(မိုးမခ) နိုဝင်ဘာ ၁၈ ၊ ၂၀၂၄
နှင်းတွေ ဖျစ်ဖျစ်မြည်ကျလာရင် ပျော်ရ
လျှပ်စစ်မီးညွန့်လေး အိမ်တံခါးလာခေါက်ချိန် ပျော်ရ
အသက်ရှူပေါက်လေး ပါးလျလျရှိရင်ပဲ ကျေနပ်ရ
မျက်ရည်ဟာ သူစိမ်းတရံတွေအတွက် ကျရတယ်
ကိုယ့်ချစ်သူတွေအတွက် ကျရတယ်
လူတချို့အတွက်လည်း နာကြည်းချက်နဲ့ ကျရတယ်
နှစ် ၂၀ လောက်
နောက်ပြန်ကွေ့သွားတဲ့ မြစ်မှာ
တိမ်တွေမော့ကြည့်ပြီး
ပျော်နေရတဲ့ သားလောင်းတွေလို
အမျှားခံရတော့မယ့်
အသွေးအသားတွေအတွက် ကူးခတ်လို့
ကိုယ့်တန်ဖိုးထားမှုမှန်သမျှကို
မတန်တဆ ညှစ်ထုတ်ခံနေရတာ
မိမိတို့ ရသင့်တဲ့ ချစ်မေတ္တာကို
တောင်းပန်ခယ ရှာဖွေနေရတာ
မိမိတို့ ဒုက္ခကို
လှလှပပ ပြန်ကန်သွင်းခံရပြီး
ချွတ်ချော်မှုတိုင်းကို အောင်ပွဲခံရတာ
အကန့်အသတ်/စွက်ဖက်ခံ
ပုဂ္ဂလိကနေထိုင်မှု ပုံစံအသစ်လား
ပေးသလောက်ရတဲ့ အဓိပ္ပာယ်မရှိမှုထဲ
ကိုယ့်အခွင့်အရေး ဆိုတာကို ထည့်စွက်မှုဟာ
ပြန်မရောက်တော့တဲ့
အပြီးတိုင်ဆုံးရှုံးမှုရဲ့ အစပဲ
ဒီအမှားကြီးမှာ
မျိုးတုံးသတ္တဝါလို
ကိုယ့်ကိုယ်ကိုယ် ပြန်ရှာရတာကိုက
လွတ်လပ်မှုအနားစွန်းလေးကို
ရှုမှတ်နေရတဲ့ တရားပဲပေါ့။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar