နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံမြို့အနီး တော်လှန်ရေးအင်အားစုလှုပ်ရှားသည့် ကျေးရွာများကို နိုဝင်ဘာ ၁၁ ရက်နေ့မှစကာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် သီတင်းတစ်ပတ်ကြာ တိုက်ပွဲများပြင်းထန်နေကြောင်း စုံစမ်းသိရှိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံ ခရိုင်တပ်ရင်းများက မြင်းခြံမြို့ကို မြို့အရှေ့တောင်ဘက် ကူရွာ၊ ကွမ်းစိုက်၊ ချေဆေး စသောကျေးရွာများအနီးမှ ဝိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ရေးဗျူဟာကျသည့် မြင်းခြံ-တောင်သာ-မလှိုင်-မိတ္ထီလာလမ်းကို ကြားဖြတ်ပိတ်ဆို့ထားခဲ့သည်။
လက်နက်ကိုင် အင်အားရာဂဏန်းရှိသည့် ထိုစစ်ကြောင်းတွင် စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များ ပါဝင်သည်ဟု သိရသည်။
သီတင်းပတ်တစ်ခုကြာပြီဖြစ်သည့် အဆိုပါတိုက်ပွဲများအတွင်း နိုဝင်ဘာ ၁၄ ရက်မှအပ တိုက်ပွဲပြင်းထန် ခဲ့ကြောင်း၊ ယနေ့ (နိုဝင်ဘာ ၁၈) တွင် စစ်ကောင်စီတပ်က ချေဆေးကျေးရွာအနီး တပ်စွဲနေသလို လေကြောင်းမှလည်း ပစ်ခတ်တိုက်ခိုက်နေကြောင်း မြင်းခြံခရိုင် PDF အမှတ် (၉) တပ်ရင်းမှ တာဝန်ရှိသူ ဗိုလ်မိုက်ခဲက ပြောသည်။
စစ်တပ်ဘက်က မြေပြင်နှင့် ဝေဟင်ပူးပေါင်းစစ်ကြောင်းထိုးလာသလို တော်လှန်ရေးတပ်များဘက်က ခဲယမ်းမီးကျောက်အားနည်းခြင်းကြောင့် တပ်ပြန်ဆုတ်ခွာရမှုရှိကြောင်း ၎င်းက ဆက်ပြောသည်။
“အဓိကကတော့ ပထမခံစစ် ဆုတ်ပေးရတယ်။ ဒုတိယခံစစ်လည်း အနည်းငယ်ဆုတ်ပေးရတဲ့ အနေအထားတစ်ခုမှာ ကျွန်တော်တို့ဘက်က စိတ်ဓါတ်ပျက်ပြားမှုမရှိဘူး။ စစ်ရေးနိမ့်ကျလို့မဟုတ်ဘူး။ ခဲယမ်းတွေ ပြတ်တောက်နေလို့ ကျွန်တော်တို့ဘက်က ဆုတ်ခွာပေးရတဲ့အနေအထားတစ်ခုပေါ့” ဟု ၎င်းက ပြောသည်။
ထိုတိုက်ပွဲအတွင်း နှစ်ဖက်စလုံးထိခိုက်ဒဏ်ရာရမှုများရှိကြောင်း မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်းက နိုဝင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်ထားပြီး နောက်ဆုံးအခြေအနေ ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ် ကို မသိရသေးကြောင်း ဗိုလ်မိုက်ခဲက ဆိုသည်။
စစ်ကောင်စီတပ်စစ်ကြောင်းတွင် ခြေမြန်တပ်မ ၉၉ လက်အောက်ခံ မြင်းခြံမြို့ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၁၅၊ ပျူစောထီး ခေါင်းဆောင် ဒေါ်သီတာယုမွန်နှင့် မြင်းခြံ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ပျူစောထီး အခြားပူးပေါင်းအဖွဲ့များဖြစ်ကြောင်း ကာကွယ်ရေး တပ်ဖွဲ့နှင့် နီးစပ်သည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့ဘက်က လေယာဉ်ပစ်ကူရော၊ MI35 ပစ်ကူရော၊ လက်နက်ကြီးရော၊ ဒရုန်းရောဆိုတော့ ကာကွယ်ရေးအဖွဲ့တွေက ဆုတ်ပေးရတာပေါ့ဗျာ။ ခဲယမ်းလက်နက်လိုအပ်ချက်တွေလည်းရှိတော့ ဆုတ်ပေးရတာပေါ့” ဟု ၎င်းက ပြောသည်။
“တိုက်ပွဲက ဆက်ဖြစ်မလားဆိုတာတော့ပြောမရသေးဘူး။ စစ်တပ်က ဆက်တိုးရင် ကာကွယ်ရေးအဖွဲ့တွေကလည်း တတ်နိုင်သလောက် တိုက်မှာပဲ”
စစ်ကြောင်းထိုးလာမှုကြောင့် ကူရွာ၊ ချေဆေး၊ ကွမ်းစိုက်ကျေးရွာမှ ထောင်နှင့်ချီသည့် ဒေသခံများလည်း စစ်ရှောင်နေကြရသည်ဟု သိရသည်။
စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်စာမျက်နှာများတွင် ကူရွာနှင့် ကွမ်းစိုက်ရွာအနီး ခြေကုပ်ယူလှုပ်ရှားသည့် တော်လှန်ရေးတပ်များ၏ ခံကတုတ်နှင့် အခြေစိုက်စခန်းများကို စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းတပ်များက ရှင်းလင်းခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
မြင်းခြံခရိုင်သည် လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းသည့် ဒေသများဖြစ်ပြီး စစ်တပ်က မြေပြင် စစ်ကြောင်းသာမက လေကြောင်းမှ မကြာခဏတိုက်ခိုက်နေသည်။ စက်တင်ဘာလကုန်က မြင်းခြံမြို့နယ်၊ ချေဆေးရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
လူဦးရေ ၇၅၀,၀၀၀ ခန့် နေထိုင်သည့် ဧရာဝတီမြစ် အရှေ့ဘက်ကမ်း သုံးပွင့်ဆိုင်ရှိနေသည့် အဆိုပါ ၃ မြို့နယ်တွင် “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး MDSO” ဖော်ဆောင်ခဲ့ပြီးနောက်တွင် စစ်တပ်က စစ်စခန်းများစွာ ဆုံးရှုံးခဲ့ရသည်။
မြင်းခြံခရိုင်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF ခရိုင်တပ်ရင်း ၉ ခု ရှိနေပြီး ဒေသကာကွယ်ရေးအဖွဲ့ ဒါဇင်နှင့်ချီ လှုပ်ရှားနေသည်။
မန္တလေးတိုင်းအတွင်း မြင်းခြံခရိုင်သာမက မတ္တရာနယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် ကလည်း လေကြောင်း၊ ရေကြောင်းပစ်ကူများပါ အသုံးပြုနေသည်။