ylliX - Online Advertising Network
လင်းနွေးအိမ် - မြန်မာပြည်က အော်သံများ

လင်းနွေးအိမ် – မြန်မာပြည်က အော်သံများ


(မိုးမခ) နိုဝင်ဘာ ၂၇ ၊ ၂၀၂၄

အရှေ့ အနောက် တောင် မြောက် ဝဲ ယာ

မြန်မာပြည်က အော်သံများ 

ကျနော် ကြားတယ်။

လူငယ်တွေရဲ့ အော်သံတွေ

အိမ်ရှင်မတွေနဲ့ အိမ်ထောင်ဦးစီးတွေရဲ့ အော်သံတွေ

ကျနော် ကြားတယ်။

အညှော်နံ့ရနေတဲ့ 

စစ်ကိုင်းဘက်က အော်သံတွေ။

တာလဘောလို ရှိသမျှ ရောသမထားရတဲ့ 

ကရင်ဘက်က အော်သံတွေ။

မြေတွင်းထဲ အောင်းနေရတဲ့ 

ပုရွက်ဆိတ်တွေလို 

ကရင်နီဘက်က အော်သံတွေ။

အစပ်များလွန်းတဲ့ 

ရခိုင်ဘက်က အော်သံတွေ။

ဧရာဝတီရဲ့ မြစ်ညှာတွဲမပြုတ်အောင် 

တုတ်ထောက်ထားရတဲ့ 

ကချင်ဘက်က အော်သံတွေ။

တို့ဟူးလို အကျိုခံထားရတဲ့ 

ရှမ်းမြောက်ဘက်က အော်သံတွေ။

တောင်အောက်ရောက်နေတဲ့ တိမ်တွေလို 

ချင်းတောင်ဘက်က အော်သံတွေ။

နောက်ထပ် ပါတော်မူမယ့် 

သီပေါမင်းသစ်ကို စောင့်နေတဲ့ 

မန္တလေးက အော်သံတွေ။

ပင်လယ်လှိုင်းတွေကြားက 

တနင်္သာရီအော်သံတွေ။

တုံးအောက်က ဖားခုံညင်းလို 

တောင့်ခံနေရတဲ့ 

ရန်ကုန်ဘက်ကအော်သံတွေ။

ရေနစ်နေတဲ့ စပါးခင်းလို

ဧရာဝတီဘက်က အော်သံတွေ။

ရိုးမရဲ့ ပဲ့တင်သံလို 

ပဲခူးဘက်က အော်သံတွေ။

မြေကြီးထဲက အပူငွေ့ထွက်နေတဲ့ 

မကွေးဘက်က အော်သံတွေ။

မုတ္တမပင်လယ်ကွေ့ထဲမှာ လှိုင်းကြောက်နေတဲ့ 

မွန်ဘက်က အော်သံတွေ

ကျနော် ကြားတယ်။

ကျနော် ကြားသလို 

ကမ္ဘာကြီး ကြားပါစေ။

ကျနော် ကြားသလို 

စကြဝဠာကြီး ကြားပါစေ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *