(မိုးမခ) အောက်တိုဘာ ၁၁ ၊ ၂၀၂၄
မင်းအောင်လှိုင်က ပြင်ပရင်းနှီးမြှုပ်နှံမှုမလာတော့လို့ စီးပွားရေးလုပ်ငန်းရှင်တွေကို စိုက်ပျိုးမွေးမြူရေးပဲ လုပ်တော့လို့ ပြောနေချိန် သူ့ကောင်တွေကလဲ အားကျမခံ ကျိုးကန်းတွေအတွက် ထီလက်မှတ် ဆယ်ရွက် တသိန်းနဲ့ လုပ်ငန်းရှင်တွေကို အတင်းအကျပ်လိုက်ရောင်းနေတယ်။
သန်ကောင်စာရင်းကောက်ရင်း စာရင်းလုပ်ဖို့ ကွန်ပျူတာမရှိလို့၊ ကွန်ပျူတာဖိုး ငွေကောက်တဲ့အဖွဲ့ကလဲ သပ်သပ်။ သူတို့ ကံကောင်းတာပေါ့လေ၊ ဘားအံဘက်တော့ သန်ကောင်အဖွဲ့ကို RPGနဲ့တောင် ဘုလွှတ်လိုက်တာ။ သန်ကောင်တွေအားလုံးကို စစ်ရေးပစ်မှတ်လို့ ပြောပြီးသားဘဲလေ၊ သေချင် ကောက်ကြပေါ့။ သန်ကောင်ကနေ သေကောင် ဖြစ်သွားနိုင်တာဘဲ။
စကားမစပ် ဇော်မဲလုံးတူ မုဒိမ်းကောင် ငတ်ကြီးကျချက်တော့ သေရေးရှင်ရေး ပြေးနေတာတောင် ကျောက်စိမ်းလက်ကောက်နဲ့ ကျောက်စိမ်းတုံးလေး လက်က မလွှတ်ဘူး။ အဲဘက်မှာ တခြားစစ်ဗိုလ်တွေဆို KTVမှာ အမြှီးနှန့်ရင်း သေရတာ၊ သူ့ကျမှ ခွေးသေ ဝက်သေ၊ အင်းလေ အဲလိုဘဲ သေထိုက်တာကိုး။ လူသတ် လုယက် မုဒိမ်းကျင့် ဆေးချ အကုသိုလ်မကောင်းမှုတွေက လေးလွန်းလို့ မြေကြီးက ဆက်မထမ်းထားနိုင်တဲ့ ကောင်စားတွေ မဟုတ်လား။ စကားမစပ် သူ့အလောင်းများ ကန်တော့တဲ့ စစ်သား၊ အဲလေ ကန်ပစ်တဲ့စစ်သား ရှိသေးလား။
အေးလေ စစ်တပ်ဆိုသည်မှာလဲ ဘိန်းသမား၊ ဆေးသမား၊ မုဒိမ်းကောင်နဲ့ လူသတ်သမား၊ သူခိုး၊ ဓါးပြ အကျင့်စာရိတ္တ တွင်းဆုံးကျတွေချည်းစုထားတာမဟုတ်လား။ သူတို့မို့မိလိုက်ရင် ဆေးပြားနဲ့ ဘိန်းဖြူနဲ့ ခိုးရာပါ တိုက်ရာပါ လက်ဝတ်ရတနာတွေနဲ့။
ပင်လည်ဘူး သိမ်းတော့ ဘိန်းဖြူတွေ အများကြီးမိတယ်။ အဲဒီတနယ်လုံး ဘိန်းသမားတွေဖြစ်အောင် လုပ်ထားတာ ကြာပလေ။ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ဟုမ္မလင်းကနေ ပူတာအိုထိ ဘိန်းသမားတွေ များလွန်းလို့ အပ်အတူသုံးရာက ကူးစက်နေတဲ့ HIV ပိုးပျံ့နှံ့မှုတောင် ဘယ်လိုထိန်းရမှန်း မသိတဲ့ နေရာတွေပေါ့။ PDF တွေကဘဲ ဘိန်းတိုက်ဖျက်နိုင်မှာ။ ဘိန်းတိုက်ဖျက်နိုင်မှ HIVကူးစက်နှုန်း ကျမှာ။ ခုလို ဆေးထိုးအပ် ရှားပါးတဲ့ကာလမှာ ဘယ်လောက် ဆိုးဝါးနေမလဲတွေးသာကြည့်။ ဒီတော်လှန်ရေးဟာ နယ်ခြားစောင့်တပ်တွေ ပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်အုပ်စုပူးပေါင်းပြီး စနစ်တကျ ခွင့်ပြုထုတ်လုပ်ဖြန့်ချီထားတဲ့ ဘိန်းဖြူနဲ့ဆေးပြားတိုက်ဖျက်ရေးပါ တွဲလုပ်ရမယ့်တော်လှန်ရေးဖြစ်ပါတယ်။ မဟုတ်ရင် ဒါတွေဟာ ဧရာမဝန်ထုပ်ဝန်ပိုးကြီးဖြစ်လာမှာပါဘဲ။ ၈၈ ဖြစ်ပြီးကတည်းက စစ်တပ်က ရဲနေရာပါ ဝင်ယူပြီး ပညာရေးနဲ့ ကျန်းမာရေးမှာ ဘတ်ဂျက်ကောင်းကောင်းမသုံးဘဲ စစ်တပ်ထဲ မရောက်တဲ့လူငယ်တွေကို အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး အပြာကားတွေနဲ့ စနစ်တကျ ဖျက်ဆီးတဲ့ စီမံကိန်းတွေ ချမှတ်လုပ်ဆောင်လာခဲ့တဲ့ဒဏ်တွေ တပါတည်းဖြေနိုင်မှ တိုင်းပြည်ထူထောင်ရေး ရှေ့ခရီးအဆင်ပြေမှာပါ။ ဒီစီမံကိန်းတွေဟာ အပြည်ပြည်ဆိုင်ရာထေရဝါဒသာသနာပြုတက္ကသိုလ်ပါချုပ်ဆရာတော် ဦးဆေကိန္ဒရဲ့ လက်ဝဲရံ လက်ယာရံတွေတောင် သူ့ရဲ့ဓမ္မဒူတကားတွေနဲ့ ဆေးပြားကူးကြတဲ့အထိ ခရီးရောက်ခဲ့တာ မဟုတ်လား။ ခုတော့ သူရှူးသူ့ပတ် တပ်တနွယ်လုံး ဆေးပြားသုံးတဲ့ဘဝ ရောက်သွားတော့တာဘဲလေ။ ဆေးကြောင်ပြီး ကိုယ့်မိန်းမကိုယ် လွှနဲ့ တိုက်ဖြတ်ပစ်တဲ့ စစ်ဗိုလ်တွေထိ ပေါ်လာတာကြည့်ပေါ့။ ခုဆို ပအိုဝ်းပြည်သူ့စစ်တောင် မင်းတို့ ဆေးပြားအဝသုံးချင်ရင် စစ်သင်တန်းတက်ဆိုပြီး ဆွဲဆောင်နေရတဲ့အဆင့်။ တိုင်းပြည်ဟာ ဆေးပြားကို အရူးအမူး စစ်တိုက်ဖို့အထိ သုံးနေရတဲ့အခြေအနေ ဆိုက်လာပြီလေ။ နာဠာဂီရိဆင်ကို အရက်ကိုးမောင်းတိုက်ပြီး ဘုရားကို လုပ်ကြံခိုင်းတဲ့အကွက်ပေါ့။ ဆေးပြားမပါဘဲ ကိုယ့်ဆွေကိုယ့်မျိုးကို ပြန်သတ်ဖြတ်နှိမ်နင်းဖို့ ဘယ်လွယ်မလဲ။ ကိုယ့်ပြည်သူကို သိသိနဲ့ဒုက္ခပေး ညစ်ပတ် ညှင်းပမ်းနှိပ်ကွပ်သတ်ဖြတ်ဖို့က သေချာဆိုက်ဝါးလုပ်ချိန်ရထားတဲ့သူတွေက ဆေးပြားသုံးထားတဲ့သူတွေကို ဦးဆောင်မှရမှာ မဟုတ်လား။ အမြင်မှားတွေ ချမှတ်ပေးတဲ့ လမ်းကြောင်းမှာ အသိမှားက အသိမဲ့ကို ဦးဆောင်ခိုင်းတာပေါ့လေ။ ဒါ့ကြောင့်သာ လွယ်လွယ်သတ်၊ လွယ်လွယ်မီးတိုက် မိုက်ချင်တိုင်း မိုက်နေတာပေါ့။ ဒီတပ်နဲ့ ဒီပြည် မပျက် ဘယ်တပ်နဲ့ ဘယ်ပြည် ပျက်မလဲ။ ဆေးပြားလမ်းကြောင်း ဘိန်းဖြူလမ်းကြောင်းတွေပါ မတိုက်ခိုက် မဖျက်ဆီး မဟန့်တားနိုင်ရင် ကိုယ့်အချင်းချင်း မျက်နှာချင်းဆိုင် ဗျင်းရမယ့်အခြေ ဆိုက်လာမှာပါ။ ဒါဟာ စစ်တပ်ရဲ့ တိုင်းပြည်အလုံးစုံဖျက်ဆီးရေးလုပ်ဆောင်ချက်ပါ။ ငါတို့နဲ့အတူ ပျက်ပြုန်းပျောက်ဆုံးရမယ်ပေါ့လေ။
ခုဆိုရင် မြို့တွေမှာ နေ့စဉ်နဲ့အမျှ ခိုးမှုနဲ့ ဓားပြမှုကြီးပါဘဲ။ အဲဒါတွေက လက်သပ်မွေးထားတဲ့ ခိုးဆိုးလုယက်တွေနဲ့ ခွေးသုံးခွေးက ကျူးလွန်တာမို့ ဘယ်သူ့မှတိုင်လို့ ခုခံလို့လဲ မရပါဘူး။ လူရော ပစ္စည်းရော ဗြောင်တောင်း ဗြောင်ပြန်ပေးဆွဲတဲ့ ဗြောင်အနုကြမ်းရန်ကို ကြောက်ရသလို အမှောင်ချောင်းနေတဲ့ ဓားပြရန်နဲ့ နေ့ခင်းကြောင်တောင် ဗြောင်ခိုးနေတဲ့ သူခိုးရန်ကလည်း ရှိပါသေးတယ်။ ကျီးလန့်စာစား ဆေးပြားတိုင်းပြည်လေ။
အဲသလို အခြေအနေမှာ အခွန်နှစ်ထပ်နဲ့ မြို့ပေါ် နေရစ်တာကိုပဲ၊ သားသမီးကျောင်းထားတာကိုပဲ အပြစ်ရှိသလို ပြောဆိုသတ်မှတ်တဲ့ အူကြောင်ကြားဒဏ်ကိုလဲ ခံရသေးတယ်။ ကိုယ် လုပ်နေတာမှ နိုင်ငံရေး၊ ကိုယ် နေတာကမှ တော်လှန်ရာအရပ်လို့ သတ်မှတ်ချင်သူတွေ ဘေးပေါ့။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar