ylliX - Online Advertising Network
ဘားအံပစ်ခတ်မှုတွင် သန်းခေါင်စာရင်းအတွက်လာသည့် စစ်သား ၃ ဦးသေဆုံး - Myanmar Now

ဘားအံပစ်ခတ်မှုတွင် သန်းခေါင်စာရင်းအတွက်လာသည့် စစ်သား ၃ ဦးသေဆုံး – Myanmar Now


ကရင်ပြည်နယ်၊ ဘားအံမြို့အရှေ့တောင်ဘက် ဝင်းစိန်ကျေးရွာတွင် သန်းခေါင်စာရင်းကောက်သူများ အတွက် လုံခြုံရေးယူပေးသည့် စစ်သားများ ယမန်နေ့ (အောက်တိုဘာ ၁၀) နံနက်က ပခုံးထမ်းဗုံးပစ် လောင်ချာ (RPG) ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး  ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသော Hijet အဖြူရောင် မော်တော်ယာဉ်ကို ဝင်းစိန်ရွာ၊ ဇေယျာသီရိ ရပ်ကွက်၊ ၀င်းစိန်ဘုန်းကြီးကျောင်းမုခ်၀အနီး ပစ်ခတ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ 

အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၁) လက်အောက်ခံ တပ်ဖွဲ့ဝင် များက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု တပ်မဟာ (၁) နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

 “ဘားအံမှာဖြစ်တာက ကျွန်တော်တို့အဖွဲ့ဘက်က ဝင်ပြီး ပစ်လိုက်တာပေါ့။ ကျွန်တော်တို့ဘက်ကတော့ ဘာမှ မဖြစ်ပါဘူး။ ကားပေါက်ကွဲသွားတဲ့အထဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေတယ်” ဟု ဆိုသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များတွင်လည်း စစ်သား ၃ ဦး သေဆုံးကြောင်း ရေးသားထားကြပြီး လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ဓာတ်ပုံများ၌  စစ်ယူနီဖောင်းဝတ် အလောင်းများ ဆိုးဆိုးရွားရွား ပျက်စီးနေသည်ကို တွေ့ရသည်။ 

နံနက် ၆ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစီး လာသည့် ကားကို အဖွဲ့တစ်ဖွဲ့က RPG ခေါ် ပုခုံးထမ်း လောင်ချာနှင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတစ်ဦးက  Myanmar Now ကို ယနေ့ ပြောသည်။

“အသံတွေလည်း ကြားလိုက်ရတယ်။ RPG နဲ့ ထုတာ စစ်သား ၃ ယောက်လောက်သေတယ်။ ၂ ယောက် လောက် ဒဏ်ရာရတယ်။ ပုံတွေကတော့ လိုင်းပေါ်တက်ကုန်ပြီ” ဟု သူက ဆိုသည်။

တိုက်ခိုက်မှုတွင် သန်းကောင်စာရင်းကောက်အဖွဲ့မှ အခြားအဖွဲ့ဝင် မည်မျှ ပါဝင်သည်၊  ထိခိုက်မှု ရှိမရှိ စသည်တို့ကို မသိရသေးပေ။

ပစ်ခတ်တိုက်ခိုက်ခံရသောနယ်မြေသည် KNU တပ်မဟာ (၇) နယ်မြေ ဘားအံခရိုင်အတွင်း ပါဝင်နေပြီး လာရောက်တိုက်ခိုက်သူများသည် တပ်မဟာ (၁) အခြေစိုက် တပ်ဖွဲ့ဝင်များဖြစ်ကြသည်ဟု ဆိုကြသည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး KNU တပ်မဟာ (၁) ၏ တုံ့ပြန်ချက် မရရှိသေးပေ။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် မော်တော်ကား ။

KNU ၏ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၁) သည် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ကျေးရွာတချို့ ပါဝင်နေသည်။

KNU ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက ပစ်ခတ်မှု ဟုတ်မှန်ကြောင်း၊ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း ကရင်သတင်းဌာန KIC ကို အတည်ပြုထားပြီး အသေးစိတ် မသိရှိရ သေးကြောင်း ပြောထားသည်။

“ဒီရက်ပိုင်း စစ်ကောင်စီဘက်က အင်အား တိုးချဲ့ချတာရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း အင်အားတိုးချဲ့တာရှိပါတယ်” ဟု သူက KIC ကို ပြောသည်။



စစ်ကောင်စီတပ်သည် KNU တပ်မဟာ (၁) လှုပ်ရှားရာနယ်မြေတွင် ရဲနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ၏ အကူအညီကိုယူကာ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် ဘားအံမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ်မှ တပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်သည် အခင်းဖြစ်ရာနေရာကို ရောက်လာပြီး ဒေသခံတချို့ကို ခေါ်ယူစစ်ဆေး ခဲ့ကြောင်း အထက်ပါဒေသခံက ဆက်ပြောသည်။

“စစ်ဆေးမေးမြန်းတာတွေလုပ်တာတော့ရှိတယ်။ အဆင်ပြေပြေနဲ့တော့ ပြီးသွားတယ်။ ပြီးတော့ အလောင်းတွေနဲ့ ကားတွေကို ပြန်ဆွဲသွားတယ်။ လောလောဆယ်တော့ သူတို့ဘက်က သန်းခေါင်စာရင်း တော့ ဆက်မကောက်ဖြစ်ဘူး။ ပြန်လှည့်သွားကြပြီ” 

သန်းခေါင်စာရင်းကို  အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်နေ့ အထိ ကောက်ယူသွားမည်ဖြစ်ပြီး လိုအပ်ပါက ရက်တိုးကောက်ခံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။

 နိုင်ငံအနှံ့စစ်ဖြစ်ပွားနေသလို ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေချိန်တွင် စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမှုကို အလျင်အမြန်အကောင်အထည်ဖော်နေသည်။

စစ်ကောင်စီသည် သန်းခေါင်စာရင်းကောက်ယူရရှိသည့် အချက်အလက်များကို စစ်သားစုဆောင်းရန် ၊ ရွေးကောက်ပွဲလုပ်ရန်နှင့် ၎င်းတို့အာဏာတည်မြဲရေးတွင် သုံးရန် ရည်ရွယ်လုပ်ဆောင်နေသည်ဟု တော်လှန်ရေးအဖွဲ့အချို့ကလည်း ယူဆထားကြသည်။

ထို့ကြောင့် သန်းခေါင်စာရင်းကောက်ယူမှုတွင် ပူးပေါင်းပါဝင်ခြင်းမပြုရန် လူထုကို တိုက်တွန်းထားပြီး သန်းခေါင်စာရင်းကောက်ယူသူများကို ထိရောက်စွာအရေးယူမည်ဟုလည်း ကြေညာကြသည်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် သန်းခေါင်စာရင်းကောက်နေသည့်  စစ်ကောင်စီဝန်ထမ်း အမျိုးသမီး ၉ ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က အောက်တိုဘာ ၉ ရက် တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ယင်းနေ့မှာပင် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ရန် ပြင်ဆင်နေသူ ၉ ဦးကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ဒေသအခြေစိုက် Dawei Watch သတင်းဌာနက ဖော်ပြထားသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နှင့် တနင်္သာရီတိုင်း၊ လောင်းလုံးတွင် သန်းခေါင်စာရင်း ကောက်ယူသူ များကို PDF များက ဖမ်းဆီးထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ဝင်းစိန်ရွာတွင် ဖြစ်သည့် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ယခုသတင်းရေးသားချိန်အထိ စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

သန်းခေါင်စာရင်းကောက်ယူရာတွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပစ်မှတ်ထား တိုက်ခိုက်မှုအချို့ ရှိသော်လည်း ကရင်ပြည်နယ် ဝင်းစိန်ရွာအနီးဖြစ်သည့် တိုက်ခိုက်ခံရမှုသည် စစ်ကောင်စီတပ်သား သေဆုံးမှု အများဆုံး ဖြစ်သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *