ylliX - Online Advertising Network
ပါကစ္စတန်အစိုးရကို တရုတ်၏ နေရောင်ခြည်စွမ်းအင်က ပေးသည့် ပူပင်သောကများ - BUR.MIZZIMA.COM

ပါကစ္စတန်အစိုးရကို တရုတ်၏ နေရောင်ခြည်စွမ်းအင်က ပေးသည့် ပူပင်သောကများ – BUR.MIZZIMA.COM


ပုံစာ – ပါကစ္စတန်သည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ဒေါ်လာ ၁.၄ ဘီလီယံတန်ဖိုးရှိ တရုတ်ဆိုလာပြားများကို တင်သွင်းခဲ့ပြီး ကမ္ဘာတွင် တတိယအကြီးဆုံး ဝယ်ယူသူဖြစ်လာသည်။

Afghandiaspora

လျှပ်စစ်ဓာတ်အားခ အဆမတန်မြင့်မားနေခြင်းမှ ကင်းလွတ်စေရန် စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများက စျေးပေါသော တရုတ်ဆိုလာပြားများကို ပိုမိုအသုံးပြုလာကြသဖြင့် ပါကစ္စတန်စွမ်းအင်ကဏ္ဍတွင် ကြီးမားသော အသွင်ကူးပြောင်းမှုဖြစ်ပေါ်နေသည်။

အပေါ်ယံအားဖြင့် ယင်းအပြောင်းအလဲက အမြဲဖြစ်ပေါ်နေသော စွမ်းအင်အကျပ်အတည်းမှ လွတ်‌မြောက်စေပုံ ပေါ်သော်လည်း ဈေးပေါသော သွင်းကုန်များအပေါ် မှီခိုအားထားမှု ကြီးမားလာခြင်းက ပါကစ္စတန်၏ ရုန်းကန်နေရသော စီးပွားရေးကို ပိုမိုနက်ရှိုင်းသော ဘဏ္ဍာရေးအကျပ်အတည်းသို့ ကျဆင်းသွားစေမည့် ဘဏ္ဍာရေးနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ အကျပ်အတည်းကို ဖန်တီးနေသည်။

နိုင်ငံတဝန်းရှိ စက်ရုံများနှင့် အိမ်ထောင်စုများက ၎င်းတို့၏ အိမ်ခေါင်မိုးများပေါ်တွင် တင်သွင်းလာသော ဆိုလာ ပြားများတပ်ဆင်ရေးအတွက် ကြိုပမ်းနေကြသည်။

ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်အများအပြားက ပြီးခဲ့သည့်သုံးလပတ်အတွင်း ဆိုလာစွမ်းအင်အချိုး ၈၀ ရာခိုင်နှုန်း အထိ အသုံးပြုရေးအတွက် ၎င်းတို့၏ စက်ရုံများအတွက် နေရောင်ခြည်စွမ်းအင်ကို တပ်ဆင်ခဲ့ကြသည်။

အများစုအတွက်၊ တရုတ်ဆိုလာပြားများသည် ကုန်ကျစရိတ်သက်သာရုံသာမက နိုင်ငံတော်က တိုးတိုးကောက်ခံ လာသည့် ဓာတ်အားခများ မပေးရရေးအတွက် အသက်ရှင်ရပ်တည်ရေးဗျူဟာတခုဖြစ်သည်။

သုံးနှစ်အတွင်း မီတာခ နှစ်ဆကျော်တက်လာသည့် ပါကစ္စတန်၏ စက်မှုလုပ်ငန်းလောကတွင် ယင်းခံစားချက်က ပဲ့တင်ထပ်နေသည်။

Coca-Cola နှင့် Hyundai ကဲ့သို့သော နိုင်ငံစုံကော်ပိုရေးရှင်းကြီးများက လျှပ်စစ်မီတာခ ၇၀ ရာခိုင်နှုန်းအထိ လျှော့ချမည်ဟူသော ကတိကဝတ်များဖြင့် နေရောင်ခြည်စွမ်းအင်ကို အသုံးပြုရေးအတွက် ပြည်တွင်း စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ပါကစ္စတန်သည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ တရုတ်ဆိုလာပြားများကို တင်သွင်းခဲ့ပြီး ကမ္ဘာတွင် တတိယအကြီးဆုံး ဝယ်ယူသူဖြစ်လာခဲ့ကြောင်း Bloomberg က ဖော်ပြခဲ့သည်။

ယခုအခါ မြို့ကြီးများနှင့် စက်မှုဇုန်များတွင် ဆိုလာပြားများ မိုးထားခြင်းကို မီတာခမြင့်တက်ခြင်းနှင့် မကြာခဏ ဓာတ်အားပြတ်တောက်မှုများအတွက် အဖြေတခုအဖြစ် ချီးကျူးဂုဏ်ဖော်နေကြသည်။

သို့သော် ဤနေရောင်ခြည်စွမ်းအင်အရှိန်အဟုန်ဖြင့် အောင်မြင်မှုသည် စိန်ခေါ်မှုအသစ်များကို ဖန်တီးနေသည်။ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ဖြင့် အဓိကမောင်းနှင်သည့် ပါကစ္စတန် အမျိုးသားဓာတ်အားလိုင်းသည် ဒေါ်လာ ကိုးဘီလီယံ အကြွေးတင်ထားပြီးဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် အစိုးရ၏ဆယ်စုနှစ်သက်တမ်းရှိ သဘောတူညီချက်များတွင် အသုံးမပြုလျှင်ပင် ဓာတ်အားခပေးရမည်ဟု ကတိပြုထားသည်။ နေရောင်ခြည်စွမ်းအင်ကို တပ်ဆင်မှု များပြားလာသည်နှင့် အမျှ၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်နည်းသွားကာ စွမ်းအင်ကဏ္ဍတွင် ဘဏ္ဍာရေးအကျပ်အတည်းများကို ပိုမိုဆိုးရွား စေသည်။

သုံးစွဲမှုလျှော့ကျသွားခြင်းကြောင့် ဝင်ငွေနည်းသွားသဖြင့် အစိုးရအား ဓာတ်အားခတိုးကောက်ရန် တွန်းအားပေးသ လိုဖြစ်နေပြီး ယင်းက နေရောင်ခြည်စွမ်းအင်ကို သုံးစွဲသူများ ပိုမိုများပြားလာစေကာ အဆိုးကျော့သံသရာ လည်နေ တော့သည်။

ဆိုလာစနစ်၏ ကြိုတင်ကုန်ကျစရိတ်ကို မတတ်နိုင်သော ဝင်ငွေနည်းအိမ်ထောင်စုများသည် လျှပ်စစ်မီတာခများ မြင့်တက်လာခြင်း၏ဒဏ်ကို ခံနေကြရသည်။
ပန်ဂျတ်နှင့် ဆင်းပြည်နယ်အစိုးရများသည် ဆင်းရဲနွမ်းပါးသော အသိုက်အဝန်းများသို့ ဆိုလာပြားများကို အခမဲ့ ဖြန့်ဝေရန် သို့မဟုတ် ထောက်ပံ့ကြေးပေးသည့် အစီအစဉ်များကို စတင်ခဲ့သည်။

ယင်းအစီအမံများသည် ဘဏ္ဍာရေးဖိအားများကို ဖြေလျှော့ရန် ရည်ရွယ်သော်လည်း ယင်းက ဓာတ်အားသုံးစွဲမှုကို လျော့နည်းစေပြီး အစိုးရ၏ ဓာတ်အားခဝင်ငွေကို ပိုမိုထိခိုက်စေမည့် အန္တရာယ်ရှိနေသည်။

နေရောင်ခြည်စွမ်းအင်သုံး ဖြေရှင်းချက်၏ ရေရှည်တည်တံ့မှုမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ တရုတ်ဆိုလာ ပြားများဈေးပေါခြင်းက တပ်ဆင်ရန်အတွက် အဓိက တွန်းအားတခု ဖြစ်ခဲ့သော်လည်း ဈေးပေါခြင်းကြောင့် အရည်အသွေးပိုင်းဆိုင်ရာ ပြဿနာများရှိနေသည်။

ဆိုလာပြားအများစုသည် သက်တမ်းတိုတောင်းပြီး ပြုပြင်ထိန်းသိမ်းမှု လိုအပ်ချက်များ မြင့်မားသောကြောင့် သုံးစွဲသူများအား အချိန်ကြာလာသည်နှင့်အမျှ လျှို့ဝှက်ကုန်ကျစရိတ်များဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည်။ ထို့ပြင် ပါကစ္စတန်တွင် ယင်းဆိုလာပြားများ၏ သက်တမ်းကုန်ဆုံးသွားသည်နှင့် ပြန်လည်အသုံးပြုရန် သို့မဟုတ် စွန့်ပစ်ရန် ခိုင်မာသော စနစ်တခု ချို့တဲ့နေပြီး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ ကြီးမားလာ စေသည်။

ကြီးထွားလာနေသော အကျပ်အတည်းကို သတိပြုမိသော ဖက်ဒရယ်အစိုးရက လျှပ်စစ်ကဏ္ဍတွင် နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများနှင့် ကြွေးမြီများ ပြန်လည်ညှိနှိုင်းရန် ခြေလှမ်းများကို စတင်လိုက်သည်။

စွမ်းအင်၀န်ကြီး အာဝိန်လက်ဟာရီက စိန်ခေါ်မှုများကို အသိအမှတ်ပြုခဲ့ပြီး လျှပ်စစ်ဓာတ်အား ၀ယ်လိုအား နည်းသွားခြင်းက သိသာထင်ရှားသော စိုးရိမ်စရာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန်နှင့် အစားထိုးစွမ်းအင်မူဝါဒများကို ရှာဖွေရန်လည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

ပါကစ္စတန်၏ စွမ်းအင်အကျပ်အတည်း၏ အခြေခံပြဿများကို ဆယ်စုနှစ်များစွာ နောက်သို့ ခြေရာခံနိုင်သည်။ ၁၉၉၄ ခုနှစ်တွင် အစိုးရသည် ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ကို ဦးစားပေး၍ ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ရက်ရက်ရောရော မက်လုံးများ ပေးခဲ့သည်။
ယင်းကြောင့် လျှပ်စစ်ဓာတ်အားဈေးနှုန်းများ မငြိမ်မသက်ဖြစ်စေသော ကမ္ဘာ့ရုပ်ကြွင်းလောင်စာဈေးကွက်များနှင့် ဆက်စပ်နေခဲ့ရသည်။ အချိန်ကြာလာသည်နှင့်အမျှ ဓာတ်အားထုတ်လုပ်သူများထံသို့ ပေးချေမှုများလာသဖြင့် ပြည်သူများထံမှ မီတာခများ အစိုးရက တိုးမြင့်ကောက်ခံလာခဲ့သည်။

မြင့်မားသောကုန်ကျစရိတ်များကြောင့် ပါကစ္စတန်နိုင်ငံ၏ စွမ်းအင်စျေးနှုန်းများသည် ဒေသတွင်းနိုင်ငံများ၏ ဈေးနှုန်းထက် နှစ်ဆကျော်များစေခဲ့ပြီး စက်ရုံအများအပြားကို ပိတ်ပစ်ခဲ့ရသည်။

တချိန်တည်းတွင်၊ ဆိုလာပြားများ ဝင်ရောက်လာမှုကြောင့် စွမ်းအင်ရရှိရေးတွင် သိသိသာသာ မညီမျှမှုကို ဖန်တီးခဲ့သည်။ ချမ်းသာသောအိမ်ထောင်စုများနှင့် လုပ်ငန်းများက လျှပ်စစ်ဓာတ်အားအပေါ် မှီခိုမှုကို လျှော့ချပြီး နေရောင်ခြည်စွမ်းအင်သို့ ကူးပြောင်းရန် တတ်နိုင်ကြသည် ။

ဆန့်ကျင်ဘက်အားဖြင့် သန်းနှင့်ချီပြီး ၀င်ငွေနည်းပါးသော သုံးစွဲသူများက ဈေးတက်လာနေသော အစိုးရမီးကို သုံးစွဲနေရသည်။

ဤကွဲပြားမှုက အစိုးရရင်ဆိုင်နေရသော မူဝါဒအကျပ်အတည်းကို မီးမောင်းထိုးပြနေပြီး၊ အမျိုးသားဓာတ်အား အခြေခံအဆောက်အအုံမတည်မငြိမ်မဖြစ်ဘဲ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုကို မြှင့်တင်ရေးနည်းလမ်းကို စဉ်စားစေခဲ့သည်။

ပါကစ္စတန်၏ နေရောင်ခြည် တော်လှန်ရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းခြင်း၏ ရှုပ်ထွေးမှုများကို ထင်ဟပ်စေသည်။ ယာယီသက်သာရာရစေသော်လည်း၊ တရုတ်ဆိုလာပြား များအစစ်အဆေးမရှိဘဲ ဝင်လာခြင်းက ရေရှည်ဘဏ္ဍာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖန်တီးပေးမည့် အန္တရာယ်ရှိသည်။

မူဝါဒချမှတ်သူများက ရေရှည်တည်တံ့ခိုင်မြဲသော စွမ်းအင်တိုးမြှင့်ထုတ်လုပ်ရေးနှင့် လျှပ်စစ်ကဏ္ဍ၏ ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်များကို ကိုင်တွယ်ဖြေရှင်းရန် အရေးတကြီး လိုအပ်နေမှုများကို ရင်ဆိုင်နေရသည်။

အဆိုပါစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနေရသည့် နိုင်ငံအနေဖြင့် ပါကစ္စတန်၏ စွမ်းအင်ဇာတ်လမ်းသည် အခြားနိုင်ငံများအတွက် သတိထားစရာဇာတ်လမ်းတပုဒ် ဖြစ်နေသည်။ ကျယ်ကျယ်ပြန့်ပြန့် စီမံကိန်းရေးဆွဲ ခြင်းနှင့် မူဝါဒ ပြုပြင်ပြောင်းလဲခြင်းမရှိဘဲ နေရောင်ခြည်သုံးစွဲခြင်း၏ ရေတိုအကျိုးအမြတ်များသည် ရေရှည်တွင် ကုန်ကျ စရိတ်များ ပိုမို များပြားစေနိုင်ပြီး တိုင်းပြည်ကို ပိုမိုနက်ရှိုင်းသော ဘဏ္ဍာရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အကျပ်အတည်းထဲသို့ ကျဆင်းသွားစေနိုင်သည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *