ylliX - Online Advertising Network
ထိုင်းနိုင်ငံတွင် မြန်မာကျောင်းသားကလေးငယ် ဆယ်နှင့်ချီ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရပြီး ကျူးလွန်သည့် ကျောင်းဆရာကို ဖမ်းဆီး

ထိုင်းနိုင်ငံတွင် မြန်မာကျောင်းသားကလေးငယ် ဆယ်နှင့်ချီ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရပြီး ကျူးလွန်သည့် ကျောင်းဆရာကို ဖမ်းဆီး


၂၈.၁၁.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံတွင် မြန်မာကျောင်းသားကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှု ဖြစ်ပွားခဲ့သည့်အတွက် ကျူးလွန်သူ ထိုင်းနိုင်ငံသားကျောင်းဆရာတစ်ဦးအား ဖမ်းဆီးထားကြောင်း ထိုင်းဒေသတွင်း သတင်းများက ဖော်ပြထားသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများဖြစ်ကြသော မြန်မာကျောင်းသားကလေးငယ် ၁၇ ဦး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရသောကြောင့် ကျောင်းသားမိဘ၊ အုပ်ထိန်းသူများက ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်တွင် စွမ်ဖန်ရဲစခန်းသို့ သွားရောက်၍ တိုင်ကြားခဲ့ကြကြောင်း သိရသည်။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံခဲ့ရသူများမှာ အသက် ၉ နှစ်မှ အသက် ၁၄ နှစ်ကြားအရွယ်ရှိ ကျောင်းသား ကျောင်းသူများဖြစ်ကြောင်း၊ အများစုမှာ ထိုင်းနိုင်ငံတွင်း ခိုလှုံလာကြသည့် ကရင်တိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။

ယင်းကျောင်းမှာ ထိုင်းနိုင်ငံ၊ လာ့ခ်ျဘူရီခရိုင်၊ စွမ်ဖန် (Suan Phueng ) မြို့နယ်တွင်တည်ရှိပြီး ထိုင်းနိုင်ငံအစိုးရစာသင်ကျောင်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

ဖြစ်စဉ်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာတွင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ပြုမူသူမှာ အသက် ၃၀ အရွယ် “ဆရာတွေ့”ဆိုသည့် ထိုင်းနိုင်ငံသား ကျောင်းဆရာဖြစ်ကြောင်း၊ ယင်းကျောင်းဆရာက ကျောင်းသားငယ်များအား စာသင်ကျောင်းရှိ သူ၏နားနေခန်း၊ အိမ်သာဆောင်တို့ကို ခေါ်ယူ၍ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါကျောင်းဆရာမှာ စာသင်ကျောင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ၂ နှစ်အတွင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရသည့် ကျောက်းသားပေါင်း ၄၀ ကျော် ရှိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ဖော်ထုတ်ချက်ကို ကိုးကား၍ ထိုင်းဒေသတွင်းသတင်းများက ဖော်ပြထားသည်။

ကျောင်းဆရာက ၎င်းအနေဖြင့် ကလေးငယ်များအား မြင်သည့်အခါ သူ၏လိင်စိတ်ကို မထိန်းနိုင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့တွင် ထွက်ဆိုထားပြီး ယခုအခါ ဖမ်းဆီးချုပ်နှောင်ထားကာ ထိုင်းနိုင်ငံ ဥပဒေအတိုင်း အရေးယူရန် လုပ်ဆောင်ထားကြောင်း ဒေသတွင်းသတင်းများက ဖော်ပြကြသည်။

ထိုင်းရဲတပ်ဖွဲ့က နစ်နာသူ ကျောင်းသားများအား လိုအပ်သည့် ကျန်းမာရေးအတွက် စိတ်ကျန်းမာရေးဆရာဝန်များဖြင့် စစ်ဆေးမှုများကိုပါ ပြုလုပ်နေကြောင်းလည်း သိရသည်။

Sources-thaipbs – mgronline – nationtv – ch7



Source link

Leave a Reply

Your email address will not be published. Required fields are marked *