(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၂၄
ရွေးကောက်ပွဲ နဲ့ ပြည်တွင်းစစ်
ကမ္ဘာ့နေရာ အချို့မှာလည်း ဒေသတွင်းစစ်ပွဲတွေက တဆင့် ကမ္ဘာစစ် ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ စစ်ပွဲဖြစ်လာရင် ဘယ်လို ရင်ဆိုင်ကြမလဲဆိုတဲ့ အစီအစဥ်တွေ ကြိုတင်ပြင်ဆင်နေကြတဲ့အထိ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့နောက် ကမ္ဘာစစ်နုတ်ခမ်းကို ပထမဆုံးအကြိမ် လျှောက်လှမ်းနေကြတဲ့ အနေအထားမျိုး ရောက်ရှိနေပါတယ်။ လက်နက်တွေ စစ်သည်တွေ ရွှေ့ပြောင်းနေရာချတာမျိုး အဆင့်မဟုတ်ပေမယ့် ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုတဲ့ စဥ်းစားမှု၊ ဖြစ်လာခဲ့ရင် ဘယ်လို အစီအစဥ်တွေ ချမှတ်ကြမလဲဆိုတဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးချမှတ်တဲ့ နိုင်ငံတွေ အနောက်ဥရောပမှာ ရှိလာနေတာ ကြားနေရတာ ဖြစ်ပါတယ်။
ယူကရိန်း-ရုရှားစစ်ပွဲက ဥရောပကို စစ်မီးတောက် ပျံ့နှံ့စေမလား ၊ နောက် စစ်မီးပြန့်နှံ့နိုင်စေတဲ့ နေရာတနေရာဖြစ်တဲ့ အရှေ့အလယ်ပိုင်း အစ္စရေးလ်-ပါလစ္စတိုင်း ဂါဇာ၊ လက်ဘနွန်ကနေ အခြားနိုင်ငံတွေနဲ့ အစ္စရေးလ်ကို အဓိက လက်နက်ထောက်ပံ့တဲ့ အမေရိကန် တဖက်မှာ အီရန် နဲ့ ရုရှားတို့လိုမျိုး တနွယ်ငင် တစင်ပါ စစ်ပွဲကျယ်ပြန့်လာမလားဆိုတဲ့ ပိုမိုကျယ်ပြန့်တဲ့ ဒေသန္တရ စစ်မီးတောက်လောင်နိုင်တဲ့ နေရာ ၂ နေရာရှိနေတာဖြစ်ပါတယ်။
အမေရိကန်ရွေးကောက်ပွဲ ကျင်းပပြီးလို့ သက်တမ်း ၂လသာ ကျန်တော့တဲ့ ဘိုင်ဒင် အစိုးရက ယူကရိန်းကို တာဝေးပစ်ဒုံးကျည် အသုံးချခွင့်ပေးလိုက်ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ယူကရိန်းက ခွင့်ပေးလိုက်တဲ့ တာဝေးပစ်ဒုံးကျည်တွေကို လက်တွေ့အသုံးချ တိုက်ခိုက်ခဲ့တာပါ။ ဒီလို ခွင့်ပြုမှုရဲ့ အကျိုးဆက်အဖြစ် ရုရှားဘက်ကလည်း အနုမြူ လက်နက်တွေကို အသုံးပြုခွင့်နဲ့ ပတ်သက်တဲ့ စည်းမျဥ်းသတ်မှတ်ချက်တွေကို ပြုပြင် သတ်မှတ်ခဲ့ပြီး အနုမြူလက်နက် အသုံးပြုနိုင်ခြေပိုမို နီးစပ်လာတဲ့ အနေအထားတွေဆီ ရောက်လာခဲ့ပါတယ်။
နော်ဝေ၊ ဆွီဒင်တို့လို စစ်ပွဲတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေမှာ ထောက်ခံပါဝင်ခြင်း မရှိတဲ့ မူဝါဒနဲ့ ဆယ်စုနှစ်များစွာ ရပ်တည်လာခဲ့တဲ့နိုင်ငံတွေက အခုအခါမှာ ရုရှားရဲ့ ကျူးကျော် တိုက်ခိုက်နိုင်ခြေကို တွက်ချက်ပြီး စစ်ဖြစ်ပွားလာခဲ့ရင် ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတဲ့ ပညာပေးမှုတွေ လုပ်ဆောင်နေကြတဲ့ အနေအထားကို ရောက်လာနေတာတွေ့ရပါတယ်။
ဒါတွေက ကမ္ဘာပေါ်က ဒေသအချို့ မှာ ဖြစ်ပျက်နေတဲ့ စစ်ပွဲနဲ့ နိုင်ငံရေး အားပြိုင်မှုတွေရဲ့ အခြေအနေ ဖြစ်ပြီး မြန်မာနိုင်ငံ အခြေအနေကို ပြန်ကြည့်ရင် နိုင်ငံရဲ့ နေရာအတော်များများမှာ ပြည်တွင်းစစ်မီး တောက်လောင်နေဆဲဖြစ်ပြီး ၃ နှစ်ကျော်ကြာလာတဲ့ စစ်မီး တကျော့ပြန်တောက်လောင်မှုက စစ်ဘေးရှောင် ၃ သန်းကျော်ထိ ရောက်ရှိစေသလို အရပ်သား အသက်ဆုံးရှုံးမှု အရေအတွက်လည်း ထောင်ဂဏန်းကနေ သောင်းဂဏန်းထိ ရောက်ရှိလာတဲ့ အနေအထားဖြစ်ပါတယ်။
အခုလို ပြည်တွင်းစစ် မီးကျယ်ပြန့်စွာ တောက်လောင်လာချိန်မှာ ရွေးကောက်ပွဲကို စစ်ပွဲကနေ ထွက်ပေါက်တခုအဖြစ် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံက ယူဆထားပြီး အာဏာသိမ်း စစ်ကောင်စီကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ အားပေးနေတာတွေ့ရမှာ ဖြစ်ပါတယ်။ အထက်မှာ ရေးခဲ့သလို ကမ္ဘာ့နေရာအနှံ့ စစ်မီးတောက်လောင်နေတဲ့ စစ်ပွဲတွေမှာ တရုတ်နိုင်ငံက ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း အိမ်နီးချင်း မြန်မာ့အရေးမှာတော့ ပြည်တွင်းစစ် ရပ်စဲဖို့အတွက် ရွေးကောက်ပွဲကို အဖြေတခု အနေနဲ့ တရုတ်နိုင်ငံက ယူဆထားတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံလို အတိုက်အခံနိုင်ငံရေးပါတီတွေ မရှိ၊ ရွေးကောက်ပွဲ မရှိသော်လည်း မြန်မာနိုင်ငံရဲ့ ပြဿနာကို ရှုမြင် ချဥ်းကပ်ရာမှာတော့ ရွေးကောက်ပွဲ နည်းလမ်းကို တရုတ်အစိုးရက ထောက်ခံတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက လက်ရှိ အာဏာချိန်ခွင်လျှာကို ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်စေမယ့် အဖြစ်အပျက်မျိုးကို တရုတ်နိုင်ငံက မလိုလားပဲ အာဏာချိန်ခွင်လျှာ ထိန်းညှိဖို့အတွက် ရွေးကောက်ပွဲ နည်းလမ်းကို ထောက်ခံတာလို့ ကောက်ချက်ချရင် ချနိုင်ပါတယ်။
စစ်ကောင်စီ အနေနဲ့ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတွေ မတိုင်ခင်အထိ တရုတ်နိုင်ငံကို ခပ်ဝေးဝေးထား ဆက်ဆံခဲ့ပြီး လက်နက်ခဲယမ်း နဲ့ သံတမန်ရေး အကူအညီတွေမှာ ရုရှားကို အားကိုးလိုခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် ၁၀၂၇ စစ်ဆင်ရေး ပေါ်ထွက်လာပြီးနောက်မှာတော့ ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင် တွေအပေါ် ဖိအားပေးနိုင်တဲ့ အင်အားရှိတဲ့ တရုတ်နိုင်ငံကို ပြန်လည်နီးကပ်စွာ ဆက်ဆံလာခဲ့ပြီး တရုတ်နိုင်ငံဘက်ကလည်း မြန်မာနိုင်ငံမှာ အာဏာချိန်ခွင်လျှာ ပြောင်းပြန်ဖြစ်လာမယ့် အနေအထားမျိုးဟာ တည်ငြိမ်မှု ပျက်ပြားစေလိမ့်မယ်လို့ ယူဆပြီး အာဏာသိမ်း စစ်တပ်ကိုနီးကပ်စွာ ဆက်ဆံပြီး ရွေးကောက်ပွဲ လမ်းကြောင်းဆီ တိုက်တွန်းလာတဲ့ အနေအထားတွေ့ရပါတယ်။
တရုတ်နိုင်ငံ ယူဆသလို မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးကို ရွေးကောက်ပွဲဆိုတဲ့ ရေနဲ့ ငြိမ်းသတ်လို့ ရနိုင်မလား ဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။ ရွေးကောက်ပွဲက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ အင်အားစုတွေ အပေါ် သဘောထားအမျိုးမျိုး ဖြစ်ပေါ်စေပြီး ရွေးကောက်ပွဲအပြီး အာဏာရ တက်လာမယ့် အစိုးရ အနေနဲ့ ဒေသအလိုက် ဖွဲ့စည်းထားကြတဲ့ လူမျိုးစု အလိုက်လက်နက်ကိုင် သို့မဟုတ် NUG လက်အောက်က၊ သို့မဟုတ် မြို့နာမည် အလိုက် ကာကွယ်ရေး အဖွဲ့တွေကို နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မလားဆိုတဲ့ မေးခွန်းလည်း ရှိနေမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်တနှစ်အကြာ ၁၉၄၉ ခုနှစ်မှာ စတင်ဖြစ်ပွားတဲ့ ပြည်တွင်းစစ်ကာလ တုန်းကလည်း ရွေးကောက်ပွဲ ကျင်းပခဲ့ဖူးပြီး အခုလက်ရှိ နောက်ခံအခြေအနေတွေနဲ့တော့ မတူကွဲပြားတဲ့ သဘောရှိခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်က ဗဟိုအစိုးရကို ခုခံတိုက်ခိုက်တဲ့ လက်နက်ကိုင်အဖွဲ့တွေ အရေအတွက် မများသလို၊ တိုင်းရင်းသား လူမျိုးစုလည်း စုံလင်အောင် မရှိခဲ့ပါဘူး။ အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကာလမှာ အာဏာသိမ်း စစ်တပ်ကို နိုင်ငံရေးကနေ အပြီးတိုင် ဖယ်ရှားဖို့ ဒါမှမဟုတ် မြန်မာစစ်တပ်ကို အပြီးသတ် အနိုင်ရပြီး အနာဂတ်မှာ စစ်တပ်ကို အသစ်ပြန်ဖွဲ့ဖို့အထိ ရည်ရွယ်ချက် ထားရှိနေကြတာ ဖြစ်ပါတယ်။
ပြည်တွင်းစစ်ကနေ ထွက်ပေါက်ရှာဖို့အတွက် တခုထည်းသော အဖြေက စစ်တပ်က နိုင်ငံရေးအာဏာကနေ လွတ်ကင်းအောင်နေဖို့ အရပ်စကားနဲ့ ပြောရရင် နိုင်ငံရေးကနေ ထွက်ဖို့ ဖြစ်ပြီး နောင်နှစ်မှာ ကျင်းပမယ်လို့ ဆိုထားတဲ့ ရွေးကောက်ပွဲက အဲဒီရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ဘဲ တိုက်ပွဲတွေ လျော့ပါးသွားစေဖို့ အာဏာချိန်ခွင်လျှာ ပြောင်းပြန်မဖြစ်စေဖို့ ကြိုးပမ်းတဲ့ ကြိုးပမ်းမှုလို့သာ ဆိုနိုင်မှာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar