ylliX - Online Advertising Network
မြန်မာ့ပြည်တွင်းရေး မစွက်ဖက်ရန် တရုတ်ကို တောင်ကိုရီးယားရောက် မြန်မာများ တောင်းဆို - BUR.MIZZIMA.COM

မြန်မာ့ပြည်တွင်းရေး မစွက်ဖက်ရန် တရုတ်ကို တောင်ကိုရီးယားရောက် မြန်မာများ တောင်းဆို – BUR.MIZZIMA.COM


ပုံအညွှန်း- တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဆန္ဒပြပွဲ မြင်ကွင်းများ

မဇ္ဈိမ

မြန်မာ့ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရန် တရုတ်အစိုးရကို တောင်ကိုရီးယားရောက် မြန်မာများက ယနေ့ (နိုဝင်ဘာလ ၂၄ ရက်) တွင် လမ်းလျှောက်ချီတက်ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများက ပြောသည်။

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ ဆိုးလ်မြို့၊ ဆိုးလ်ဘူတာရှေ့မှ တရုတ်သံရုံးအထိ လမ်းလျှောက်ချီတက်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်အစိုးရသည် ကိုးကန့်တပ် (MNDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကို တိုက်ပွဲများရပ်ရန် သတိပေးပြီးနောက် နယ်စပ်ဂိတ်များကို ပိတ်ထားခဲ့သည်။

တရုတ်အစိုးရဆန့်ကျင်ရှုတ်ချပွဲကို MFDMC နှင့် နွေဦးတော်လှန်ရေး သပိတ်အင်အားစု တောင်ကိုရီးယားရှိ မြန်မာနိုင်ငံသားများ၊ မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံသော ကိုရီးယား နိုင်ငံရေး၊ ဘာသာရေးအဖွဲ့အစည်းများမှ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး လူဦးရေ ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲမှတဆင့် တရုတ်သံရုံးအား အိတ်ဖွင့်ပေးစာများ ပေးပို့ခဲ့ကြရာ ထိုအိတ်ဖွင့်ပေးစာတွင် လူထုဆန္ဒကို လေးစားရန်နှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ကိုအသိအမှတ်ပြုရန်၊ NUG နှင့် နွေဦးတော်လှန်ရေး အင်အားစုများကို အသိအမှတ်ပြုရန်၊ စစ်ကောင်စီကို လေယာဉ်ဆီ ပိတ်ဆို့ရန်၊ ရွေးကောက်ပွဲကို အသိအမှတ် မပြုရန် တောင်းဆိုထားကြောင်း ဦးဆောင်ပါဝင်သူများက ပြောသည်။

ထို့ပြင် နယ်စပ်ကုန်သွယ်ရေးဂိတ်များအား ချွင်းချက်မရှိ ဖွင့်လှစ်ပေးရန်နှင့် အာဏာသိမ်း စစ်တပ်အား ခုခံတော်လှန်နေသော တော်လှန်ရေးအင်အားစုများ၏ တော်လှန်ရေး၊ စစ်ရေး အရှိန်အဟုန်ရပ်တန့်သွားစေရန် မလိုလားအပ်သော နိုင်ငံရေးနှင့်စစ်ရေးဖိအားများ၊ အနှောက်အယှက်များ မပြုလုပ်ရန်လည်း တောင်းဆိုထားကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို အိမ်နီးချင်း တရုတ်နိုင်ငံအနေဖြင့် ဝင်ရောက်စွက်ဖက်ခွင့်မရှိဟု အွန်လိုင်းမှ ပြုလုပ်သည့် “လူထုလှုပ်ရှားမှု ရက်သတ္တပတ်” အစီအစဉ် ပထမဆုံးနေ့ နိုဝင်ဘာ ၂၁ ရက် သုံးသပ်ဆွေးနွေးခန်းအတွင်း အမေးအဖြေကဏ္ဍ၌ တက်ရောက်လာသူတဦး​၏ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်ပြောခဲ့သည်။

စာတည်း။ ။ နောင်နောင်



Source link

Leave a Reply

Your email address will not be published. Required fields are marked *