အဆင့်မြင့်သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေပြီး နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာစေမည့် Naypyitaw State Polytechnic University အား နေပြည်တော်၌ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ်ရုပ်တုနှင့် Naypyitaw State Polytechnic University ဆိုင်းဘုတ်အား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဂုဏ်ပြု အမှာစကားပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပျူခေတ်၊ ပုဂံခေတ်မှ ခေတ်အဆက်ဆက်ထွန်းကားခဲ့သည့် မြန်မာ့အင်ဂျင်နီယာနှင့် ဗိသုကာပညာရပ်များ အပါအဝင် မြန်မာအင်ဂျင်နီယာများ၏ စွမ်းပကားကို အကျယ်တဝင့် ထည့်သွင်း ဂုဏ်ပြုပြောကြား ခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအင်ဂျင်နီယာ ပညာရေးသမိုင်းကြောင်းနှင့်ပတ်သက်၍လည်း အင်ဂျင်နီယာကျောင်းသားများ မွေးထုတ်ခြင်းနှင့် တက္ကသိုလ်များ တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ခြင်းများကို ထည့်သွင်းပြောကြားခဲ့သည်။
” လက်ရှိအချိန်မှာ နိုင်ငံတော်ကအားထားရတဲ့ အင်ဂျင်နီယာ၊ ဗိသုကာနဲ့ ကွန်ပျူတာပညာရှင်တွေကို အရည်အချင်းပြည့်မီစွာ မွေးထုတ်ပေးနိုင်ဖို့ Naypyitaw State Polytechnic University နဲ့ Polytechnic University (၇)ခု၊ နည်းပညာတက္ကသိုလ် (၂၇)ခု၊ ကွန်ပျူတာတက္ကသိုလ်(၁၉)ခု၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်(၁)ခု၊ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်(၁)ခု(စု စုပေါင်း အင်ဂျင်နီယာပညာရပ်သင်ကြားပို့ချပေးတဲ့ တက္ကသိုလ်(၅၆)ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့အတူ ယနေ့ဖွင့်လှစ်သည့် Naypyitaw State Polytechnic University နှင့်အတူ Polytechnic University (၅)ခုအား ကျိုင်းတုံမြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့တွင်လည်း တစ်ပြိုင်နက်တည်းဖွင့်လှစ်နိုင်ခဲ့သည်ဟု ပြောသည်။
Polytechnic University သည် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာပညာရပ်နှင့် အသုံးချသိပ္ပံ၊ စီးပွားရေး၊စီမံခန့်ခွဲမှုဆိုင်ရာအဆင့်မြင့်ပညာရပ်များကို ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန် သင်တန်းများ၊ သုတေသန လုပ်ငန်းများကိုပါ လက်တွေ့ကျကျလေ့ကျင့်သင်ကြားမှုများအပြင် လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြားပို့ ချပေးသည့် တက္ကသိုလ်တစ်ခုဖြစ်၍ တက္ကသိုလ်မှမွေးထုတ်ပေးလိုက်သည့် မျိုးဆက်သစ်အင် ဂျင်နီယာပညာရှင်များသည် ဒေသတွင်းနိုင်ငံများနှင့်ရင်ဘောင်တန်းနိုင်သော ပညာရှင်များဖြစ်လာစေရန် အဖက်ဖက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။
အဆိုပါ Naypyitaw State Polytechnic University ကို Smart University ဖြစ်လာစေရေး၊ နိုင်ငံတကာ ပိုလီတက္ကနစ်တက္ကသိုလ်များနည်းတူ အထူးပြုနယ်ပယ်ပေါင်းစုံနှင့် ဘွဲ့လွန်ဒီဂ ရီသင်တန်းများတိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံ့အ ကျိုးပြုသုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့အတွက် အဆင့်ဆင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။