(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၂၄
မြန်မာ့အရေးနဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ
မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တိုက်ပွဲ၊ စစ်ရေး အင်အားချိန်ခွင်လျှာ အပြောင်းအလဲ၊ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ သြဇာ သို့မဟုတ် ဖိအားပေးမှု၊ လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေဒေသ၊ အုပ်ချုပ်ရေး ထူထောင်ခြင်း၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဘေးတိမ်းရှောင်သူ၊ အရပ်သားသေဆုံးမှု၊ လက်နက်ကိုင် အဖွဲ့များ အချင်းချင်းအကြားက ဆက်ဆံရေး၊ လက်နက်ကိုင် အဖွဲ့များရဲ့ ပူးပေါင်းတိုက်ခိုက်ခြင်းနဲ့ အကျိုးစီးပွား အစရှိတဲ့ သော့ချက် စကားလုံးတွေ က စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ မြန်မာနိုင်ငံအနာဂတ် ဘယ်လို ဖြစ်လာမလဲ ဘယ်လို ပုံဖော်ကြမလဲဆိုတဲ့ ကိစ္စရပ်တွေမှာ လွှမ်းမိုးနေတယ်လို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရရှိရေး၊ အာဏာရှင်စနစ်အဆုံးသတ်ရေး၊ ဖက်ဒရယ် သို့မဟုတ် ကွန်ဖက်ဒရိတ် အခွင့်အရေး၊ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး၊ တန်းတူညီမျှတဲ့ အခွင့်အရေးနဲ့ နိုင်ငံထူထောင်ရေး စတဲ့ကိစ္စရပ်တွေဟာ ယေဘုယျအားဖြင့်ကြည့်ရင် မြန်မာနိုင်ငံထဲမှာ ရှိနေကြတဲ့ နိုင်ငံရေး စစ်ရေး အင်အားစုတွေ အဖွဲ့အစည်းတွေအနေနဲ့ အဖြေရှာကြရမယ့် ကိစ္စတွေလို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ လက်တွေ့ ဖြစ်ပွားနေတဲ့ ပကတိအခြေအနေမှာတော့ အထက်ကပြဿနာတွေကို အဖြေရှာရေးဟာ အဲဒီလောက် ရိုးစင်းတဲ့ ကိစ္စတရပ်တော့ မဟုတ်ပါဘူး။ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်တဲ့ စစ်တပ်၊ စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်၊ ယေဘုယျ အမည်နာမ အဖြစ်ခေါ်ဆိုသုံးနှုန်းတဲ့ PDF (ပြည်သူ့ကာကွယ်ရေး) လက်နက်ကိုင်တပ်ဖွဲ့ တွေ အနေနဲ့ လက်နက်ရရှိဖို့၊ ဝယ်ယူဖို့၊ နိုင်ငံတကာ ထောက်ခံမှုရရှိဖို့၊ မိမိတို့ တပ်ဖွဲ့တွေကို ထောက်ပံ့နိုင်ဖို့ လက်နက်၊ ရန်ပုံငွေ နဲ့ ရိက္ခာ ဝယ်ယူရရှိနိုင်ဖို့ စတဲ့ အကြောင်းအချက်တွေအတွက် နိုင်ငံတကာနဲ့ ဆက်ဆံ ထောက်ခံအားပေးမှု ရယူပြီး အပြန်အလှန်အားဖြင့် အကျိုးစီးပွားကို ကာကွယ်ပေးရတာမျိုးတွေအထိ ဆက်ဆံရေး၊ ချည်နှောင်မှု၊ အပေးအယူသဘောတွေ ပါဝင်လာကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ဂျပန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့လို ပင်လယ်ထဲမှာ အထီးထီးတည်ရှိတဲ့ ကျွန်းနိုင်ငံ မဟုတ်တာကြောင့် မိမိရွေးချယ်ခွင့်မရှိတဲ့ နိုင်ငံတချို့နဲ့ အိမ်နီးချင်းနိုင်ငံအဖြစ် ဆက်စပ်ထိတွေ့နေရတာ ဖြစ်ပါတယ်။ ကျွန်းနိုင်ငံ မဟုတ်ခြင်းကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးလို အားသာချက် ရှိသလို တဖက်မှာလည်း နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံတွေရဲ့ ဆန္ဒ၊ သဘောထား၊ အကျိုးစီးပွားတွေက မြန်မာနိုင်ငံအပေါ် သက်ရောက်မှုတွေ ရှိနေတာ ရှောင်လွှဲလို့မရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း အဖြစ် တည်ရှိတဲ့ နိုင်ငံ ၅ နိုင်ငံရှိပြီး အဆိုပါ ၅ နိုင်ငံအနက် ၂ နိုင်ငံဟာ ဒေသတွင်းရော ကမ္ဘာ့အဆင့်မှာပါ အင်အားကြီးနိုင်ငံလို့ ဆိုနိုင်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ပါဝင်နေတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ အင်အားကြီးနိုင်ငံတနိုင်ငံလို့ ဆိုနိုင်ပေမယ့် တရုတ်နိုင်ငံနဲ့ ယှဥ်ရင် ဒေသတွင်းနဲ့ နိုင်ငံတကာ အနေအထားတွေမှာ ကြီးမားတဲ့ ရည်မှန်းချက်နဲ့ ပါဝင်ပတ်သက်မှုတွေ မရှိသော်လည်း တရုတ်နိုင်ငံကတော့ ကမ္ဘာ့အရေး၊ ဒေသတွင်း အရေးကိစ္စတွေမှာ အမေရိကန်ပြည်ထောင်စုလောက် ကမ္ဘာ့ပုလိပ်လို့ ဆိုရတဲ့အနေအထား မဟုတ်သည့်တိုင် အိမ်နီးချင်းနိုင်ငံတွေ၊ အရှေ့တောင်အာရှ ဒေသတွင်းအရေးကိစ္စတွေမှာ တဖြည်းဖြည်း ပါဝင်လာနေတဲ့ အနေအထားဖြစ်ပြီး မြန်မာ့အရေးကိစ္စမှာတော့ အိမ်နီးချင်း နယ်နိမိတ် ဖြစ်နေတဲ့ အချက်က ပိုမိုပါဝင်ပတ်သက်ဖို့ တရုတ်နိုင်ငံအနေနဲ့ အကြောင်းခိုင်လုံနေတဲ့ သဘောလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ BRI ဆိုတဲ့ ကမ္ဘာ့နိုင်ငံတွေကို ချိတ်ဆက်ထားတဲ့ One belt one road စီမံကိန်းကြီးထဲမှာလည်း ပါဝင်နေတဲ့ လမ်းကြောင်းပေါ်က နိုင်ငံ ဖြစ်သလို တရုတ်နိုင်ငံ အနောက်တောင်ဘက် ပြည်နယ်တွေရဲ့ ပင်လယ်ထွက်ပေါက် ကုန်သွယ်ရေးလမ်းကြောင်းပေါ်က နိုင်ငံ စတဲ့အချက်တွေက မြန်မာ့အရေးကို အသေအချာ စောင့်ကြည့်ကာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားထိခိုက်နိုင်တဲ့ ကိစ္စရပ်တွေကို တားဆီးပြောင်းလဲဖို့ ကြိုးစားမယ့် ရပ်တည်ချက် မူဝါဒကို ကိုင်စွဲ ကျင့်သုံးနေတဲ့ သဘောလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းစစ် ဖြစ်ပွားမနေခဲ့ရင်၊ စည်းလုံးမှု၊ ညီညွတ်မှု ရှိနေခဲ့ရင် တရုတ်နိုင်ငံရဲ့ ဖိအား သို့မဟုတ် ပါဝင်စွက်ဖက်မှုက အနည်းဆုံးအဆင့်မှာ ရှိနိုင်ပေမယ့် ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ အခြေအနေမှာ ပြင်ပစွက်ဖက်မှုကို ပိုမိုဖိတ်ခေါ်သလို ဖြစ်စေခဲ့တာလည်း ဖြစ်ပါတယ်။ လက်နက်ရရှိဖို့ ရိက္ခာ၊ နယ်စပ်ကုန်သွယ်မှုတွေကနေ အကောက်အခွန်၊ သဘာဝ သယံဇာတ ထုတ်ယူရောင်းချမှုတွေမှာ နိုင်ငံအဆင့် ကုန်သွယ်နိုင်တဲ့ အနေအထားမရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တရုတ်နိုင်ငံလို အိမ်နီးချင်းနိုင်ငံဆီ ပို့ဆောင်ရောင်းချပြီး ရန်ပုံငွေရရှိအောင် လုပ်ဆောင်ကြရတာဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေမှာ ဆယ်စုနှစ်များစွာ အမြစ်တွယ်နေတဲ့ မူးယစ်ဆေးဝါး စိုက်ပျိုးမှု၊ ထုတ်လုပ်မှု၊ ရောင်းဝယ်တင်ပို့မှုတွေ နဲ့ သယံဇာတတွေကို မှောင်ခိုစျေးနဲ့ ဝယ်ယူပြီး တရုတ်နိုင်ငံဆီ တင်ပို့မှုတွေက ပြည်တွင်းစစ်နဲ့ တွဲလျှက်ပေါ်ထွက်လာတဲ့ စစ်ပွဲရဲ့ ဘေးထွက်ပစ္စည်းတွေ လို့ဆိုရမှာ ဖြစ်ပါတယ်။
အဲဒီဒေသတွေမှာ မူးယစ်ဆေး၊ ဘိန်းမည်း၊ ဘိန်းဖြူ၊ လောင်းကစားလုပ်ငန်းတွေက ဆယ်စုနှစ်များစွာ အခြေတည်ခဲ့ပြီး ပြည်တွင်းစစ်ပွဲတွေ တိုက်ခိုင်နိုင်ဖို့၊ လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့နိုင်ဖို့ အဆိုပါ တရားမဝင် ထုတ်ကုန်တွေဆီက ငွေကြေးရရှိနေခဲ့ကြာတာ ဖြစ်ပါတယ်။ လတ်တလော နှစ်တွေမှာ ကျားဖြန့် လို့ တရုတ်ဘာသာနဲ့ ခေါ်ဆိုတဲ့ အွန်လိုင်းငွေလိမ်လည်မှုတွေ ပေါ်ထွက်လာတဲ့နောက် ဒီသယံဇာတ မှောင်ခိုကုန်သွယ်မှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေက စစ်ပွဲတွေနဲ့ ချိတ်ဆက်ပြီး ကျယ်ပြန့်ထွန်းကားလာတယ်လို့ ကောက်ချက်ချရင် မှားမယ် မထင်ပါဘူး။ တရုတ်နိုင်ငံ အနေနဲ့ ဒီအရာတွေထဲက မူးယစ်ဆေးနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ၄င်းတို့နိုင်ငံထဲ ရောက်မလာစေဖို့ ကာကွယ်ပြီး အခြားသော လုပ်ငန်းတွေကိုတော့ ၄င်းတို့နယ်စပ်ကနေ စောင့်ကြည့်နေခဲ့ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
ဆယ်စုနှစ်နဲ့ချီ ဒီလို အခင်းအကျင်းတွေ အဖြစ်အပျက်တွေကနေ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ အာဏာချိန်ခွင်လျှာ အပြောင်းအလဲ နယ်မြေထိန်းချုပ်မှု အပြောင်းအလဲတွေ ဖြစ်စေမယ့် လက်နက်ကိုင်တိုက်ပွဲတွေ ဒီဒေသမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာရာက တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အပြောင်းအလဲဆီ အထိ ရောက်ရှိစေခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက ကြိုးဆွဲရင် မလှုပ်မဖြစ် လှုပ်ရမယ့် အနေအထား ရှိတဲ့ စစ်ခေါင်းဆောင်တွေ၊ လက်နက်ကိုင် အဖွဲ့တွေလည်း ရှိနေပြီး ကုန်းတွင်းပိတ်ဒေသတွေ အဖို့ ရိက္ခာ၊ လက်နက်ခဲယမ်းတွေ အတွက် တရုတ်နိုင်ငံကို မှီခိုနေရတဲ့ အခြေအနေတွေကနေ ရုန်းထွက်နိုင်မလား ဆိုတာလည်း ယခုအချိန်မှာ အတိအကျ ပြောဆိုနိုင်တဲ့ အနေအထားမဟုတ်ပဲ စောင့်ကြည့်ရဦးမယ့် အခြေအနေလို့သာ ဆိုရမှာဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar