ထင်ရှားပါတယ်။

တဖက်မှာလည်း လက်လွှတ်ဆုံးရှုံးရတဲ့ နယ်မြေတွေမှာ စစ်ကောင်စီ အနေနဲ့ ၄င်းတို့ကို ထောက်ခံသူ သို့မဟုတ် အခကြေးငွေပေးပြီး သတင်းပေးမယ့်သူတွေဆီက သတင်းအချက်အလက်ရဖို့ စုဆောင်းတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စစ်ပွဲရဲ့ သဘောသဘာဝ အတိုင်းတဖက်ရန်သူ နယ်မြေထဲက သတင်းတွေရဖို့ နိုင်ငံရေးအရ စည်းရုံးထားတဲ့သူ အခကြေးငွေနဲ့ စည်းရုံးထားတဲ့သူတွေကို အသုံးချကြတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။

တဖက်မှာတော့ ဒီမြို့တွေ ရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေအဖို့ မိမိတို့ နေအိမ်၊ အသက်မွေးဝမ်းကျောင်း ဖြစ်တဲ့ မြေယာ၊ အရောင်းအဝယ် လုပ်ငန်းတွေကို သံယောဇဥ် ဖြတ်နိုင်ဖို့ မလွယ်ကူလှပါဘူး။ စစ်ဖြစ်ပွားနေချိန်မှာ မဖြစ်မနေ ထွက်ပြေးတိမ်းရှောင်ကြရပေမယ့် စစ်ပွဲငြိမ်သက်သွားတဲ့အခါ တဖက်ဖက်က ထိန်းချုပ်ထားနိုင်တဲ့အခါ နေအိမ်တွေမှာ ပြန်လည်နေထိုင်နိုင်ကြတာ သဘာဝ ဖြစ်သလို တခုထည်းသော ရွေးချယ်စရာ အဖြစ်နဲ့လည်း ရင်ဆိုင်ကြရတာ ဖြစ်ပါတယ်။

ခုရက်ပိုင်း သတင်းတွေမှာ သြဂုတ်လဆန်း လားရှိုးမြို့ သိမ်းယူပြီနောက်ပိုင်း တဒါဇင်မကတဲ့ ဗုံးကြဲခံရမှုတွေမှာ နေရာ အချက်အလက်တွေကို ပေးပို့တယ်ဆိုတဲ့ သူ ၂၅ ဦးထက်မနည်းကို MNDAA က ဖမ်းဆီးထားတယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာပါတယ်။ MNDAA ဘက်ကလည်း ဖမ်းဆီးထားတာ မှန်ကန်ကြောင်း အတည်ပြုထားပြီး ဘယ်လို အပြစ်ပေးမလဲ ဆိုတဲ့အချက်တော့ မသိရှိရသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ MNDAA က လားရှိုးမြို့မှာ အင်တာနက် ဆက်သွယ်မှု၊ ဖုန်းဆက်သွယ်မှုတွေ ဖြတ်တောက်လိုက်ပြီး ဂြိုဟ်တုကတဆင့် ဆက်သွယ်တဲ့ Starlink သုံးစွဲတာတွေရှိရင် လိုက်လံသိမ်းဆည်းနေတဲ့ အကြောင်းသတင်းတွေထဲ ဖော်ပြထားတာ တွေ့ရတာ ဖြစ်ပါတယ်။

MNDAA အနေနဲ့ အမှုကြီးတွေကို အပြစ်ပေးတဲ့အခါ တရုတ်နိုင်ငံကလိုမျိုး လူအများရှေ့မှာ စီရင်ချက်ချမှတ်ပြီး သေဒဏ်ချမှတ်ခံရရင် အများရှေ့မှာ သေဒဏ်စီရင်တာမျိုး မကြာသေးခင် လပိုင်းတွေအတွင်းက လုပ်ခဲ့ဖူးတာကြောင့် အခုလို စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲခံရသူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်နိုင်ခြေ ရှိနေတဲ့ သဘောလည်း ဖြစ်ပါတယ်။

စစ်မဖြစ်ပွားခင် လူဦးရေ သိန်းဂဏန်းနဲ့ ရှိတဲ့ လားရှိုးမြို့၊ မြို့သိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် မှာ သောင်းဂဏန်းမျှသော မြို့ခံတွေ ၄င်းတို့မြို့ကို ပြန်သွားကြကောင်း ပြန်သွားကြလိမ့်မှာ ဖြစ်ပြီး အခုလို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာတဲ့နောက်မှာ အချို့လည်း ထပ်မံတိမ်းရှောင်ကြရတဲ့ အဖြစ်တွေလည်း ရှိနေတာပါ။ ယမန်နှစ် အောက်တိုဘာ လကုန်ပိုင်းက စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း စစ်ကောင်စီဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ  အနေနဲ့ မြို့တွေ ဒါဇင်နဲ့ချီပြီး သိမ်းယူနိုင်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကိုတော့ ကာကွယ်နိုင်ဖို့ လက်နက်နည်းပညာ၊ ငွေကြေးအကန့်အသတ်တွေ ရှိနေဆဲလည်း ဖြစ်တာတွေ့နေရပါတယ်။

ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာ တခုကတော့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံ အရေး၊ ပြဿနာကို အဖြေရှာဖို့ရာ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးနဲ့တွေ့ဆုံမယ်လို့ အာဆီယံ အစည်းအဝေးကာလ အတွင်း သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ သတင်း ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့  ယခင်အစိုးရလက်ထက်တွေတုန်းက မြန်မာစစ်ကောင်စီ အပေါ်  ပြင်းထန်စွာ ဖိအားပေးလိုတဲ့ သဘောထား ရှိခဲ့ရာက အခု လက်ရှိ မလေးရှား အစိုးရအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ Engagement Policy ထိတွေ့ဆက်ဆံတဲ့ မူဝါဒကို ပြောင်းလဲလာတာလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မလေးရှား နိုင်ငံဟာ မြန်မာနိုင်ငံက တရားဝင် နဲ့ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အများအပြား နေထိုင် အလုပ်လုပ်ကိုင်နေကြသလို ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ထောင်သောင်းချီ ဒုက္ခသည် အဖြစ်ခိုလှုံနေထိုင်ကြတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။၂၀၁၂ နဲ့  ၂၀၁၇ နောက်ပိုင်း ရိုဟင်ဂျာ ဒုက္ခသည်တွေ ပင်လယ်ပြင်ကို လုံလောက်တဲ့ စက်အင်အား၊ အကာအကွယ် အစီအမံမရှိတဲ့ လှေတွေနဲ့ ဖြတ်ပြီး မလေးရှားနိုင်ငံဆီ ဦးတည်သွားရောက်ကာ ခိုလှုံနေကြတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။

အခုလို မလေးရှားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံမှုကနေ ဘယ်လို ရလဒ်မျိုး ပေါ်ထွက်လာနိုင်လဲ ဆိုတာတော့ ခန့်မှန်းဖို့ စောသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *