(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၂၄
အမေရိကန် သမ္မတအပြောင်းအလဲနဲ့ မြန်မာ့အရေး
၄ နှစ်တကြိမ် သမ္မတကို တိုက်ရိုက်ရွေးကောက်တဲ့ အမေရိကန်နိုင်ငံ ရဲ့ ရွေးကောက်ပွဲက မြန်မာ့အရေးအပေါ် ဘယ်လောက် သက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။ အမေရိကန် သမ္မတ အပြောင်းအလဲက ကမ္ဘာ့အရေးကိစ္စတွေ အပေါ် သက်ရောက်မှုတွေ အများအပြားရှိစေမှာ ဖြစ်သလို မြန်မာနိုင်ငံ အပေါ် မှာလည်း အကျိုးသက်ရောက်မှု အတိုင်းအတာ တစုံတရာအထိ ရှိလာမယ် ဆိုတာကိုတော့ ယေဘုယျအားဖြင့် အငြင်းပွားစရာ မရှိကြပါဘူး။ ဘယ်လို အကျိုးသက်ရောက်မှာလဲ၊ ဖက်ဒရယ်ဒီမိုကရေစီ အရေး လက်နက်ကိုင်တော်လှန်ရေး အပေါ် သက်ရောက်မှု ရှိမလား သို့မဟုတ် နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး ဖိနှိပ်မှုကြောင့် တတိယနိုင်ငံလို့ခေါ်တဲ့ အမေရိကန်ကို ပြောင်းရွှေ့အခြေချလိုသူတွေ အပေါ် သက်ရောက်မှု စသဖြင့် မတူတဲ့ နယ်ပယ် အကြောင်းရင်းတွေ အပေါ် သက်ရောက်မှုတွေ ရှိကြမယ်လို့ ဆိုရင် ပိုတိကျမယ်လို့ ထင်ပါတယ်။
ပထမ အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရန့် ရဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပတ်သက်တဲ့ မူဝါဒ၊ လက်တွေ့ ကျင့်သုံးမှုတွေက အမေရိကန်ပြည်ထောင်စုကို ရောက်ရှိကာစ နဲ့ သွားရောက်ဖို့ ပြင်ဆင်လုပ်ဆောင် နေကြတဲ့ မြန်မာနိုင်ငံမှာ မွေးဖွားသူတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ နယ်စပ်ဒေသက ဒုက္ခသည်စခန်းတွေမှာ နှစ်ရှည်လများနေထိုင်ပြီး အမေရိကန်ပြည်ထောင်စုမှာ ပြောင်းရွှေ့အခြေချဖို့ စာရင်းပေးသွင်းထားသူ၊ နိုင်ငံရေး အကြောင်းကြောင့် ပြည်တွင်းမှာ ဖမ်းဆီး နှိပ်စက်ခံရနိုင်ချေရှိသူတွေ၊ ဘာသာရေး ဖိနှိပ်မှုခံရသူတွေ၊ လူနည်းစုတွေအပေါ် ဖိနှိပ်ထားခြင်း ခံရတဲ့ လူနည်းစုဝင်တွေအများအပြားလည်း ထရန့် သမ္မတအာဏာ လွှဲပြောင်းယူပြီးနောက်မှာ ဥပဒေ၊ အမိန့်တွေ ပြင်ဆင်တာ ပြောင်းလဲတာ အသစ်ထပ်တိုးတာတွေ လုပ်လာနိုင်ခြေရှိတာကြောင့် အရေအတွက် လျှော့ချတာ၊ နှောင့်နှေးတာတွေ ဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့ ဆိုနိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စုဆီ ခိုလှုံဖို့ စာရင်းပေးသွင်း လျှောက်ထားကြရာမှာ ထရန့် အာဏာလွှဲပြောင်း ယူပြီးနောက်မှာ အမေရိကန်ပြည်ထောင်စုကို တရားဝင်ရော တရားမဝင်ပါ ပြောင်းရွှေ့ အခြေချမယ့်သူတွေ အရေးကို မူဝါဒ တင်းတင်းကြပ်ကြပ်ကိုင်တွယ်လိမ့်မယ်လို့ အားလုံးက ခန့်မှန်းထားကြပါတယ်။ မြန်မာနိုင်ငံက လာရောက်သူတွေ အပေါ် အဓိက လုပ်ဆောင်တာမဟုတ်သော်လည်း မြန်မာနိုင်ငံက လာရောက်တာ ဖြစ်လို့လည်း ချွင်းချက်ရမယ့် သဘောမဟုတ်ဘူးလို့ဆိုရမှာဖြစ်ပါတယ်။ ဒီလို မြန်မာနိုင်ငံဖွား ရွှေ့ပြောင်း အခြေချသူတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေက လူသားချင်းစာနာမှု အကူအညီဆိုင်ရာ ကိစ္စလို့သာ ဆိုရမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်ဖို့ အရေးနဲ့ တိုက်ရိုက်ဆက်စပ် နေတာမျိုးတော့ မဟုတ်ပါဘူး။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ နဲ့ NUG လို အမျိုးသားညီညွတ်ရေး အစိုးရတို့ရဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး တိုက်ပွဲဝင်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက သမ္မတ ဘိုင်ဒင်လက်ထက် မှာလည်း ငွေကြေး၊ လက်နက် အစရှိတာတွေ ကူညီတာမျိုး မရှိခဲ့သလို မကြာခင် သမ္မတ တာဝန်ယူမယ့် သမ္မတ ထရန့် လက်ထက်မှာလည်း အကူအညီပေးဖို့ အခွင့်အလမ်း ပိုနည်းပါးလာတဲ့ အနေအထားဖြစ်ပါတယ်။ ဘိုင်ဒင် အစိုးရလက်ထက်မှာ the Burma Act လို့ ခေါ်တဲ့ အမေရိကန်ရဲ့ ကာကွယ်ရေး အထူးရံပုံငွေထဲမှာ ထည့်ရေးဆွဲထားတဲ့ အပိုင်းကနေ အရပ်ဖက် အဖွဲ့အစည်းတွေကို အကူအညီနဲ့ လူသေစေနိုင်တဲ့ လက်နက်မဟုတ်တာတွေကို အကူအညီပေးနိုင်ဖို့ ထည့်သွင်းရေးဆွဲ အတည်ပြုခဲ့ပေမယ့် လက်တွေ့အားဖြင့် ဒိလောက်တော့ အကောင်အထည် မဖော်နိုင်ခဲ့တာတွေ့ရ မှာဖြစ်ပါတယ်။
အမေရိကန် သမ္မတအပြောင်းအလဲက မြန်မာ့နိုင်ငံရေး စစ်ရေးအပေါ် သက်ရောက်နိုင်ခြေ တခုက တရုတ်နိုင်ငံနဲ့ ဆက်နွယ်ပြီး ဖြစ်ပေါ်လာနိုင်ခြေ ဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန် တို့ အရှေ့အာရှ မှာ အားပြိုင်ရာမှာ မြန်မာနိုင်ငံက တဆင့်ခံအဖြစ်နဲ့ အားပြိုင်မှုထဲ ရောက်သွားတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အခုအချိန်ထိတော့ အဲဒီလိုအခြေအနေမျိုး ရှိမနေသေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ ပါဝင်ပတ်သက်နေပြီး ဖြစ်ပေမယ့် အခုလိုပါဝင်ပတ်သက်နေခြင်းက အမေရိကန်ပြည်ထောင်စု ရဲ့ ပါဝင်ပတ်သက်မှုကြောင့်ဆိုတာထက် နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံအနေနဲ့ ၄င်းနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဒေသက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ် ထိတွေ့ဆက်ဆံတာ၊ စည်းရုံးပြောဆိုမှု နဲ့ ဖိအားပေးမှုတွေ ရှိနေခဲ့တာ ဆယ်စုနှစ်များစွာကတည်းက အနေအထားလို့ ဆိုရမှာဖြစ်ပါတယ်။
ထရန့်ရဲ့ နိုင်ငံခြားရေး မူဝါဒက အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာ့အရေးကိစ္စတွေမှာ ဘိုင်ဒင်အစိုးရ သက်တမ်း ၄ နှစ်လို စစ်စရိတ် အများအပြားသုံးတာတွေကို ဖြတ်တောက်လျှော့ချမယ့် အလားအလာတွေ ရှိနေသလို စစ်စရိတ်တင်မဟုတ်ဘဲ USAID လို အရပ်ဖက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေ၊ လူသားချင်းစာနာမှု အကူအညီပေးတဲ့ ပမာဏတွေကိုပါ လျှော့ချမယ့် အလားအလာရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတောင် မြန်မာပြည်လို ဖွံဖြိုးဆဲနိုင်ငံတွေက ပြည်ပကျောင်းသားတွေကို အမေရိကန်မှာ လာရောက်ပညာသင်ခွင့်ရဖို့ – ပညာသင်ထောက်ပံ့ကြေးတွေ၊ ပညာသင်ဆုတွေ ပေးအပ်တဲ့ ဘတ်ဂျက်တွေကို ဖြတ်တောက်ပစ်ဖို့ ပြောဆိုဆွေးနွေးချက်တွေ သတင်းထဲမှာ စတင်ဖတ်ရှုနေရပါပြီ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ပေါ်ထွက်လာတဲ့ NUCC, NUG (အမျိုးသားညီညွတ်ရေးအစိုးရ) နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို အမေရိကန်ပြည်ထောင်စုက စိတ်ဓာတ်ရေးအရ အကူအညီပေးတာ၊ အဆိုပါအဖွဲ့အစည်းအချို့မှာ ပါဝင်လုပ်ကိုင်နေသူတွေကို အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ခွင့်ပေးထားတာတွေ ရှိပေမယ့် လက်နက်ကိုင် လမ်းစဥ်ကို တိတိလင်းလင်းရော နောက်ကွယ်ကပါ အားပေးထောက်ခံခြင်း မရှိပါဘူး။ အခုချိန်မှာ ဘိုင်ဒင်ပေါ်လစီကနေ ထရန့်ပေါ်လစီ အပြောင်းအရွှေ့မှာ မြန်မာအရေးလှုပ်ရှားသူတွေ လှုံ့ဆော်သူတွေက အခွင့်အလမ်းကောင်းတခုအဖြစ် ကိုင်ဆုပ်ကြဖို့ စဉ်းစားနေကြတာက တရုတ်နဲ့ အမေရိကန်၏ အားပြိုင်မှုမှာ မြန်မာအရေးကို အနောက်အုပ်စုတွေက လက်ကိုင်ကြပြုဖို့ တိုက်တွန်းပေးနိုင်ရေး ဖြစ်ပါတယ်။ မြန်မာတွေကို အကူအညီချည်းသက်သက် ထောက်ပံ့မှုသက်သက်ချည်း ပေးပြီး ဘာမှ ပြန်မရနိုင်ဘူး ဆိုတာထက် အရှေ့တောင်အာရှမှာ တရုတ်နဲ့ အပေါင်းအပါတွေကို ကန့်သတ်ထားနိုင်ဖို့ မြန်မာပြည်အရေးဟာ အရေးပါတဲ့ ကစားကဒ်တခု ဖြစ်လာမလား ဆိုတာပါပဲ။
မည်သို့ပင်ဖြစ်စေကာမူ မြန်မာပြည်တွင်းရေးသည် မြန်မာပြည်တွင်းက အင်အားနဲ့ပဲ ဆက်ပြီး ချီတက်ကြဖို့ သင်ခန်းစာနဲ့ အတွေ့အကြုံတွေ ဖြတ်သန်းမှုတွေကတော့ နွေဦးတော်လှန်ရေး၏ ကာယံကံရှင်များကိုယ်တိုင်က သိရှိရိပ်မိပြီးသား ဖြစ်မှာပါ။ မြန်မာပြည်တွင်းက အင်အားနဲ့ မြန်မာပြည်ပက မြန်မာအင်အားစုတွေ ဟန်ချက်ညီတဲ့ လှုပ်ရှားမှုတွေကို မိမိတို့ဘာသာ ဆုံးဖြတ်ကြ ခြေလှမ်းကြမည်ဟု မျှော်လင့်မိပါကြောင်း။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar