ylliX - Online Advertising Network
ကမ္ဘာ့တိုက်ကြီး နှစ်တိုက်ကြား လမ်းလျှောက်နိုင်သည့် Þingvellir National Park

ကမ္ဘာ့တိုက်ကြီး နှစ်တိုက်ကြား လမ်းလျှောက်နိုင်သည့် Þingvellir National Park


ဥရောပကျွန်းနိုင်ငံတစ်ခုဖြစ်သည့် အိုက်စလန်နိုင်ငံသည် မီးတောင်၊ ရေခဲမြစ်၊ ရေပူစမ်း၊ ရေခဲဂူစသည့် ထူးခြားဆန်းပြားသည့် ဘူမိဗေဒများရှိရာ နိုင်ငံတစ်ခုဖြစ်သည်။ အိုက်စလန်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများ အသွားအများဆုံး ခရီးလမ်းမှာ မြို့တော်ရေခဗစ်မှ နေ့ချင်းပြန်သွားရောက်ရသည့် ရွှေစက်ဝိုင်း (Golden Circle) အမည်ရှိ ခရီးလမ်းဖြစ်သည်။ ရေခဗစ်မှ အစပြုကာ စက်ဝိုင်းပုံသဏ္ဏာန် လမ်းကြောင်းတွင်း တည်ရှိနေသည့် နေရာများကို သွားရောက်လည်ပတ်ခြင်းဖြစ်သောကြောင့် Golden Circle ဟု ခေါ်ခြင်းဖြစ်သည်။ စာရေးသူတို့ အိုက်စလန်နိုင်ငံသွားရောက်လည်ပတ်ခဲ့တုန်းက ထို Golden Circle လမ်းကြောင်းသို့ သွားရောက်ခဲ့ပါသည်။

Golden Circle လမ်းတစ်လျှောက်တွင် ကြီးမားလှပသည့် Gullfoss ရေတံခွန်ကြီး၊ Þingvellir အမျိုးသားသဘာဝဥယျာဉ်၊ Geysir ရေပူစမ်းများနှင့် မီးတောင်ဟောင်းအပေါက်ဝတို့ရှိပါသည်။ Golden Circle လမ်းကြောင်းအတွင်း အရင်ဆုံးရောက်သည့် Þingvellir အမျိုးသားသဘာဝဥယျာဉ်သည် အိုက်စလန်၏ ထူးခြားလှသည့် ဘူမိဗေဒများရှိရာနေရာဖြစ်သည်။ ထို့ပြင် နိုင်ငံ၏ အဓိကသမိုင်းဝင်အလှည့်အပြောင်း အားလုံးနီးပါး ပြုလုပ်ခဲ့သည့်နေရာဖြစ်သည်။

Þingvellir အမျိုးသားဥယျာဉ်ကို လာရောက်လည်ပတ်သူများ သတိပြုမိသည့် ပထမဆုံးအရာမှာ ၎င်း၏ လှပသော အလှတရားဖြစ်သည်။ ရေညှိများ ဖုံးလွှမ်းထားသော ချော်ခဲများ၊ လျှိုမြောင်များ၊ ချောက်ကမ်းပါးများ၊ ရေအိုင်များဖြင့် သာယာလှပါသည်။ ထူးဆန်းသော မြေမျက်နှာသွင်ပြင်များကြောင့် ကမ္ဘာကျော် Game of Thrones ရုပ်ရှင်ဇာတ်လမ်းတွဲ၏ ရိုက်ကွင်းတစ်နေရာ ဖြစ်လို့နေပါသည်။

Þingvellir အမျိုးသားသဘာဝဥယျာဉ်သည် ကမ္ဘာ့ကျောက်ထုလွှာနှစ်ခု မြေမျက်နှာပြင်ပေါ်မှာ ဆုံတွေ့ခြင်းကို တွေ့မြင်နိုင်သည့် ကမ္ဘာ့နှစ်ခုတည်းသောနေရာအနက် တစ်ခုဖြစ်သည်။ နောက်တစ်နေရာမှာမူ အာဖရိကတွင် ရှိပါသည်။။ မြောက်အမေရိကတိုက်နှင့် အာရှ-ဥရောပတိုက် (Eurasian)ကျောက်ထုလွှာများက Þingvellir အမျိုးသားသဘာဝဥယျာဉ်မှာ တွေ့ဆုံနေကြပါသည်။ ထိုကျောက်လွှာထုများသည် တစ်နှစ်ကို ၂ စင်တီမီတာလောက် ကွဲထွက်လျှက်ရှိပြီး ကျောက်ထုလွှာနှစ်ခုကြား အကွဲအပြဲတွင် လမ်းလျှောက်ရသည်မှာ ထူးခြားလှပါသည်။

Þingvellir အမျိုးသားဥယျာဉ်သည် အိုက်စလန်နို်င်ငံရှိ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ သုံးခုအနက် တစ်ခုဖြစ်သည်။ Þingvellir ဟူသောအမည်သည် “Assembly Plains” ဟုအဓိပ္ပာယ်ရပြီး ထိုနေရာသည် အိုက်စလန်၏သမိုင်းကြောင်းကို ကိုယ်စားပြုသည်။ အိုက်စလန်၏ ပထမဆုံးလွှတ်တော်ကို အေဒီ ၉၃၀ ခုနှစ်တွင် Þingvellir အမျိုးသားသဘာဝဥယျာဉ်မှာ စတင်တည်ထောင်ခဲ့ပြီး ၎င်းသည်ကမ္ဘာတစ်ဝှမ်းတွင် ခုထိလည်ပတ်နေသော ကမ္ဘာ့ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံလွှတ်တော်ဖြစ်သည်။ အိုက်စလန်သမိုင်း၏ အရေးပါသော အဖြစ်အပျက်များစွာသည် ထိုနေရာတွင် ဖြစ်ပျက်ခဲ့သဖြင့် အိုက်စလန်နိုင်ငံသားများက ၎င်းကို နိုင်ငံ၏မွေးရပ်မြေဟု သတ်မှတ်ကြပါသည်။

ခရီးသည်များအနေဖြင့် ထိုနေရာသို့ သမိုင်းကြောင်းနှင့် ပထဝီမြေအနေအထားကြောင့်သာ လာလည်ကြခြင်းမဟုတ်ဘဲ ရေငုပ်ရန်အတွက်ပါ လာလည်ကြပါသည်။ ကျောက်လွှာထုများ ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသည့် လျှိုမြောင်များသည် Langjökull ရေခဲမြစ်မှ အရည်ပျော်ကျသော ရေများဖြင့် ပြည့်နေပါသည်။ ရေများက သန့်ရှင်းကြည်လင်လှသဖြင့် ရေအောက်သို့အနက် မီတာ ၁၀၀ ကျော်အထိ မြင်နိုင်စွမ်း ရှိပါသည်။ လျှိုမြောင်များအနက် နာမည်အကြီးဆုံးနှင့် ရေငုပ်လို့ရသည့် တစ်ခုတည်းသော လျှိုမြောင်မှာ Silfra လျှိုမြောင်ဖြစ်သည်။ ရေသည် ကြည်လင်အေးမြပြီး ရေအပူချိန်မှာ တစ်နှစ်ပတ်လုံး နှစ်ဒီဂရီစင်တီဂရိတ်ဖြစ်နေပါသည်။ Silfra လျှိုမြောင်၏ထူးခြားမှုကြောင့် ကမ္ဘာ့ထိပ်တန်းရေငုပ်နေရာ ငါးခုစာရင်းတွင် ပါဝင်လေ့ရှိပေသည်။

Þingvellir အမျိုးသားဥယျာဉ် တောင်ဘက်ကပ်ရပ်တွင် Thingvallavatn အမည်ရှိ အိုက်စလန်နိုင်ငံ၏ အကြီးဆုံးသဘာဝရေကန်ရှိပါသည်။ နွေရာသီမှာ ရေကန်တဝိုက်သာယာသဖြင့် ရေကန်စပ်မှာ တဲထိုးပြီး အပန်းဖြေကြ၊ ငါးမျှားလေ့ရှိကြသည်။ ယင်းနေရာများအပြင် ရေများပြည့်နေသည့် Peningjagjá လျှိုမြောင်၊ ကြားထဲလမ်းလျှောက်နိုင်သည့် Almannagjá အက်ကွဲကြောင်း၊ Drekkingarhylur ရေကန်၊ Oxara မြစ်တို့လည်းရှိပါသည်။ ဥယျာဉ်၏ ထူးဆန်းသည့် ဘူမိဗေဒသဘာဝကို ပိုမို လေ့လာလိုသူများအဖို့ ဥယျာဉ်ထဲရှိ Visitor Center မှာ သွားရောက်လေ့လာနိုင်ပါသည်။ ဥယျာဉ်သည် ၂၄ နာရီပတ်လုံး အမြဲဖွင့်ကာ ဝင်ကြေးပေးစရာမလိုပါ။

ဒေါက်တာနုမြတ်သိင်္ဂ ီဦး



Source link

Leave a Reply

Your email address will not be published. Required fields are marked *