(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၂၄
MNDAA ခေါင်းဆောင်ကို အကျယ်ချုပ်ချထားတဲ့ တရုတ်အစိုးရ
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ကိုးကန့်နယ်က MNDAA လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ထိပ်ဆုံးခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို မြန်မာနိုင်ငံထဲက ကိုးကန့်နယ်ထဲ တရုတ်နိုင်ငံ အစိုးရကပြန်လာခွင့် မပေးတဲ့ အဖြစ်အပျက်က နိုဝင်ဘာလလယ်မှာ သတင်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။
အခုလို ထွက်ပေါ်လာတဲ့ သတင်းနဲ့ ပတ်သက်လို့ သတင်းဌာနတွေ တခုနဲ့တခု မတူကွဲပြားတဲ့ဖေါ်ပြချက်တွေ ဖေါ်ပြနေကြတာတွေ့ရပါတယ်။ အချို့သတင်းဌာနက ဖမ်းဆီးထားတယ်လို့ ရေးသားကြသလို အချို့က တော့ ဖမ်းဆီးတာမဟုတ်ကြောင်း ကိုးကန့်နယ်ကို ပေးမပြန်တာဆိုတဲ့ သဘောမျိုးရေးသားတာလည်း တွေ့ရပါတယ်။ တချို့သတင်းဌာနတော့ အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားပြီး လားရှိုးကနေ တပ်ပြန်ဆုတ်ဖို့ ဖိအားပေးတယ်လို့ လည်းရေးသား ထားကြတာ တွေ့ရပါတယ်။
ဒီသတင်းဟာ တရုတ်နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအဖို့ အံ့အားသင့်စရာ၊ တုန်လှုပ်စရာ နဲ့ တရုတ်နိုင်ငံရဲ့ အာဏာအသုံးချမှုနဲ့ ပတ်သက်လို့ သတိကြီးစွာထားရမယ့် အနေအထားလို့ ရှုမြင်ကြလိမ့်မှာ အသေအချာပင် ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဖိအားပေးမှုတွေ လုပ်နိုင်တယ်ဆိုတယ် အချက်ကို မြောက်ပိုင်းနဲ့ အရှေ့မြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးက နားလည်ထားကြပြီးဖြစ်ပေမယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူကို ဖမ်းဆီးတာ ဒါမှမဟုတ် အကျယ်ချုပ်ချတာ လောက်ထိ ပါဝါကို အသုံးချလိမ့်မယ်လို့ မျှော်လင့်မထားကြပါဘူး။ ဒါကြောင့်လည်း ကိုးကန့်ခေါင်းဆောင် ဖြစ်သူ ဖုန်တာရွှင် အနေနဲ့ သူ့ရဲ့ ကွယ်လွန်သွားတဲ့ ဖခင် ဖုန်ကျားရှင်ပိုင်ဟိုတယ်ရှိတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို သွားရောက်ခဲ့ဖွယ်ရှိပါတယ်။
ကိုးကန့်ခေါင်းဆောင်တွေ အနေနဲ့ တရုတ်နိုင်ငံက ၄င်းတို့ရဲ့ ဒုတိယအိမ်သဖွယ် သဘောထားကြတဲ့ အနေအထားလို့လည်း ကောက်ချက်ချမယ်ဆို ချနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အတွင်းပိုင်းဒေသတွေ၊ အစိုးရထက် တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုပိုများခဲ့သလို တရုတ်နိုင်ငံအပေါ် မှီခိုမှုနဲ့ အတူ တရုတ်နိုင်ငံရဲ့ သြဇာ၊ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်တွေကို အလေးထားခဲ့ကြရတာ ဖြစ်ပါတယ်။ ယမန်နှစ်ကုန် ၁၀၂၇ စစ်ဆင်ရေးတွေ စတင်ချိန် နယ်မြေသိမ်းယူမှုအောင်မြင်မှုတွေ ရလာချိန်ထိ တရုတ်နိုင်ငံနဲ့ ပြဿနာ မရှိသေးပေမယ့် ဒုတိယအကျော့ စစ်ဆင်ရေးတွေ စတင်လာချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ဖြစ်စေချင်တဲ့ လမ်းကြောင်းနဲ့ ကွဲလွဲလာခဲ့တာ ဖြစ်ပါတယ်။
အခုလို ဖြစ်ရပ်က တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကို သက်သေထူလိုက်တဲ့ အဖြစ်အပျက်တခု ဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ မျက်မှောက်ကာလ ဖြစ်ရပ်တွေ မတိုင်ခင် ယခင်ဆယ်စုနှစ်များစွာ ကတည်းက မြန်မာနိုင်ငံအရေးမှာ ပါဝင်ပတ်သက်နေခဲ့ပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ကွန်မြူနစ်ပါတီ (ဗမာပြည်) အနေနဲ့ ဖဆပလ အစိုးရ၊ မဆလ အစိုးရ တို့ကို ယှဥ်ပြိုင်တိုက်ခိုက်ခဲ့တဲ့ကာလတွေကတည်းက တရုတ်နိုင်ငံက ကွန်မြူနစ်ပါတီ (ဗမာပြည်) ကို လက်နက် နိုင်ငံရေး ရပ်တည်ချက်၊ ငွေကြေးနဲ့ ကျွမ်းကျင်သူတွေ ကူညီခဲ့တာဖြစ်ပြီး မဆလခေတ်နှောင်းပိုင်း တရုတ်နိုင်ငံ ခေါင်းဆောင် မော်စီတုန်းကွယ်လွန်ပြီးနောက် နိုင်ငံတကာ မူဝါဒပြောင်းလဲကာ ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ခံမှုရပ်စဲခဲ့တာဖြစ်ပါတယ်။ ဒီကာလဟာ မြန်မာနိုင်ငံအပေါ် တရုတ်အစိုးရရဲ့ မူဝါဒ အကွေ့အပြောင်းလို့ ဆိုရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ တရုတ်အစိုးရဟာ မြန်မာနဲ့ စီးပွားရေးအရ ဆက်ဆံရေးကို အဓိကထားခဲ့ပြီး အုပ်ချုပ်တဲ့ စစ်အစိုးရတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး၊ နိုင်ငံတကာအလယ်မှာလည်း သံတမန်ရေးအရ အကာအကွယ် ပေးခဲ့တာ ဖြစ်ပါတယ်။
၂၀၁၁ ကနေ ၂၀၂၁ ခုနှစ်ထိ ကာလတွေမှာတော့ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်နိမိတ် တလျှောက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပေါ် သြဇာရှိဖို့ရာ အတွက် လျှို့ဝှက်တဲ့ဆက်ဆံရေး မြန်မာနိုင်ငံရေးမှာ တစုံတရာသြဇာသက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ တဖက်မှာလည်း ၂၀၁၀၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ စီမံကိန်းတွေ၊ သဘောတူညီမှုတွေ အများအပြား ရေးထိုးလုပ်ဆောင်ခဲ့တာပါ။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်မှာတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ သဘောထား၊ မူဝါဒကို ပြန်လည်သုံးသပ်ခဲ့ပြီး အကွာအဝေးတခုကနေ ဆက်ဆံခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ကလည်း တရုတ်နိုင်ငံအစား ရုရှားကို ပိုမိုအားကိုးလိုတဲ့ လက္ခဏာထင်ထင်ရှားရှား ပြသနေခဲ့တာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာတော့ တရုတ်နိုင်ငံရဲ့ မူဝါဒ ၊ ချဥ်းကပ်ပုံပြောင်းလဲခဲ့ပြီး စစ်တပ်အနေနဲ့ လုံးလုံးစစ်ရှုံးလို့ မဖြစ်ဘူးဆိုတဲ့ အင်အားချိန်ခွင်လျှာညှိဖို့ တရုတ်အစိုးရအနေနဲ့ စစ်တပ်ဘက်ကို ရပ်တည်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီအခါမှာ အစဥ်အဆက် တရုတ်အစိုးရရဲ့ ပြောဆိုတာကို နားထောင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ စစ်ရေးအရ အောင်မြင်မှုတွေ သိသိသာသာရခဲ့ပြီး တရုတ်နိုင်ငံရဲ့ သဘောထား ရပ်တည်ချက်နဲ့ ဆန့်ကျင်ကာ လုပ်ဆောင်လာကြတာ တွေ့ရပါတော့တယ်။
ဒီအနေအထားကနေ နယ်စပ်ကုန်သွယ်မှု ဂိတ်တွေပိတ်တာ၊ အဝင်အထွက် ကန့်သတ်တာတွေ လုပ်ဆောင်လာပြီး အခုနောက်ဆုံး ကိုးကန့် လက်နက်ကိုင် အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်သူကို အကျယ်ချုပ်ချတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
ပြည်ပနိုင်ငံတွေက မြန်မာပြည်တွင်းရေးကို နည်းမျိုးစုံနဲ့ ဝင်ရောက်စွက်ဖက်ပြီး သူတို့နိုင်ငံတွေ၏ အကျိုးစီးပွားနဲ့ စစ်ကောင်စီ၏ အကျိုးစီးပွားတွေအတွက် ဆောင်ရွက်လာတာမျိုးတွေကို ပြည်တွင်း တော်လှန်ရေးအင်အားစုတွေက တစုတစည်းတည်းသဘောထားဖြစ်စေ၊ အစုအဖွဲ့အလိုက် တုန့်ပြန်ချက်ကို ထုတ်ပြန်ကြမလားဆိုတာ စောင့်ကြည့်ရမယ့် မေးခွန်းဖြစ်ပါတယ်။ လက်ရှိမှာ MNDAA ကိုယ်တိုင်က အတိအကျ မထုတ်ပြန် အတည်မပြုသေးတာမို့ ကာယကံရှင်သဘောထားကလည်း အရေးပါတာကို လက်ခံရပါမယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar