(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၂၄
၂၀၂၄ အမေရိကန်အထွေထွေ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီခေါင်းဆောင် ထရန့်နဲ့ ပါတီဝင်အမတ်တွေ အများအပြားက အာဏာလက်ရှိ ဒီမိုကရက်ပါတီကို အနိုင်ရသွားပါတယ်။ သည်အတွက် ခုချိန်ထိ တတ်သိပညာရှင်တွေ မီဒီယာသမားတွေက ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေတုန်းပဲ။ သာဂိလည်း ခုထိ ရေးစရာတွေ အများကြီးပဲ။ ပတ်ဝန်းကျင်မှာ ပြောကြ ဆိုကြ မှတ်ချက်တွေ ပေးကြနဲ့။
ပထမ ပြောစရာကတော့ ဒီမိုတွေ ရှုံးတာပေါ့၊ အခြေခံလူတန်းစား၏ လက်တွေ့ခံစားချက်ကို ကိုယ်ချင်းမှ မစာတာကိုး ဆိုတာပါ။ သူတို့က ကုန်ဈေးနှုန်းတွေ တက်နေတာနဲ့ တိုင်းပြည်ထဲ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ တပြည်သားတွေအတွက် အခြေခံလူအများစုက စိုးရိမ်ပူပန်နေကြတာပါ။ နောက်တချက်က ပြည်တွင်းရေးမှာ အခုလို ပူပန်မှုတွေ ရှိနေတဲ့ကြားက အခြားတိုင်းပြည်တွေအတွက် (ယူကရိန်း၊ အစ္စရေး) တို့မှာ စစ်စရိတ် ကူညီပေးနေတာကို မနှစ်သက်ကြတာမျိုးပါ။ အခြားအချက်အလက်တွေက ထိပ်ဆုံးမှာ မရှိပါဘူး တဲ့။
ဆိုတော့ ထရန့်တို့ နိုင်သွားတော့ ဒီကိစ္စတွေ အဆင်ပြေ ပြောင်းလဲသွားမှာလားဆိုတော့လည်း ချက်ချင်းလက်ငင်းကြီး ပြေလည်မှာတော့မဟုတ်ပါဘူး။ လက်ရှိ အာဏာရအစိုးရနဲ့ လွှတ်တော်ကို အထွေထွေစီးပွားရေး စားဝတ်နေရေးအခြေအနေတွေအရ အားမရတဲ့အခါ မကျေနပ်တဲ့အခါ ပြည်သူတွေက အပြောင်းအလဲကို တောင်းဆို လှုပ်ရှားကြတာ သက်သက်ပါပဲ။ အခု အစိုးရနဲ့ လွှတ်တော်အပြောင်းအလဲဖြစ်တော့မယ်၊ မဲဆန္ဒရှင်တွေ စောင့်ကြည့်ကြပေတော့ပေါ့။
ထရန့် တက်တော့မယ် ဆိုတာနဲ့ တကမ္ဘာလုံး တုန်သွားတာ၊ လူတဦးချင်းစီမှာ သူတို့၏ အကျိုးစီးပွားစိတ်ဝင်စားမှုအလိုက် ဂယက်ရိုက်သွားတာတွေက အများကြီးပါ။ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ အနိုင်ရသွားပြီး အာဏာကို လွှဲပြောင်းလိုက်တော့ အပေါင်းလက္ခဏာဆန်တဲ့ ခံစားမှုတွေ ဂယက်တွေ ဖြစ်ကြတာမျိုးနဲ့တော့ တူမှာ မဟုတ်ပါဘူး။ အဓိကအချက်ကတော့ ကုန်သွယ်ရေးအခွန်အတုတ် စစ်ပွဲတွေ ပြန်ဖြစ်တော့မယ်၊ တရုတ်နဲ့ အဓိက ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်တော့မယ်ဆိုပြီး အဓိက ပူပန်ကြတာ ဖြစ်ပါတယ်။
ထရန့် ပြန်ပြီးအာဏာရသွားတဲ့အခါ ဒီမိုကရက်တွေ လစ်ဘရယ်တွေ တိုးတက်အမြင်ရှိသူတွေ ပြီးတော့ လက်ဝဲယိမ်းသူတွေ၏ သောကကတော့ ဒီမိုကရေစီစနစ်အတွက် ခြိမ်းခြောက်မှုတွေ ပြန်လည်စတင်ပြီ ဆိုတာ ဖြစ်ပါတယ်။ သူတို့တွေက သာမန်လက်လုပ်လက်စားပြည်သူတွေလိုမျိုး စားဝတ်နေရေး နိစ္စဓူ၀ကိစ္စမျိုးတွေကို ပူပန်တာမျိုး မဟုတ်ပါဘူး။ တိုင်းသူပြည်သားတွေနဲ့ လူသားအားလုံးအတွက် လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေ ကန့်သတ်ခံရမှာ ပိတ်ပင်ခံရတာမျိုးကို ပူပန်ကြတာ ဖြစ်ပါတယ်။
ဥပမာ – တပြည်သားတွေကို လူ့သားဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံတာမျိုးမလုပ်ဘဲ အတင်းအဓမ္မ ဖမ်းဆီး ချုပ်နှောင် တိုင်းပြည်ကနေ နှင်ထုတ်တာမျိုး၊ အားနည်းသူတွေအတွက် (ဥပမာ – အမျိုးသမီး၊ ဆင်းရဲသား၊ လိင်တူ လိင်ကွဲ အခွင့်အရေး၊ ကလေးသူငယ်များ၊ ကိုယ်ဝန်သည်များ၊ ကျန်းမာရေး၊ ပညာသင်ကြားခွင့်) စတာတွေမှာ အခွင့်အရေး မရတော့တာ၊ ကန့်သတ်ခံရတာ၊ ခက်ခဲအောင်လုပ်တာတွေကို တိုးပြီး ခံစားကြရတာမျိုး၊ အရင်းရှင်ကြီးတွေက အစိုးရ၏ အကာအကွယ်တွေ ပိုရလာပြီး အလုပ်ခွင်တွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေ လုံခြုံထိန်းသိမ်းမှုတွေ ဖယ်ရှားခံရတာမျိုးကို အနည်းဆုံးအဆင့် အခြေခံအဆင့် စိုးရိမ်ပူပန်ကြတာ ဖြစ်ပါတယ်။
သာဓကအနေနဲ့ ရီပတ်ဘစ်ကန်ပါတီ၏ အနိုင်ရခေါင်းဆောင်ကြီး ထရန့်က သူ့၏ အစိုးရအသစ်ကို ဖွဲ့စည်းထူထောင်ရာမှာ အမည်စာရင်းတင်သွင်းသူတွေက နိုင်ငံရေးအတွေ့အကြုံ စစ်ရေးအတွေ့အကြုံ နိုင်ငံတကာအတွေ့အကြုံ ဖြတ်သန်းမှုတွေ ရှိသူတွေကို ရွေးချယ်တာမဟုတ်ဘဲ သူ့အပေါ် မျက်စိစုံမှိတ် သစ္စာခံတဲ့ ထောက်ခံတဲ့ စီးပွားရေးသမားတွေ၊ မီဒီယာတီဗီသရုပ်ဆောင်တွေ၊ ပေါ်ပြူလာဖြစ်သူတွေကို ရွေးချယ်တာမျိုးကို ထောက်ပြနိုင်ပါတယ်။ အခုလာမယ့် သူ့သက်တမ်း ၄ နှစ်ဟာ ဟိုယခင် သက်တမ်း ၄ နှစ်တုန်းကလိုပဲ အငြင်းအခုံတွေ တဖက်နဲ့တဖက် ပုတ်ခတ်စော်ကားမှုတွေ၊ ပြစ်တင် ငြင်းခုံတာတွေနဲ့ ဖြတ်သန်းတာမျိုးက လျော့မသွားဘဲ ပိုတိုးလာမယ်လို့ ခန့်မှန်းကြပါတယ်။
အမေရိကန်၏ အိမ်ကွင်းမှာ ဒီမိုကရေစီ စံနှုန်းတွေဟာ ထရန့်လက်ထက်မှာ ထပ်ပြီး စျေးဆစ်ခံရဦးမှာ ဖြစ်ပါတယ်။ လက်ယာစွန်းတွေနဲ့ ရှေးရိုးစွဲတွေ မျက်စောင်းထိုး ပုတ်ခတ်လေ့ရှိတဲ့ အသုံးအနှုန်းတွေနဲ့ ပြောရရင်တော့ – DEI တန်ဖိုးတွေကို ထရန့်နဲ့ အပေါင်းအပါတွေက ဖယ်ရှားပစ်မှာ နှိမ့်ချပစ်မှာ ဖြစ်ပါတယ်။ ဘာလဲဟဲ့ DEI ဆိုတာ။
DEI ဆိုတာ Diversity, Equity, and Inclusion ရဲ့ အတိုကောက်ပါ။
*Diversity* ဆိုတာက လူမျိုး၊ ကျား/မ၊ အသက်အရွယ်၊ သို့မဟုတ် နောက်ခံမတူ ကွဲပြားမှုများကို ပေါင်းစပ်ထားတဲ့ အစုအဝေးတခု ဖြစ်အောင်လုပ်ခြင်း ဖြစ်ပါတယ်။
*Equity* ဆိုတာက လူတိုင်းကို တန်းတူစွာ အခွင့်အရေးရအောင် အထောက်အကူပေးခြင်းဖြစ်ပြီး၊ အားလုံးကို တူညီစွာ မဆက်ဆံရုံနဲ့ မပြီးဘဲ လိုအပ်သောသူတွေကို ပိုမိုထောက်ပံ့ပေးခြင်းပါ။
*Inclusion* ဆိုတာက လူတိုင်းကို ဖိတ်ခေါ်ပြီး အားလုံးကိုတန်ဖိုးထားတယ်ဆိုတဲ့ ခံစားချက်ရစေဖို့အတွက် သင့်လျော်သောပတ်ဝန်းကျင်တစ်ခု ဖန်တီးခြင်းဖြစ်ပါတယ်။
ရိုးရိုးပြောရရင်၊ DEI က လူတိုင်းကို သူတို့ဘ၀အတွက် လုပ်ဆောင်ရာမှာ အောင်မြင်ဖို့ တန်းတူအခွင့်အရေးရရှိစေဖို့ ဦးတည်ထားခြင်းပါ။
ဒါတွေအားလုံးဟာ ဒီမိုကရေစီဝါဒဖြစ်တဲ့ လွတ်လပ်မှု တရားမျှတမှု အကာအကွယ်ပေးမှုတွေ လူတိုင်းအပေါ် ရှိခြင်းအတွက် ထပ်ဆင့် ရှင်းလင်းထားတဲ့ ဝေါဟာရများဖြစ်ပါတယ်။ ဒါတွေကို မယုံကြည်အောင်၊ သံသယရှိအောင် ခွဲခြားအောင် လုပ်ဆောင်တာတွေက Inclusion (အားလုံးကြိုဆိုခြင်း) ကို ပိတ်ပင်ပြီး Exclusion (မိမိတို့သာ သီးခြားဖြစ်ခွင့်ရှိခြင်း) (အခွင့်ထူးခံခြင်း) ကို ခွဲထွက်သွားတာ ဖြစ်ပါတယ်။
အားနည်းသူ အကာအကွယ်မဲ့နေသူ လူများစုကြီးကို ကန့်သတ်လိုက်ပြီး မိမိတို့ အတန်းအစားတမျိုးတည်းကိုသာ အခွင့်ထူးခံ လွတ်လပ်ခွင့်၊ တရားမျှတခွင့်၊ အကာအကွယ်ပေးမှုတွေ ရှိရမယ်လို့ ဆိုလိုက်တာကို သာမန် အမေရိကန်ပြည်သူတွေက ဒါ ဟုတ်တာပေါ့ ဒါ မှန်တာပေါ့လို့ သံယောင်လိုက်ကြတာ၊ ရောယိမ်းလိုက် ဘသား ဟိတ် လို့ လုပ်ကြတာမျိုး ဖြစ်ပါတယ်။ ငါ့မှာတောင် ထမင်းမ၀သေးတာ၊ မင်းကို ဘာလို့ မျှကျွေးရမှာလဲ ဆိုတဲ့ ဆင်ခြေမျိူးက သာမန်လူတွေမှာ ရှိတတ်တဲ့ သဘောထားမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာမှာ အမေရိကန်နိုင်ငံကို အခြားတရုတ်လိုနိုင်ငံ၊ ရုရှား၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနိုင်ငံများကို ကျော်ပြီး မော့ကြည့်ကြတာ၊ လှမ်းမျှော်ကြရတာဟာ အထက်က DEI နဲ့ လူတိုင်းကို အကျုံးဝင်စေခြင်း အာမခံပေးလို့ ဖြစ်ပါတယ်။
အမေရိကန်မှာ ဒီမိုကရေစီ စိန်ခေါ်ခံနေရတာကို မြန်မာပြည်က လူတွေက အမေရိကန်တွေကို သနားလိုက်တာလို့ စုတ်သတ်ပြနေလို့တော့ မရပါဘူး။ သူတို့ အမေရိကန်တွေက ဒီမိုကရေစီ ရပြီးသား၊ ရှိပြီးသားတွေမို့ သူတို့မှာ စိန်ခေါ်ခံရရုံသက်သက်ဆိုတာကို သတိချပ်ရပါမယ်။ မြန်မာပြည်ကလူတွေအဖို့ကတော့ ဒီမိုကရေစီတောင် မရှိသေးလို့ မရ ရအောင် တိုက်နေ တွန်းနေ တိုက်ပွဲဝင်နေရတုန်းလို့ ဆိုရမှာပါ။ သည်ကြားထဲ တရုတ်နိုင်ငံအစိုးရက ကြားဝင်စွက်နေလို့ ဒီမိုကရေစီကော ဖယ်ဒရယ်စနစ်ပါ လည်ပင်းညှစ်ခံရ မျက်ဖြူဆိုက်နေရတယ်လို့ ဆိုရလေမလား မသိပါဘူး။
ဒီအချိန်မှာ မြန်မာပြည်သူတွေကတော့ ဒီမိုကရေစီတန်ဖိုးတွေကို အားလုံးနဲ့ သက်ဆိုင်တယ်၊ အကြုံးဝင်တယ် ဆိုတဲ့အချက်ကို အဓိကကိုင်စွဲပြီး မြန်မာပြည်၏ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်တန်ဖိုးတွေကို ကန့်သတ်ဖို့ ချုပ်ခြယ်ဖို့ အခွင့်ထူးခံလိုမျိုး စစ်အုပ်စုချည်းသက်သက် မျက်နှာလိုက်ဖို့၊ ခွဲခြားဖို့ လုပ်တာမျိုးတွေကို ၊ လုပ်တဲ့ အုပ်စု မည်သူကိုမဆို ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်လို့ ဆိုချင်ပါတယ်။
မြန်မာပြည်၏ နိုင်ငံအရေးဟာ ဒီမိုကရေစီနဲ့ စစ်မှန်သော ဖယ်ဒရယ်စနစ်တည်ဆောက်ရေးဖြစ်တာမို့ အိမ်နီးချင်းနိုင်ငံများကြားထဲမှာ အားလုံးကို အကျုံးဝင်စေခြင်းကို ဆိုလိုပါတယ်။ သီးခြားဖြစ်တည်ခြင်း၊ ခွဲထွက်ခြင်းမျိုး မဟုတ်ပါဘူး။ သည့်အတွက် အမေရိကန်မှာ ဘယ်သမ္မတပဲ တက်တက်၊ သူတို့၏ ဒီမိုကရေစီဘယ်လိုပဲ စိန်ခေါ်ခံနေရသည် ဖြစ်ပါစေ၊ မြန်မာ့အရေးအတွက် ဒီမိုကရေစီမိတ်ဆွေတွေ၏ အကူအညီတွေ ထောက်ခံပံ့ပိုးမှုတွေနဲ့ ဆက်ချီတက်ကြဖို့သာ ဖြစ်ပါတယ်။ မြန်မာတွေ၏ နေရာက လူနေချုံကြားဆိုပေမယ့် စိတ်နေကတော့ ဘုံဖျားဆိုတော့ ဒီမိုကရေစီတန်ဖိုးတွေကနေ တပြားမှ လျော့လို့တော့ မဖြစ်ဘူးမလားဗျာ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar