(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၂၄
ကမ္ဘာ့အရေးနဲ့ မြန်မာ့အရေး
ကမ္ဘာကြီးမှာ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်ပိုင်း ဆိုဗီယက်ရုရှားနဲ့ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုတို့အကြား ဖြစ်ပွားခဲ့တဲ့ စစ်အေးတိုက်ပွဲလို့ခေါ်တဲ့ လက်နက်အပြိုင် သုတေသနပြု၊ ထုတ်လုပ်၊ ဖြန့်ကြက်ခင်းကျင်းကြပြီး ပြိုင်ဆိုင်ကြတဲ့ ဆယ်စုနှစ် ၄ ခုကျော်ကာလနောက်ပိုင်း အဆိုပါ စစ်လက်နက်တွေထဲက ထပ်မံပြုပြင်မွမ်းမံထားတဲ့ လက်နက်တချို့ ပထမဆုံး စတင်သုံးစွဲ တိုက်ခိုက်တဲ့ အခြေအနေကို ရောက်ရှိလာနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၆ ခု ၇ ခုကာလအတွင်း သုတေသနလုပ် ထုတ်လုပ်ခဲ့ပေမယ့် တကြိမ် တခါမျှ တကယ့်စစ်ပွဲတွေမှာ မသုံးခဲ့ကြဖူးတဲ့ ကီလိုမီတာ ရာချီရောက်နိုင်တဲ့ တာလတ်ပစ် ဒုံးလက်နက်တွေကို ထုတ်လုပ်တဲ့ အမေရိကန် နဲ့ ဗြိတိန်နိုင်ငံတို့က ယူကရိန်းကို အသုံးပြုခွင့်ပေးပြီး နောက်ရက်မှာပဲ ယူကရိန်းက ဒုံးလက်နက်နဲ့ ရုရှားနိုင်ငံထဲကို ပစ်ခတ်ခဲ့သလို ရုရှားဘက်ကလည်း ICBM လို့ ခေါ်တဲ့ ကုန်းမြေတွေတင်မက ပင်လယ်ခြားတဲ့ နိုင်ငံတွေအထိ ကီလိုမီတာ ထောင်ချီရောက်နိုင်တဲ့ ဒုံးကျည်မျိုး၊ အဏုမြူလက်နက်ထိပ်ဖူးတပ် ပစ်ရတဲ့ ဒုံးကျည်မျိုးနဲ့ ယူကရိန်းကို စတင်တိုက်ခိုက်ခဲ့တဲ့အထိ စစ်ပွဲမှာ သုံးတဲ့ လက်နက် အမျိုးအစားတွေရဲ့ ဖျက်ဆီးနိုင်စွမ်း၊ ရောက်နိုင်စွမ်း နောက်တဆင့်ဆီ တက်လှမ်းတဲ့ အခြေအနေ ရောက်ခဲ့ကြပါတယ်။
ယူကရိန်းဘက်ကို ထောက်ခံတဲ့ အနောက်နိုင်ငံတွေက စစ်လက်နက် အသစ်အဆန်းတွေ စတင်သုံးစွဲပြီး တိုက်ခိုက်လာချိန်၊ တတိယကမ္ဘာစစ် ဖြစ်နိုင်ခြေ ရှိသလားဆိုတဲ့ မေးခွန်းတွေနဲ့ သတင်းမီဒီယာတွေက ဆွေးနွေးပြောဆိုလာနေကြတဲ့အထိ ချဲ့တွေးမယ်ဆို တွေးနိုင်တဲ့ အနေအထားကို ကမ္ဘာကြီးက ရောက်လာနေတာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာလည်း အစ္စရေးလ်နဲ့ ဟားမားစ် ဖြစ်ပွားနေတဲ့ စစ်ပွဲကနေ လက်ဘနွန်ထဲ အခြေစိုက်တဲ့ ဟစ်ဇဘူလာ လက်နက်ကိုင် အဖွဲ့တွေနဲ့ အစ္စရေးလ်၊ တဖန် အီရန်နဲ့ အစ္စရေးလ် တဖြည်းဖြည်း ကျယ်ပြန့်လာနေတဲ့ အနေအထားတွေ ဖြစ်ပြီး ကမ္ဘာကြီးရဲ့ နေရာ ၂ နေရာလောက်မှာ ဒေသန္တရစစ်ပွဲအဆင့် တက်လှမ်းဖို့ အခြေအနေ အခင်းအကျင်း ဖြစ်နေတယ်လို့ဆိုရမှာပါ။
ဘာကြောင့် ဒီလို ကမ္ဘာ့အရေးက မြန်မာနဲ့ သက်ဆိုင်သလဲလို့မေးရင် ကမ္ဘာပေါ်က အင်အားကြီးနိုင်ငံတွေ၊ ရုရှား၊ ယူကရိန်း၊ အစ္စရေးလ် ၊ ပါလစ္စတိုင်းနဲ့ ဥရောပ နိုင်ငံအချို့က ဒေသတွင်း မှာ စစ်ပွဲတွေ ဖြစ်လာနိုင်ချေ အတွက် ခန့်မှန်းပြင်ဆင်မှု ကာကွယ်မှုတွေ လုပ်နေကြချိန်မှာ မြန်မာ့အရေးကို အာရုံစိုက်ဖို့ အလေးထားဖို့ အခွင့်အလမ်းက ပိုပြီးနည်းပါးလာနေတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။
ခုရက်ပိုင်းအတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ ဆွေးနွေးကြပြီး မူကြမ်းကို အတည်ပြုရာမှာ ရိုဟင်ဂျာ လူနည်းစု အရေးကိစ္စက အဓိက ဇောင်းပေးဖော်ပြထားပြီး လာမယ့်နှစ်ဆန်းမှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတခုလုပ်ဖို့ သဘောတူတဲ့အကြောင်း ပါရှိပြီး မြန်မာနိုင်ငံက စစ်ကောင်စီကို လေယာဥ်ဆီ ပိတ်ဆို့ရေးလို ကိစ္စမျိုး ကုလသမဂ္ဂရဲ့ ကြေညာချက်မှာ မပါရှိလို့ စိတ်ပျက်ရတယ်လို့ ကုလသံအမတ် ဦးကျော်မိုးထွန်းက ပြောဆိုကြောင်း သတင်းတွေမှာ ပါရှိပါတယ်။
ဒီအနေအထား အခင်းအကျင်းတွေကို ကြည့်တဲ့အခါ မကြာခင် လတွေ နှစ်တွေအတွင်း မြန်မာ့အရေးက နိုင်ငံတကာမှာ ရှေ့ကို ရောက်လာဖို့ ခက်ခဲနေဦးမယ့် အနေအထားလို့ဆိုနိုင်ပါတယ်။ အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေ အနေနဲ့ မြန်မာ့အရေးထက် ဥရောပက ရုရှားရဲ့ ခြိမ်းခြောက်မှုလိုမျိုး အရှေ့အလယ်ပိုင်းမှာ အစ္စရေးလ်ကို ထောက်ခံအားပေးဖို့ အရေးကိစ္စတွေနဲ့ ဗျာများနေကြမယ့် အခြေအနေမျိုးလို့ဆိုရင် မှားမယ် မထင်ပါဘူး။
မြန်မာ့အရေးက အထက်က ပြောခဲ့တဲ့ ကမ္ဘာ့အရေးကိစ္စကြီး ၂ ရပ်မှာ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိတဲ့ အရှေ့အာရှတင်မက ကမ္ဘာ့အဆင့် အင်အားကြီးနိုင်ငံ ဖြစ်လာနေတဲ့ တရုတ်နိုင်ငံရဲ့ အာရုံစိုက်မှုကိုသာ ခံရဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ် အရေးဆောင်ရွက်နေတဲ့ အင်အားစုတွေကို အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက ပြည့်ပြည့်ဝဝ ရပ်ခံ အားပေးမယ်လို့ ယူဆလို့ မရနိုင်တဲ့ အခြေအနေဖြစ်ပြီး စိတ်ဓာတ်ရေးအရ ထောက်ခံအားပေးမှုမျိုးသာ ရနိုင်တဲ့ အနေအထားလို့ဆိုရမှာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ မြန်မာနိုင်ငံထဲက အင်အားစုတွေနဲ့ နိုင်ငံပြင်ပရောက်နေတဲ့ ဒီမိုကရေစီ အရေး ဖက်ဒရယ်အရေး လှုပ်ရှားသူတွေ အနေနဲ့ မိမိတို့ အင်အားနဲ့ မိမိတို့ ကြိုးစားရမယ့် အနေအထားမျိုးဖြစ်ပြီး တရုတ်နိုင်ငံရဲ့ မူဝါဒ နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လမ်းကြောင်းမျိုးဆိုရင် အားပိုစိုက်ထုတ် ကြိုးစားရမယ့် အခြေအနေမျိုးလည်း ရောက်ရှိနေတာဖြစ်ပါတယ်။
မြန်မာ့အရေးမှာ ဗဟိုအာဏာ မပြိုလဲရေးအတွက် စစ်ကောင်စီကို ရပ်ခံပေးရဖို့ ဆုံးဖြတ်ထားတဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ၊ ဒေသတွင်း တည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခကိုလည်း ဆွေးနွေးညှိနှိုင်းခြင်းအားဖြင့် အဖြေရှာဖို့ ဆိုတဲ့ တိုက်တွန်းချက်တွေက ခုနှစ်လယ်လောက်ကစလို့ ကြားသိလာကြရတာ ဖြစ်ပါတယ်။
ဒီအနေအထားမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ PDF လို့ခေါ်တဲ့ အဖွဲ့တွေအကြား ဘုံသဘောတူညီမှု ၊ ဘုံပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလုပ်တာဝန်၊ ဘုံသဘောတူညီမှု အပြင် ရေရှည် ရည်မှန်းချက်တွေအရပါ တူညီတဲ့ ရည်မှန်းချက်တွေ ရှိကြဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar